အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့နဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ရိုဟင်ဂျာတွေ တောင်းဆို

25 August 2023

အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့နဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ရိုဟင်ဂျာတွေ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် ဩဂုတ် ၂၅ ရက်နေ့က ကျင်းပသည့် ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်မြောက်အခမ်းအနား။ (Photo: AFP)

နေရပ်အမြန်ဆုံးပြန်နိုင်ဖို့နဲ့ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအားလုံးက နေရပ်ပဲ ပြန်ချင်ကြတယ်လို့ ကော့ဘဇားဒုက္ခသည်စခန်းမှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာပါဝင်တဲ့ ကိုအောင်မြိုင်ကပြောပါတယ်။

“ဒီမှာ အမြဲတမ်းနေဖို့ လာတာမဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ်မှာ လုံးဝမနေချင်ဘူး၊ ဒုက္ခသည်ဘဝကို ထပ်ပြီးမလိုလားဘူး၊ ဒါကြောင့် ကျွန်တော်တို့ အမြန်ဆုံး နေရပ်ပြန်ရေးပေါ့နော်၊ ဘေးကင်းလုံခြုံသော ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးကိုပဲ အကုန်လုံးက လိုလားတာပါ၊ ဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ အလုပ်အကိုင် ဘာတစ်ခုမှ ဒီမှာ အဆင်မပြေဘူး”

ဩဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်နေထိုင်တဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့တာပါ။

အဲဒီအခမ်းအနားမှာ နေရပ်အမြန်ဆုံးပြန်နိုင်ရေး၊ မူရင်းနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေး၊ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာအတွက် အာမခံချက်ရရှိရေး ၊ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် ပြန်လည်အသိအမှတ်ပြုရေးနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက ထိရောက်တဲ့ အကူအညီတွေ လက်တွေ့ဆောင်ရွက်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်း ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ခွင့်ရဖို့အပါအဝင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး NUG က စီစဉ်ဆောင်ရွက်နေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ပြန်လည်ပြီး နေရပ်ရင်း ပြန်ရောက်ဖို့၊ ငြိမ်းချမ်းစွာနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့၊ နေရပ်ရင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရှင်သန်နေထိုင်နိုင်ဖို့အတွက် NUG အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြင်ဆင်မှုတွေ ကြိုတင်တွေးခေါ်မှုတွေ အများကြီးလုပ်ဆောင်နေပါတယ်”

လုံခြုံစိတ်ချရတဲ့ ‌နေရပ်ပြန်ရေးဖြစ်လာနိုင်အောင် ပတ်ဝန်းကျင်တစ်ခုထူထောင်ဖို့ လုပ်ဆောင်နေကြောင်းနဲ့ တရားမျှတမှုကိုဖော်ဆောင်ပြီး အပြစ်ရှိသူကို အပြစ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ဖို့၊ ရိုဟင်ဂျာတွေ အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှု ပြန်ပေးဖို့ ရှေ့ပြေးအသံအဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃ဝဝ ကျော်က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ခြောက်နှစ်က ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုမှာ ကျူးလွန်ခံရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူ တာဝန်ခံမှု ရှာဖွေနိုင်ဖို့ ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်သွားမယ်လို့လည်း အဖွဲ့ပေါင်း ၃ဝဝ ကျော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်မှုနဲ့ အခွင့်အရေးတွေအပြည့်အဝ ပြန်လည်ပေးအပ်ဖို့၊ NUG အနေနဲ့ စစ်ကောင်စီက ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး စီမံကိန်းကို ချက်ချင်းရပ်တန့်အောင် ဆောင်ရွက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကို တောင်းဆိုပေးဖို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia