ကိရိယာ မလုံမလောက်နဲ့ မိုင်းရှင်းနေရတဲ့ ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

02 September 2023

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ) | 2023.09.02

ဖယ်ခုံမြို့နယ်အနီးတွင် စစ်ကောင်စီတပ်ထောင်ခဲ့သည့် မိုင်းများအား KNDF တပ်ဖွဲ့ဝင်များ ၂ဝ၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ရှာဖွေရှင်းလင်းနေစဉ်။ Photo: AFP

အခုမြင်ရတာကတော့ ကယားပြည်နယ်ထဲက တောတောင်တစ်နေရာမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်သားအချို့ဟာ သူတို့မှာ ရှိတဲ့ ပေါက်တူး၊ ပေါက်ပြားလို သာမန် ပစ္စည်းတွေနဲ့ တူးဆွပြီး မိုင်းရှာနေကြတာ ဖြစ်ပါတယ်။

သူတို့ရှာတွေ့တဲ့ မြေမြှုပ်မိုင်းတစ်ခုကို တပ်သားတစ်ဦးက သာမန် အိမ်သုံး ပလာယာ တစ်ခုနဲ့ပဲ၊ ဖြုတ်ပြီး ရှင်းလင်းလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီဒေသမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီး၊ သူတို့ နေရပ်ပြန်ဖို့ကြိုးစားတဲ့အခါမှာ မြန်မာစစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။

KNDF တပ်ဖွဲ့ဝင်တွေဟာ လူအင်အားနဲ့ စက်ပစ္စည်းမလုံလောက်မှုတွေကြားက မြန်မာစစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို ကြိုးစားရှင်းလင်းနေကြတဲ့အကြောင်းကို KNDF တပ်ဖွဲ့က ကိုဆင်ဖြူက  ပြောပါတယ်။

” ဒီ မိုင်းအရေအတွက် တော်တော်များများကို ချထားခဲ့တယ်။ စစ်ကောင်စီက ရိုးရိုးတန်းတန်း ဆုတ်တာ မဟုတ်ဘဲနဲ့ ဗျူဟာကျကျပေါ့။ ကျွန်တော်တို့ တော်တော်လေး ထိခိုက်ဒဏ်ရာရအောင်ပေါ့။ ပြည်သူထူထုတွေ အပါအဝင် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကို ရည်ရွယ်ပြီးတော့ ထောင်ထားခဲ့တယ်။ ရွာတွေမှာလည်း သူတို့ နေအိမ်တွေမှာ ပြန်ပြီး နေလို့ ရအောင် ကျွန်တော်တို့ တပ်အနေနဲ့ မိုင်းရှင်းလင်းရေးကို အဓိက လုပ်နေတယ်။ လူအင်အား အများကြီး သုံးရတဲ့အတွက်၊ ဧရိယာလည်း ကျယ်ပြန့်တဲ့အတွက်ပေါ့၊ မိုင်းရှာစက်တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့အတွက် ပေါက်ပြားတွေ၊ ဓားတွေနဲ့ သုံးပြီး ရှာတာက ပိုပြီး မြန်ဆန်တယ်။”

 

ကိုဆင်ဖြူတို့ အဖွဲ့ဟာ တစ်လကို မိုင်းအရေအတွက် ၆၀ ကနေ ၇၀ အထိ ရှင်းလင်းနေရပြီး၊ ဒီမိုင်းအများစုက ၁၉၅၀ ခုနှစ်တွေက စတင်ထုတ်လုပ်ခဲ့တဲ့ M14 မိုင်းအမျိုးအစားတွေပါ။

ဒီဒေသမှာ ရှိနေတဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့က မြန်မာစစ်တပ်ရဲ့ တပ်တွေ ရွာတွေက ဆုတ်ခွာသွားပြီဆိုတာနဲ့ ချက်ချင်း ရွာမပြန်ကြသေးဘဲ၊ မြေမြှုပ်မိုင်း အန္တရာယ် ရှင်းသွားတဲ့အထိ စောင့်ကြဖို့ KNDF က သတိပေးနေပါတယ်။

KNDF တပ်ဖွဲ့က မိုင်းထောင်တာတွေလည်း ရှိပေမဲ့ စစ်မြေပြင်တွေမှာ ထောင်တာနဲ့ သူတို့ရဲ့ တပ်စခန်းတွေကို ကာကွယ်ဖို့ ထောင်တာမျိုးပဲ ရှိတယ်လို့ ကိုဆင်ဖြူက ပြောပါတယ်။

ဒီဒေသမှာ မြေမြှုပ်မိုင်း တက်နင်းမိလို့ သေကြေဒဏ်ရာရကြတဲ့သူတွေထဲမှာ KNDF တပ်သား ဂျိုးဆက်လည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဂျိုးဆက်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက မိုင်းနင်းမိတဲ့ အခြားတပ်သား တစ်ဦးကို ကူညီဖို့ သွားရင်း ကိုယ်တိုင် မိုင်းနင်းမိခဲ့တာပါ။ အချိန်မီ ဆေးကုသမှု ခံယူလိုက်တဲ့အတွက် အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ အခုအချိနှ်မှာ ခြေတစ်ဖက် ဆုံးရှုံးသွားတဲ့အတွက် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ရဲဘော် တစ်ယောက်က အရှေ့တက်သွားရင်းနဲ့ မိုင်းနင်းမိတာ။ အဲဒါကို ကျွန်တော်က တက်ဆွဲတာ။ တက်ဆွဲရင်းနဲ့ နောက်တစ်လုံးကို နင်းမိတာ။ ဒီ စိတ်ဓါတ် တော်တော်လေးကျတယ်။ တစ်ခါတစ်လေဆို ကိုယ့် ကိုယ်ကိုတောင် တစ်ခုခု ပြန်လုပ်ချင်တာပေါ့။ ကိုယ့်ကိုယ်ကို ပြန်သတ်သေချင်တဲ့ စိတ်တောင် ဖြစ်ခဲ့မိတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ နေသားကျသွားတော့လည်း ဖြစ်သွားတာပဲ။ ”

 

ဖယ်ခုံမြို့နယ်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (KNDF)များ ဖယ်ရှားခံသည့် မိုင်းများအား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)
ဖယ်ခုံမြို့နယ်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (KNDF)များ ဖယ်ရှားခံသည့် မိုင်းများအား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)

မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးသွားတဲ့ ဂျိုးဆက်ဟာ ရှစ်လလောက် အကြာမှာ ခြေထောက်အတုတစ်ခု တပ်ဆင်ခွင့် ရခဲ့ပြီး၊ အခုဆိုရင် သာမန်လူတစ်ယောက်လို သွားလာ မော်တော်ဆိုင်ကယ် စီးနိုင်နေပါပြီ။ ဒါပေမဲ့ စစ်မြေပြင်ကို မထွက်နိုင်တော့လို့၊ ဒီမိုကရေစီအရေး ထုတ်လွှင့်တဲ့ ရေဒီယို တစ်ခုမှာ အလုပ်လုပ်နေပါတယ်။

အသက် ၃၄ နှစ်အရွယ် ကလေးတစ်ယောက်အမေ မလှဝင်းဟာဆိုရင်လည်း သူနေထိုင်တဲ့ ရွာနားမှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးပြီး၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင် စခန်းမှာ နေထိုင်နေရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လက သူနေရတဲ့ စစ်ဘေးရှောင်စခန်းထဲက တဲမှာ မိုးကာဖို့ အကာပစ္စည်းတွေ ရွာပြန်ယူတုန်း မြေမြှုပ်မိုင်း ထိခဲ့တဲ့အကြောင်း မလှဝင်းက ပြောပါတယ်။

“ မိုးရွာတော့ တအားအေးတယ်။ အိမ်မှာ စောင်တို့ဘာတို့ ရှိသေးလားမသိဘူးလို့။ ကာဖို့ ပစ္စည်းတွေ ပြန်ယူမလို့ သွားတာ။ လမ်းတစ်ဝက်ရောက်တော့ မိုင်းနင်းမိတယ်။ ကျွန်မ အပေါ်နဲနဲလွင့်ပြီး ပြန်ကျတာပေါ့နော်။ အဲလိုမျိုး၊ နောက်ကျတော့ သွေးပူနေတဲ့ အချိန်မို့ပေါ့နော်။ ကျွန်မ ကြည့်တာ ခြေထောက်ကတော့ ဘာမှ မဖြစ်သလိုဘဲ။ ခြေထောက်ကတော့ ပြတ်သွားတယ်။ ”

မလှဝင်းဟာ မိုင်းပေါက်ကွဲမှုကြောင့် ဆေးရုံမှာ ၁၃ ရက်လောက် ကုသမှု ခံယူလိုက်ရပြီး အသက်မသေခဲ့ပေမဲ့ အခုတော့ လူသာမန် တစ်ယောက်လို မသွားလာနိုင်တော့ဘဲ ချိုင်းထောက် အကူအညီနဲ့ပဲ သွားလာနေရပါတယ်။

 

ဖယ်ခုံမြို့နယ်အနီးရှိ စစ်ဘေး ဒုက္ခသည်စခန်းတွင် မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသည့် မလှဝင်းအား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo : AFP)
ဖယ်ခုံမြို့နယ်အနီးရှိ စစ်ဘေး ဒုက္ခသည်စခန်းတွင် မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသည့် မလှဝင်းအား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo : AFP)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေအရဆိုရင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေကြောင့် သေကြေဒဏ်ရာရတဲ့သူ နေ့စဉ်နေ့တိုင်း တစ်ယောက်ထက်မက ရှိခဲ့တယ်လို့ ဆိုပါတယ်။

KNDF အဖွဲ့က သူတို့တပ်သား ဘယ်နှစ်ယောက် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရခဲ့သလဲဆိုတာ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ကိုဆင်ဖြူကတော့ ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းတွေ အများကြီး ကျန်နေသေးတယ်လို့ ပြောပါတယ်။

မြေမြှုပ်မိုင်းဒဏ်ကြောင့် ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့ မလှဝင်းကတော့ လူတွေ အများကြီးသွားခဲ့တဲ့ လမ်းမှာ အခြားသူတွေ ဘာမှ မဖြစ်ခဲ့ဘဲ သူသွားမှ မိုင်းနင်းမိခဲ့တာ သူကိုယ်က ကံမကောင်းလို့ပါ လို့ ပြောပါတယ်။

အခုတော့ မလှဝင်းဟာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ရင်း သူ့အတွက် ခြေအတုတစ်ဖက် တပ်ဆင်ခွင့် ရမယ့် ရက်ကို မျှော်လင့်နေပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia