သို့
ဖိုရမ်ကောင်စီ၊ အာရှပစိဖိတ်ဖိုရမ် (APF)
အာရှပစိဖိတ်ဖိုရမ်စီမံကွပ်ကဲရေးကော်မတီ၊ အာရှပစိဖိတ်ဖိုရမ် (APF)
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ ရက်
အကြောင်းအရာ။ ။ ၂၈ ကြိမ်မြောက် အာရှပစိဖိတ်ဖိုရမ်၏ နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ် တစ်ကြိမ်ကျင်းပပြုလုပ်သည့် ညီလာခံသို့ တက်ရောက်ရန် စစ်အုပ်စု၏ လက်အောက်ခံ MNHRC အား ဖိတ်ကြားသည့်ကိစ္စ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၈ ကြိမ်မြောက် အာရှပစိဖိတ်ဖိုရမ် (APF) ၏ နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ် ကျင်းပ ပြုလုပ်သည့် ညီလာခံသို့ တက်ရောက်ရန် မြန်မာစစ်အုပ်စု၏ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) အား APF မှ ဖိတ်ကြားခဲ့သည့်အပေါ် မိမိတို့ လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အတိုကောက် “အလုပ်အဖွဲ့”) အနေဖြင့် ကန့်ကွက်သည်ကို ဤစာရေးသား၍ အသိပေးလိုက်ပါသည်။ APF အနေဖြင့် MNHRC အပေါ် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေး သတ်မှတ်ရေးဆပ်ကော်မတီ (GANHRI-SCA) ၏ အထူးစိစစ်သုံးသပ်မှု ရလဒ် မထွက်ပေါ်ခင်အထိ MNHRC အား လာမည့် ၂၈ ကြိမ်မြောက် APF ၏ နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ညီလာခံသို့ MNHRC အား ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းရန် မိမိတို့မှ အခိုင်အမာ တောင်းဆိုသည်။
မြန်မာနိုင်ငံတဝန်းတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် စစ်အုပ်စုထိန်းချုပ်ထားသည့် MNHRC က အလိုတူအလိုပါ ဖြစ်နေခြင်းကို ထောက်ရှုလျက် MNHRC နှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် လက်တွဲလုပ်ဆောင်ခြင်း မပြုရန်နှင့် MNHRC ကို ဒေသတွင်း လူ့အခွင့်အရေးဌာနများ၏ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရန် သို့မဟုတ် ထုတ်ပယ်ရန် APF နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဖိုရမ် (SEANF) နှစ်ခုစလုံးတို့အား မိမိတို့မှ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း APF သည် MNHRC ၏ ကိုယ်စားလှယ်များနှင့် ပေါ်ပေါ်ထင်ထင် ထပ်မံထိတွေ့ဆက်ဆံနေသည်ကို တွေ့ရသည်။ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများကို ထိန်းကျောင်း ကြပ်မတ်သည့် ပါရီအခြေခံမူများကို စစ်အုပ်စု၏ လက်အောက်ခံ MNHRC က လေးစားလိုက်နာမှု ရှိ၊ မရှိနှင့် ပတ်သက်၍ လာမည့်အောက်တိုဘာလအစည်းအဝေးတွင် အထူးစိစစ်သုံးသပ်မှုတစ်ရပ် စတင်လုပ်ဆောင် သွားရန် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြုလုပ်ခဲ့သည့် နှစ်စဥ်အစည်းအဝေးတွင် GANHRI-SCA က ဆုံးဖြတ်ခဲ့သည်။ APF အနေဖြင့် MNHRC ကို ၂၈ ကြိမ်မြောက် နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ်ပြုလုပ်သည့် ညီလာခံသို့သာမက နောင်တွင်လုပ်ဆောင်မည့် မည်သည့်အခမ်းအနား၊ အစီအစဥ်ကိုမျှ မဖိတ်ကြားရန် မိမိတို့ အခိုင်အမာ တောင်းဆိုသည်။
မြန်မာပြည်သူများက ကြီးမားသည့် အတိဒုက္ခများနှင့် စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကို အံတုနေရသည့်ကြားက ၎င်းတို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့ကို ရဲရင့်ပြတ်သားစွာ ကာကွယ်နေကြချိန်တွင် စစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို နေရာပေးရန် APF ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူများအပေါ် နောက်ထပ်ရာဇဝတ်မှုများ ကျုးလွန်စေရန် စစ်အုပ်စုကို အားပေးအားမြှောက် ပြုနေခြင်းဖြစ်သည်။ ဒေသဆိုင်ရာလူ့အခွင့်အရေးစင်မြင့်များတွင် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးနှင့် လက်ဝေခံ ယန္တရားတစ်ခုအဖြစ် ကြားခံလုပ်ဆောင်နေသော MNHRC ကို ဖိတ်ကြားခြင်းက APF သည် ဒေသတွင်း လူ့အခွင့်အရေးကို မြှင့်တင်၊ ကာကွယ်ရမည့် ၎င်း၏ တာဝန်ဝတ္တရားကို ချိုးဖောက်နေခြင်းဖြစ်သည်။
MNHRC သည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်နေသော စစ်အုပ်စု၏ လုပ်ရပ်များအပေါ် နှုတ်ဆိတ်လာနေခဲ့သည်မှာ ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။ ထိုနှင့်ဆန့်ကျင်စွာပင် MNHRC သည် အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများကို အသက်ချွေနေသည့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်တိုင် စစ်အုပ်စု၏ လုပ်ရပ်များကို “လူသားချင်းစာနာ ထောက်ထားမှု” အဖြစ် တင်စား၍သော်လည်းကောင်း၊ စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို “လမ်းကြောင်းမှန်ပေါ်သို့ ရှေးရှုနေသည့် ကြီးမားသော ခြေလှမ်းတစ်ရပ်” အဖြစ် တင်စား၍သော်လည်းကောင်း စစ်အုပ်စုကို တက်တက်ကြွကြွ ချီးမြှောက်နေခဲ့သည်။ MNHRC သည် စစ်အုပ်စု၏ ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုများကို တက်ကြွစွာ ကာကွယ်ရပ်တည် ပေးနေသည့် မြန်မာစစ်အုပ်စု၏ အသုံးတော်ခံ လက်နက်တစ်ခုသာ ဖြစ်သည်။ မတရားအာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ချိန်မှစ၍ လွန်ခဲ့သော ၃၁ လ ကာလအတွင်းတွင် MNHRC ကို APF ကဲ့သို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက်ဖိတ်ကြား၊ အသိအမှတ်ပြုသောကြောင့် ၎င်းသည် စစ်အုပ်စု၏ အသုံးတော်ခံ ဝါဒဖြန့်ချိရေးပလက်ဖောင်းနှင့် တရားဝင်မှုရရှိရေးအတွက် ပံ့ပိုးပေးနေသည့် ရင်းမြစ်တစ်ခုအဖြစ် သာလုပ်ဆောင်နေခဲ့သည်။ မိမိတို့အလုပ်အဖွဲ့သည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI)၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်း ၅၆ ဖွဲ့တို့နှင့်အတူ APF ထံသို့ စာရေးသား၍ MNHRC ကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရန် သို့မဟုတ် ထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။ MNHRC သည် ပြန်လည်ပြုပြင်၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီး စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေသော လူ့အခွင့်အရေးအမည်ခံ ကော်မရှင်သာဖြစ်သည်။ စစ်အုပ်စု၏ ရာဇဝတ်မှုများကို ကာကွယ်ပေးနေသည့် ဌာနတစ်ခုနှင့် ထိတွေ့ဆက်ဆံခြင်း၊ ထောက်ခံအားပေးခြင်းသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကို မြှင့်တင်၊ ကာကွယ်ရာတွင် အထောက်အကူ မဖြစ်ပေ။ ထို့သို့လုပ်ဆောင်ခြင်းသည် APF အနေဖြင့် ကာကွယ်၊ မြှင့်တင်ပေးရမည့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများနှင့် စံတန်ဖိုးများကို ချိုးဖောက်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အဆိုပါလုပ်ဆောင်မှုသည် APF ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်ကိုးစားနိုင်မှုအပေါ် ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါသည်။ MNHRC သည် ပါရီအခြေခံမူများနှင့် ကိုက်ညီမှုမရှိသဖြင့် APF သည် မူအပေါ် ရပ်တည်ပြီး ၎င်း၏ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၁.၅ (က)–(ခ) နှင့် ၁၂.၁ (က)-(ခ)အရ ၎င်း၏လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံးကာ MNHRC ကို ပြန်လည်စိစစ်ခြင်းနှင့် ထုတ်ပယ်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယခုစာကို ရေးသားနေချိန် အထိတွင် စစ်အုပ်စု၏လက်ချက်ကြောင့် ပြည်သူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၂၄,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ ၂၀,၀၀၀ နီးပါးမှာ အချုပ်အနှောင်ကျနေဆဲဖြစ်ပြီး အနည်ဆုံး လူ ၁၅၀ မှာ သေဒဏ်ချမှတ်ခြင်း ခံထားရသည်။ ထို့အပြင် စစ်အုပ်စုသည် ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများကဲ့သို့သော အရပ်ဘက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ် ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း တရားမဝင်စစ်အုပ်စု၏ စစ်ဆင်ရေးများနှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ပြည်သူပေါင်း ၁.၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဖြစ်သည်။[1] အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စုသည် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁,၄၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး နေအိမ် ၇၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ ရာဇဝတ်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေအရ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ မြောက်သည်။ အဆိုပါ ရာဇဝတ်ကောင်စစ်အုပ်စုသည် ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအတွက် တာဝန်မခံရမချင်း မြန်မာပြည်သူများအပေါ် ၎င်းတို့၏ ရာဇဝတ်ကျူးလွန်မှုများကို ရပ်တန့်လိမ့်မည် မဟုတ်ပေ။
စစ်အုပ်စု၏ရာဇဝတ်မှုများတွင် MNHRC က အလိုတူအလိုပါအဖြစ် ပါဝင်နေခြင်းကို မိမိတို့ နောက်ဆုံးထုတ်ပြန်ထားသည့် “စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် အလိုတူအလိုပါခြင်း” အစီရင်ခံစာ အပါအဝင် ယခင်ဖြန့်ချိပြီးသား ထုတ်ပြန်ချက်နှင့် ပေးစာများတွင် အကြိမ်ကြိမ် ဖော်ပြခဲ့ပြီးဖြစ်သည်။ APF တွင် MNHRC ဆက်လက် ပါဝင်နေခြင်းနှင့် အဖွဲ့ဝင်ဖြစ်နေခြင်းနှင့်ပတ်သက်၍ အရပ်ဘက် လူထုအဖွဲ့အစည်း များ၏ စိုးရိမ်ပူပန်မှုများကို ယခုနှစ် မတ်လတွင် မိမိတို့အလုပ်အဖွဲ့သည် ANNI နှင့်အတူ APF ကိုယ်စားလှယ်များနှင့်သာမက ဂျီနီဗာရှိ ကုလသမဂ္ဂရုံးများနှင့် မစ်ရှစ်အသီးသီးထံမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ဆွေးနွေးတင်ပြခဲ့သည်။
MNHRC အပေါ် GANHRI-SCA ၏ အထူးစိစစ်သုံးသပ်ချက်ရလဒ်ကို စောင့်ဆိုင်းနေသည့်ကာလတွင် GANHRI က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားထားသကဲ့သို့ ပါရီအခြေခံမူများအပေါ် MNHRC က လိုက်နာလေးစားမှု မရှိကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်းများက အထောက်အထားပေါင်းများစွာ တင်ပြထားသည်ကို ထောက်ရှု၍ APF သည် MNHRC ကို ၎င်း၏အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ရေး သို့မဟုတ် ထုတ်ပယ်ရေးကို အရေးပေါ်ကိစ္စ တစ်ရပ်အဖြစ် ကိုင်တွယ်ဆောင်ရွက်ရမည် ဖြစ်သည်။ အဆိုပါ GANHRI-SCA ၏ စိစစ်သုံးသပ်ချက်ရလဒ် မထွက်ပေါ်မီ ကြားကာလယာယီအစီအမံအနေဖြင့် APF သည် လာမည့် ၂၈ ကြိမ်မြောက် နှစ်စဥ်အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တစ်ကြိမ်ပြုလုပ်သောညီလာခံများသို့ MNHRC ကို ဖိတ်ကြားမှုမပြုဘဲ ချန်လှပ်ထားရမည်ဖြစ်သည်။
APF အနေဖြင့် MNHRC ကို APF ၏ အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းပြီး APF နှင့် ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ခြင်းအားဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူ့အခွင့်အရေးကို ကာကွယ်၊ မြှင့်တင်ရမည့် ၎င်း၏ ကတိကဝတ်ရှိမှုကို လေးစားလိုက်နာရန် မိမိတို့မှ ထပ်လောင်းတောင်းဆိုသည်။ APF သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်ကြိုးစားနေသည့် မြန်မာပြည်သူများကို ထောက်ခံအားပေး ရမည်ဖြစ်သည့်အပြင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့်အညီ မူအပေါ်ကို ရွေးချယ်ရပ်တည်ပေးရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)
အလုပ်အဖွဲ့အကြောင်း
လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (“အလုပ်အဖွဲ့) က တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန အသစ် တစ်ခုဖြင့် အစားထိုးတည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခု ဖြစ်ပါသည်။ အလုပ်အဖွဲ့ကို ယခင်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ ဟုလည်းသိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိ ပါသည်။ အလုပ်အဖွဲ့သည် ၎င်း၏ တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင်စစ်အုပ်စု၏ အာဏာ လုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်များဖြစ်သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သောကော်မရှင် ဖြစ်လာစေရန် အတွက် တစိုက်မတ်မတ် လုပ်ဆောင် လာခဲ့သည်။
အီးမေးလ်- [email protected] / Facebook: https://www.facebook.com/WGonNHRIBurma
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.