နှစ်နှစ်ကျော်လာတဲ့ ထားဝယ်မြို့က နှင်းဆီရောင်အမျိုးသမီးသပိတ်

20 September 2023

RFA Burmese | 2023.09.20

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြစဉ်။ Photo: Rosy Women’s Union – Dawei

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီကို  အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေတဲ့ နှင်းဆီရောင် အမျိုးသမီးသပိတ်ဆိုတာ ရှိနေပါတယ်။ ဒီသပိတ်ကို ဦးဆောင်နေတဲ့သူတွေ က  ငယ်ရွယ်နုပျိုတဲ့ ခေတ်ပညာတတ် အမျိုးသမီးတွေပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂကို စတင်ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြလာ ခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပါပြီ။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထဲမှာ စစ်ကောင်စီ ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အင်အားစု ၁၁ စုရှိပြီး ဒီအထဲမှာ နှင်းဆီရောင်အမျိုးသမီး သမဂ္ဂကလည်း အင်အားစုတစ်စုအဖြစ် ပါဝင်ပါတယ်။

“အမျိုးသမီးအနေနဲ့ ရှောင်ရတာတွေ၊ လုံခြုံရေးတွေ၊ သွားရလာရတာတွေအစ ပြောရမယ်ဆိုရင် အမျိုးသားတွေထက်စာရင်တော့ ခက်ခဲတယ်ပေါ့နော်”

ဒီအဖွဲ့မှာပါတဲ့သူတွေကို အမျိုးသမီးဖြစ်လို့ မိဘတွေကစိုးရိမ်ပြီး သဘောမကျတာတွေ ရှိသလို၊ အမျိုးသားတွေထက် ပိုအခက်အခဲရှိတယ်လို့ စည်းရုံးရေး တာဝန်ယူထားတဲ့ ထားဝယ် နှင်းဆီရောင် အမျိုးသမီးသမဂ္ဂရဲ့ အဖွဲ့ဝင် မဂျူလီက ပြောပါတယ်။

“အမျိုးသမီးဖြစ်နေတော့ ဒီလှုပ်ရှားမှုတွေ လုပ်တာကို အိမ်ကနေလည်း သိပ်သဘောမကျဘူး။ အိမ်နဲ့ အဆင်မပြေတွေ ဖြစ်ရတယ်။ ပြီးတဲ့အခါကျရင် လုံခြုံရေးပေါ့နော်။ သွားတာလာတာ၊ လုံခြုံရေး ၊ နေထိုင် ရတာတွေက အစ အမျိုးသမီးဖြစ်နေတော့ အမျိုးသားတွေနဲ့ မတူဘူးပေါ့နော်။ အမျိုးသမီးအနေနဲ့ ရှောင်ရတာတွေ၊ လုံခြုံရေးတွေ၊ သွားရလာရတာတွေအစ ပြောရမယ်ဆိုရင် အမျိုးသားတွေထက် စာရင်တော့ ခက်ခဲတယ်ပေါ့နော်”

အခု စက်တင်ဘာလ ပထမပတ်ထဲမှာ နှင်းဆီရောင်အမျိုးသမီးသပိတ်ဆန္ဒပြပွဲမှာပါခဲ့တဲ့ အသက် ၃၀ ဝန်းကျင် မနုကို ထားဝယ်ထောင်တွင်းတရာရုံးကနေ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်တယ်လို့ နှင်းဆီရောင် အမျိုးသမီးသပိတ်အဖွဲ့ဝင် ရဲဘော်ခရုက ပြောပါတယ်။

“သူက သပိတ်ကနေ အပြန်ပဲ  မိန်းကလေး နှစ်ယောက်ပေါ့နော်။ သပိတ်ကကျတော့ ဒီအောက်ဘက်မှာဆိုတော့ လောင်းလုံးကနေပြီးတော့ သူတို့ ဆင်းလာပြီးတော့  သပိတ်ပြီးလို့ ပြန်တဲ့အချိန်မှာ လောင်းလုံးမြို့ပေါ်မှာပဲ သူတို့ စစ်ခံရတာပေါ့နော်။ အဲအချိန်မှာ တစ်ယောက်က ကျတော့ သူက ဖုန်းပါလာလို့ မေးတဲ့ အချိန်မှာ မပါဘူးပေါ့ နော်။ နောက်တစ်ယောက်က ကျတော့ ဖုန်းပါတယ်လို့ ပြောတော့ ဖုန်းကို စစ်တဲ့ အချိန်မှာ တချို့ဒေတာတွေ တွေ့ပြီးတော့ ဖမ်းခေါ်သွားတာပေါ့။ တစ်ယောက်ကကျ တော့ အာမခံပေးမှုနဲ့ လွတ်လာပြီးတော့ နောက် တစ်ယောက်ကကျတော့ အခု ထောင်ကျသွားပြီပေါ့နော်။ အဲဒီအချိန်မှာ သူက ညီမတို့ သပိတ်က ဆိုတော့ သပိတ်က လူ တော်တော်များများလည်း ရှောင်လိုက်ရတာပေါ့နော်”

ထောင်ချခံလိုက်ရတဲ့ မနုမှာ သမီးနှစ်ယောက် ရှိတယ်လို့ ပြောပါတယ်။

 

နှင်းဆီရောင် အမျိုးသမီးသပိတ်လှုပ်ရှားမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က အမျိုးသမီး အင်အား နှစ်ရာဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အင်အား တစ်ထောင်နီးပါးအထိ အားကောင်းခဲ့တယ်လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ် မတ်လမှာတော့ စစ်ကောင်စီတပ်တွေက လောင်းလုံးမြို့နယ်နဲ့ အောက်ရေဖြူဘက်တွေကို စစ်ကြောင်းထိုးလို့ သပိတ်အင်အားတွေ လျော့နည်းသွားပါတယ်။

ဒါပေမဲ့ သပိတ်ကော်မတီ နှစ်နှစ်ပြည့်နေ့၊ အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ စတဲ့ အထိမ်းအမှတ်ရက်တွေမှာတော့ အမျိုးသမီးတွေက အင်အား သုံးရာဝန်းကျင်အထိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြတယ်လို့ ပြောပါတယ်။

ဒီလိုအမျိုးသမီးတွေဦးဆောင်ဆန္ဒပြတာကို တွေ့မြင်ရတာ ကျေနပ်ဂုဏ်ယူမိတယ်လို့ ထားဝယ်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“အရမ်းပီတိတော့ ဖြစ်မိပါတယ်ရှင့်။ ဘယ်လိုလဲဆိုတာ့ အမျိုးသမီးတွေက လူထုထဲ ရှေ့ထွက်ပြီးတော့ တော်လှန်ကြတာ ဆိုတော့လေ။ အရမ်းပျော်မိပါတယ်။ သူတို့အတွက် လည်း ဂုဏ်ယူမိပါတယ်။ နောက်မျိုးဆက်အတွက်လည်း ဂုဏ်ယူမိတယ်။ ပြည်သူ တစ်ယောက်အနေနဲ့တော့ နှင်းဆီရောင် အမျိုးသမီးလှုပ်ရှားမှုကို အစဉ်အမြဲဂုဏ်ယူ တယ်”

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့် လူထုသပိတ်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြစဉ်။ (Photo: Rosy Women's Union - Dawei)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့် လူထုသပိတ်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြစဉ်။ (Photo: Rosy Women’s Union – Dawei)

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကလည်း နှင်းဆီရောင် အမျိုးသမီးသပိတ် လှုပ်ရှားမှုကို အားပေးထောက်ခံသွားမှာဖြစ်ပြီး စစ်ကောင်စီကတော့ သူတို့ကို ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ်နေတယ်လို့ ပြောပါတယ်။

“အာဏာသိမ်းစစ်တပ်ကတော့  သူတို့ ဖိနှိပ်တဲ့အခါမှာတော့ဗျာ အမျိုးသမီး၊ အမျိုးသား ဆိုတာထက် သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ လူမှန်သမျှကို ဖိနှိပ်တာမျိုး လုပ်တာပေါ့ ဗျာ။ ဒါပေမဲ့ အဲဒီထဲမှာ အမျိုးသမီးတွေ များများစားစား ပါဝင်နေတာပေါ့ဗျာ။ သူတို့ ဘက်ကနေ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ဟာကို သူတို့ဘက်ကနေ အပြစ်ရှိတယ်လို့ ယူဆချင်ယူဆမှာပေါ့”

အာဏာရှင်စနစ် ဆန့်ကျင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို မြှင့်တင်ဖို့၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ပပျောက်ဖို့၊ ကျားမတန်းတူအခွင့်အရေး ရရှိဖို့နဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ နှင်းဆီရောင် အမျိုးသမီးအဖွဲ့တွေက ပြောကြပါတယ်။

ဒါကြောင့် အမျိုးသမီးအရေးတွေကို ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ မဂျူလီက ပြောပါ တယ်။

“ကျွန်မအနေနဲ့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်လက်လှမ်းမီသလောက် ပြန်ပြီးတော့ နှင်းဆီရောင် အမျိုးသမီး သမဂ္ဂနဲ့ လက်တွဲပြီးတော့ မျှဝေချင်တယ်။ ကျွန်မတို့ အမျိုးသမီးတွေ  ကိုယ့်ကို ဒီလို လုပ်ရင် အကြမ်းဖက်ရာ ရောက်တယ်။ ဒါကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရာ ရောက်တယ်။ ဒီလိုမျိုးဆိုရင်တော့ ဒါ လူ့အခွင့်အရေး ကို ချိုးဖောက်နေရာ ရောက်တယ်ပေါ့။ ဒါတွေကို ကျွန်မတို့ အမျိုးသမီးတွေ ကိုယ်တိုင် လည်း သိစေချင်တယ်ပေါ့နော်။ ပြီးတော့ ကျွန်မအနေနဲ့ ဒီ အမျိုးသမီး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်ရှင့်”

လက်နက်ကိုင်ထားတဲ့သူတွေက အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတာတွေ ရှိနေပြီး ဒီအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိထိရောက် ရောက် အပြစ်ပေး အရေးယူ ရမယ်လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ နှင်းဆီရောင်သပိတ်အဖွဲ့ဝင် အမျိုးသမီးတချို့ကို အိမ်တွေက သိပ်လက်မခံရဲကြလို့  နေစရာပျောက်လာသလို ရန်ပုံငွေကအစ အခက်အခဲရှိလာပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖိနှိပ်ခံရတာရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ ဒီလို အခြေအနေမှာ နှင်းဆီပန်းလို ရဲရင့်နေတဲ့  နှင်းဆီရောင်အမျိုးသမီးတွေ လည်း ရှိနေပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia