31 August 2023
မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ လူထုကြားနာပွဲတခုကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ တတ်သိပညာရှင်တွေက ဩဂုတ်လ ၃၀ရက် ဗုဒ္ဓဟူးနေ့မှာ ပူးပေါင်းကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းတွေနဲ့ပတ်သက်လို့ အာဆီယံက ပြန်ပြီးသုံးသပ်တာမှာ အထောက်အကူဖြစ်စေဖို့၊ မိတ်ဖက်အစိုးရတွေကြား စွမ်းဆောင်ရည် အားကောင်းလာစေဖို့ အခုလို သုံးသပ်၊ ဆွေးနွေးရတာဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အထူးသဖြင့် ချင်း၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်နဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ ကြားနာသုံးသပ်တဲ့ ပွဲတခုကို ရှေ့ပြေးအသံအဖွဲ့ Progressive Voice နဲ့ အာဆီယံနိုင်ငံတွေက တတ်သိပညာရှင်များ အဖွဲ့တို့ ဗုဒ္ဓဟူးနေ့မှာ ပူးပေါင်းကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကနေ လွတ်မြောက်လာသူတွေ၊ ကိုယ်တိုင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံခဲ့ရသူတွေရဲ့ ဖွင့်ဟချက်တွေကို အရင်ဆုံး ကြားနာခဲ့ကြပြီး ဆွေးနွေးပွဲတက်လာတဲ့ ပညာရှင်တွေ ဆွေးနွေး၊ အဖြေရှာခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုအတွင်း ကလေးငယ်အများအပြား သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာစာသင်ကျောင်း အခင်းဖြစ်ပွားစဉ်က အသက်မသေကျန်ရစ်သူ အမျိုးသမီးတဦးရဲ့ အင်တာဗျူးရုပ်သံကိုလည်း ဒီပွဲမှာ ပြသခဲ့ပါတယ်။
” ကျမ မူလတန်းကျောင်းဆောင်ဘက်က ကလေးလေးတွေကို လှမ်းကြည့်လိုက်တော့ ကလေးလေးတွေက ထွက်လာကြတယ်။ တချို့ဆိုရင် ခြေထောက်လေးတွေက ဖွာလို့။ ဘာမှကို မရှိတော့တဲ့ဟာလေးတွေက ရှိတဲ့ခြေထောက်တဖက်လေးကို အားပြုပြီးတော့ ထွက်လာတယ်။ တချို့ကဆို မျက်လုံးတွေက သွေးတွေနဲ့။ တချို့ဆို တကိုယ်လုံး သွေးတွေနဲ့။ ကျမသမီးအကြီးလေးနဲ့ သားငယ် လေးကို အရင်တွေ့တယ်။ ကျမသမီးကိုယ်မှာ သွေးတွေက တကိုယ်လုံးရွှဲလို့။ မေမေ သမီးဘာမှ မခိုက်မိဘူးတဲ့၊ သမီးရဲ့သူငယ်ချင်းညီမလေး ဗိုက်ပွင့်ပြီး သေနေတယ် မေမေတဲ့၊ သမီး သူငယ်ချင်းကလည်း လက်တွေ၊ ခြေတွေပြတ်ပြီးတော့ ကြည့်လို့မရတော့ဘူးတဲ့။ အဲဒီအချိန်မှာ တချို့စစ်သားတွေလည်း ရွာတွေထဲတွေမှာ လှည့်ပတ်၊ မွှေနှောက် ရှာနေကြတယ်။”
ဒီပွဲကို တက်ရောက်လာတဲ့ အင်ဒိုနီးရှား လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့က Ibu Adelina Kamal (အီဘူးအဒလီနာ) က မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတာတွေဟာ အလွန်စိတ်မကောင်းစရာ ဖြစ်ရပ်တွေဖြစ်ပြီး လက်တွေ့ခံစားကြရတဲ့ ကာယံကံရှင်တွေရဲ့ အခုလို အသံတွေက ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သတိပေးနေတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် အာဆီယံဟာ ဒေသတွင်းက ပဋိပက္ခတွေကို တုံ့ပြန်ရာမှာ အတွေ့အကြုံတွေ၊ စွမ်းဆောင်ရည်တွေ၊
ငွေကြေးဖူလှုံမှု ရှိနေပေမယ့် ဖြေရှင်းဖို့ မူဘောင်မရှိဘူးလို့ ဝေဖန်ပါတယ်။
” ဒါကြောင့် အာဆီယံအနေနဲ့ ဆုံးဖြတ်ရမှာ ငါတို့ ဘာလုပ်တော့မလဲပေါ့နော်၊ ကိုယ့်ရဲ့ အဖွဲ့ဝင်တနိုင်ငံ၊ အာဆီယံကို ကိုယ်စားပြုတဲ့ နိုင်ငံတနိုင်ငံ၊ မြန်မာလူထုကို ကိုယ်စားပြုတဲ့အစိုးရက ကိုယ့်လူကို ပြန်သတ်နေတဲ့အနေအထားမျိုးမှာ ကျမတို့ဘယ်လိုလုပ်ရမလဲ။ သတ်ရုံတင်မဟုတ်ဘူး။ တရားမဝင်တဲ့၊ ဖွဲ့စည်းပုံနဲ့မကိုက်ညီတဲ့ စစ်အာဏာရှင်မျိုး ဖြစ်နေတဲ့အခါမှာ ဘယ်လိုလုပ်မလဲပေါ့နော်။ အခြေခံကျကျမေးရမှာ။ အာဆီယံအနေနဲ့ ဒီမေးခွန်းတွေကို ဖြေရဲသလားဆိုတာ စိန်ခေါ်ရမှာဖြစ်တယ်။ ကျမတို့ လူသားချင်းစာနာ ထောက်ထားရေးကို နိုင်ငံရေးကစားကွက်အနေနဲ့ ဆက်ပြီး စဉ်းစားနေသလို ဖြစ်နေတယ်။”
ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနက ဒေါက်တာ Thitinan Pongsudhlrak က တော့ မြန်မာမှာ အာဏာသိမ်းမှုမဖြစ်ခင်က အာဆီယံနိုင်ငံတွေကြားမှာ သဘောထားတွေ ကွဲလွဲတာမျိုးမရှိဘဲ စည်းစည်းလုံးလုံးနဲ့ အားကောင်းနေတာကိုမြင်ရကြောင်း၊ အခုတော့ မြန်မာကိစ္စအပြင် အမေရိကန်နဲ့တရုတ်ကြားအားပြိုင်မှုကြားမှာ အာဆီယံလည်း အားနည်းလာပြီး မြန်မာ့အရေး ပစ်ပယ်ထားသလို ဖြစ်နေတယ်လို့ပြောပါတယ်။
“အာဆီယံကို မြန်မာနဲ့ပတ်သက်လာရင် အားကိုးလို့မရဘူး ဖြစ်နေတယ်၊ အာဆီယံဟာ တချို့သော အကြောင်းအရာတွေမှာ ကာကွယ်ပေးနိုင်ဖို့ လိုပါတယ်၊ ဥပမာ လက်ရှိ စစ်ကောင်စီနဲ့ ပက်သက်လို့ဖြစ်စေ ထိုင်းမှာလည်း အစိုးရသစ် ရှိလာတဲ့အခါမှာ အလယ်ကနေ မဇ္ဇျိမပဋိပဒါလို သွားနေတယ်၊ အာဆီယံ အလုပ်လုပ်ခဲ့တဲ့ ပုံစံမျိုးတွေ concensus နဲ့သဘောတူညီမှုပဲ ရှိရမယ်၊ ဝင်ရောက်စွက်ဖက်မှု မလုပ်ရေးဆိုတာတွေက အဆင်မပြေတော့ပါဘူး”
လာမဲ့နှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လာအိုကယူမှာဖြစ်တဲ့အတွက် မြန်မာ့အရေးအတွက် သိပ်မျှော်လင့်ချက်မထားနိုင်ပေမယ့် အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးခုဟာ အခုအချိန်အထိတော့ စံသဘောမျိုး ရှိနေသေးတဲ့အပြင် ဒီငါးချက်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီခဲ့တာဖြစ်တဲ့အတွက် အာဆီယံ ၁၀ နိုင်ငံထဲက နိုင်ငံကြီးငါးခုလောက်ကသာ ဖိအားတွေပေးသွားမယ်ဆိုရင်တော့ တခုခုတော့ ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကို ရှေ့တန်းတင်ထားပေမဲ့ အများစုကတော့ အာဆီယံအပေါ်မှာ ယုံကြည်မှု လျော့ကျနေတာ ဖြစ်ပါတယ်။
မြန်မာနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတချို့မှာ နိုင်ငံရေး စိတ်ဆန္ဒမရှိကြတဲ့အပြင် ဘုံသဘောတူညီချက်ငါးချက်ကလည်း တကယ့်ကို အနိမ့်ဆုံး အခြေခံသာသာပဲဖြစ်နေပြီး ဘုံသဘောတူညီမှု ငါးချက်ကိုကျော်ပြီး ကြည့်ဖို့လိုကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းဇာအုပ် (Salai Za Uk Ling) က ပြောပါတယ်။ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီရှားအပေါ် မျှော်လင့်ချက်တွေထားခဲ့ပေမယ့် သက်တမ်းကုန်ခါနီးအထိ ဘာမှ ဖြစ်မလာဘူးလို့လည်း ပြောပါတယ်။
မြန်မာပြည်တွင်းမှာ ရာဇဝတ်မှုတွေ နေ့စဉ်ဖြစ်ပျက်နေတာကြောင့် ဒါကို သာမန်ဖြစ်ရိုးဖြစ်စဉ်လို လူထုက မြင်လာမယ်ဆိုရင် တကယ့်ကို အန္တရာယ်များတယ်လို့လည်း ဒီပွဲမှာ ဆွေးနွေးသွားခဲ့ကြတာပါ။
သတင်းဌာနတွေနဲ့ Data for Myanmar ရဲ့ အချက်အလက်အရ ခုချိန်ထိဆို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၄၀၀ ကျော်ရှိနေပြီး၊ အိုးအိမ်ပေါင်း ၇၀,၀၀၀ ကျော ် မီးရှို့၊ ဖျက်ဆီးခံခဲ့ရတာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဩဂုတ်လ၂၉ရက် စာရင်းအရ စစ်ကောင်စီကြောင့် သေဆုံးခဲ့သူ ၄,၀၀၀ ကျော်ရှိပြီး ၂၄,၀၀၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ကုလ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ကတော့ လူပေါင်း ၁.၆သန်းက အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်ခန့်မှန်းထားတာ ဖြစ်ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.