မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးဖို့ ရှေ့ပြေးအသံအဖွဲ့ တောင်းဆို

15 October 2023

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးဖို့ ရှေ့ပြေးအသံအဖွဲ့ တောင်းဆို

နေပြည်တော်တွင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်လက်နက်ပစ္စည်းများ။

စစ်ကောင်စီ လက်ထဲကို လက်နက်တွေ အဆက်မပြတ် ရောက်ရှိနေတာဟာ အကြမ်းဖက်မှုတွေကို ပိုမိုဆိုးရွားစေပြီး ပြည်သူတွေ ဆင်းရဲဒုက္ခတွေ ပိုများစေတာကြောင့် ဒီလိုလက်နက်တွေ မရောက်အောင် နိုင်ငံတကာအနေနဲ့ တားဆီးပေးဖို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က တောင်းဆိုလိုက်တာပါ။

နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့လိုတယ်လို့လည်း ရှေ့ပြေးအသံအဖွဲ့က အောက်တိုဘာ ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ လက်နက်တွေ အဆက်မပြတ်ရနေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရမှုများနေတာလို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီကို မဖြစ်မနေ နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ လိုနေတာကြောင့် တောင်းဆိုတာလို့ ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ မခင်ဥမ္မာက ပြောပါတယ်။

“အထူးသဖြင့် ကလေးသူငယ်တွေအပေါ်မှာ ပစ်မှတ်ထားပြီး အကြမ်းဖက်ကျူးလွန်မှုတွေနဲ့ သတ်ဖြတ်မှုတွေ လုပ်တယ်ဆိုတာ လူ့သမိုင်းမှာ ဘယ်လိုမှ လက်ခံလို့ကိုမရပါဘူး။ မြန်မာအကြမ်းဖက်စစ်အုပ်စုက သူတို့မှာ နောက်ပြန်လှည့်စရာလမ်းကို မရှိတော့ပါဘူး။ နိုင်ငံတကာဥပဒေနဲ့ အရေးယူတာက မရောက်လို့ကို မရတဲ့ အခြေအနေဖြစ်သွားပြီ”

စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ ဆရာမတစ်ဦးနဲ့ ကလေး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တာအပါအဝင် ကယားပြည်နယ် ဖရူဆိုမြို့မှာလည်း အောက်တိုဘာ ၇ ရက်နေ့က အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့တာတွေကို ထောက်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၃ အောက်တိုဘာ ၅ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကလေး ငါးရာနီးပါး (၄၉၁ ဦး) သေဆုံးပြီး ကျောင်းပေါင်း တစ်ရာကျော် (၁၁၉ ကျောင်း) ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောထားပါတယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း ရှေ့ပြေးအသံအဖွဲ့က ပြောထားပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများအား ၂၀၂၃ အောက်တိုဘာ ၁၀ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (Photo : AFP)

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လက်နက်ပိတ်ဆို့တဲ့ အရေးယူအပြစ်ပေးတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး လက်နက်ပိတ်ဆို့တဲ့ အရေးယူအပြစ်ပေးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့လိုအပ်ပါတယ်၊ လုံခြုံရေးကောင်စီကလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ်၊ ဒါကို စစ်ကောင်စီက မလိုက်နာပါဘူး။ မလိုက်နာတာကြောင့် လုံခြုံရေးကောင်စီကလည်း စစ်ကောင်စီကို အရေးယူအပြစ်ပေးဖို့လိုအပ်ပါတယ်၊ အကြမ်းဖက်မှုတွေလုပ်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေ၊ လေကြောင်းကတိုက်နေတာတွေရပ်ဖို့အတွက် လေယာဉ်ဆီတွေ ပိတ်ဆို့တာတွေ လုပ်ဖို့လိုအပ်ပါတယ်”

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antoni Guterres ထံကို အစီရင်ခံစာတင်ခဲ့ရာမှာ စစ်ကောင်စီကို လက်နက်တင်ပိုမှု ပိတ်ပင်ရေး ချမှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုထားပါတယ်။

ရှေ့ပြေးအသံအဖွဲ့အနေနဲ့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီကို လက်နက်ပိတ်ဆို့တဲ့ အရေးယူအပြစ်ပေးတဲ့ ဆုံးဖြတ်ချက်ချမှတ်လာအောင် ကြိုးစားနေတယ်လို့ မခင်ဥမ္မာက ပြောပါတယ်။

စစ်ကောင်စီကို လက်နက်ရောင်းချမှုပိတ်ဖို့ အရေးယူနိုင်ရေးတောင်းဆိုနေတာအပါအဝင် ကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက စစ်ကောင်စီကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချနေတဲ့နိုင်ငံတွေကို ရှေ့ပြေးအသံအဖွဲ့က အဓိကထောက်ပြထားတာပါ။

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီသုံးခုက စစ်ကောင်စီကို လက်နက်တွေရောင်းခဲ့တယ်ဆိုပြီး စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားတာတွေ ရှိနေတာကို ‌ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်နဲ့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) အဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီသုံးခုကို စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားတဲ့ ကိစ္စကို ထောက်ပြထားတာပါ။

အဲဒီတိုင်ကြားစာကို ရှေ့ပြေးအသံအဖွဲ့အပါအဝင် နိုင်ငံတကာမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၄ ဖွဲ့ကလည်း ထောက်ခံကြောင်းနဲ့ လူ့အခွင့်အရေးတရားရုံးမှာပါ အမှုဖွင့်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံကို တောင်းဆိုထားကြောင်းလည်း မခင်ဥမ္မာက ပြောပါတယ်။

“ကျမတို့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ကွန်ရက်အကြီးကြီး ၂၄ ဖွဲ့ကနေပြီးတော့ ထပ်ပြီး သူတို့သုံးဖွဲ့တင်ထားတာကို ထောက်ခံကြောင်းနဲ့ အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးပေးဖို့နဲ့ လူ့အခွင့်အရေးတရားရုံးကိုပါ အမှုဖွင့်ပေးဖို့ကိုပါ ထပ်ပြီးတောင်းဆိုထားတာဖြစ်ပါတယ်။”

ဒီကိစ္စကိုတော့ တိုင်ကြားခံရတဲ့ အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းသုံးခုလုံးက စစ်ကောင်စီကို လက်နက်ရောင်းချတာမရှိကြောင်း အောက်တိုဘာ ၃ ရက်နေ့က ငြင်းထားပါတယ်။

ဒါ့အပြင် စင်ကာပူ ကုမ္ပဏီက စစ်ကောင်စီ ရေတပ်ကို ဆိုနာ အသံလှိုင်းသုံး ရှာဖွေရေးစနစ်တစ်ခုနဲ့ စစ်တမ်းကောက်ယူရေး ဒရုန်းတွေ တရားမဝင်ရောင်းချခဲ့တဲ့ကိစ္စကိုလည်း ထောက်ပြထားပါတယ်။
အဲဒီလို ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံသားနှစ်ဦးကိုတော့ စင်ကာပူတရားရုံးက ဒဏ်ငွေတွေ အသီးသီးချခဲ့ပါတယ်။

စင်ကာပူအခြေစိုက် Hydronav ကုမ္ပဏီ ဒါရိုက်တာ Wui Ong Chuan ကို စင်ကာပူဒေါ်လာ လေးသောင်းခွဲနဲ့ အရောင်းမန်နေဂျာ Poiter Agus Kentjana ကိုလည်း စင်ကာပူဒေါ်လာ သုံးသောင်းခွဲဆီ ငွေဒဏ်တွေပေးဆောင်ဖို့ တရားရုံးက အမိန့်ချထားပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ ပြီးခဲ့တဲ့ မေလကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စင်ကာပူနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ လက်နက်တွေနဲ့ ထိုင်းနိုင်ငံကနေ အမေရိကန် ဒေါ်လာ ၂၇ သန်းကျော် တန်းဖိုးရှိ စစ်လက်နက်တွေ တင်ပို့ခဲ့တာတွေကို ထောက်ပြထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia