စစ်ဘေးဒုက္ခသည်တွေရဲ့ အန္တရာယ်ကင်းဇုန် မျှော်လင့်ချက်

17 August 2023

RFA Burmese | 2023.08.17

ကရင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည့် ကော့ကရိတ်မြို့တောင်ပိုင်း ကျေးရွာများမှ ဒေသခံအချို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ Photo: KIC

မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းနယ်စပ်က စစ်ဘေးဒုက္ခသည်တွေအတွက် ခိုလှုံရာတစ်ခု ဖြစ်လာနိုင်မယ့် အန္တရာယ်ကင်းဇုန် အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံ အောက်လွှတ်တော် မှာ ဩဂုတ်လ ၁၀ ရက်နေ့က အကြံပြုတင်ပြတာတွေ ရှိခဲ့ပါတယ်။

အထူးသဖြင့် မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်းနယ်စပ်နဲ့ ငါးကီလိုမီတာအကွာမှာ အန္တရာယ်ကင်းဇုန် သတ်မှတ်ပေးဖို့ ထိုင်းနိုင်ငံ Fair Party အမတ် Kanawee Suebsaeng က အောက်လွှတ်တော်ကို ဩဂုတ်လ ၁၀ ရက်နေ့က အကြံပြုခဲ့တာပါ။

ဒါက အကြံပြုတဲ့အဆင့်ပဲ ရှိသေးပေမယ့် တိုက်ပွဲတွေကြောင့် အကြိမ်ကြိမ်နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့က စစ်ဘေးဒုက္ခသည်တွေအတွက် လုံခြုံတဲ့နေရာတစ်ခုရဖို့ မျှော်လင့်ချက်ဖြစ်လာနိုင်တယ်လို့ ဒုက္ခသည်တွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက အမြဲတမ်းလိုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တစ်ဦး ကတော့ သူတို့မှာ အခုအချိန်အထိ လုံခြုံတဲ့နေရာ မရှိဘူးလို့ ပြောပါတယ်။

“အခုစစ်ပွဲဖြစ်နေတဲ့နေရာမှာ ကျွန်မတို့နေခဲ့တဲ့နေရာလေ အဲဒီမှာဖြစ်တာ။ လက်ခတ်တောင်တို့ဘက်မှာလေ ဖြစ်တာ။ (လုံခြုံမှု) မရှိဘူး၊ မရှိဘူး၊ ကျွန်မတို့ဘက်မှာ။ တိုက်ပွဲက အခုက အသံက နီးနီးလာတယ်။ ထွက်ပြေးရတယ်”

သူနေထိုင်တဲ့ ဒုက္ခသည်စခန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးခိုလှုံနေရသူ ၆၀၀ ဝန်းကျင်ရှိပြီး အဆက်မပြတ် မိုးကြီးနေတာနဲ့ သောင်ရင်းမြစ်ရေ မြင့်တက်နေတာတွေကြောင့် ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် အခုလတ်တလော မြဝတီမြို့အနီး လက်ခတ်တောင် တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၀၀ ဝန်းကျင်ဟာ ဒီစခန်းကို လာရောက်ခိုလှုံဖို့ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

ကရင်ပြည်နယ်တင်မကဘဲ ထိုင်းနိုင်ငံနဲ့ ထိစပ်ရာ ကယားပြည်နယ်မှာလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ခုခံတော်လှန်နေသူတွေအကြား တိုက်ပွဲတွေကြောင့် ပြည်နယ်တစ်ခုလုံးနီးပါး စစ်ဘေးရှောင်နေရပါတယ်။

ဒီဒုက္ခသည်တွေအတွက် လုံလောက်တဲ့ အထောက်အပံ့နဲ့ လုံခြုံမှုပေးနိုင်ဖို့ အန္တရာယ်ကင်းဇုန် အကောင်အထည်ပေါ်လာစေချင်တယ်လို့ ဖရူဆိုအနောက်ဘက် စစ်ဘေးရှောင်ကူညီရေး ကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“တကယ်လုပ်ပေးနိုင်မယ်ဆိုရင်တော့ စစ်ဘေးရှောင်အတွက် အများကြီး အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်။ လက်နက်ကြီးအန္တရာယ်၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် နေ့တိုင်းစိုးရိမ်နေရတယ်။ ဒီအန္တရာယ်ကင်းမဲ့ဇုန်အတွက် လုပ်ပေးမယ့် ထိုင်းနဲ့ပြောတဲ့ဟာတွေ ရှိမယ်ဆိုရင်တော့ အထောက်အကူပြုမယ်လို့တော့ မျှော်လင့်တယ်ပေါ့နော်”

ဒုက္ခသည်တွေဟာ စစ်ဘေးတိမ်းရှောင်ရင်း အကြောင်းကြောင်းကြောင့် အသက် ဆုံးရှုံးရတာတွေ ရှိနေပြီး ကယားပြည်နယ်အတွင်းမှာဆို သေဆုံးသူ ၁၄၁ ဦး ရှိခဲ့တာကို တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇူလိုင်လအထိ စာရင်းမှာ တွေ့ရပါတယ်။

“လက်နက်ကြီးအန္တရာယ်၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် နေ့တိုင်းစိုးရိမ်နေရတယ်

အန္တရာယ်ကင်းဇုန် သတ်မှတ်ဖို့ အကြံပြုခဲ့တဲ့ Fair Party အမတ် Kanawee Suebsaeng ကတော့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် သုံးသိန်းဟာ ထိုင်းနိုင်ငံ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာခ့်ခရိုင်၊ ကန်ချနဘူရီ၊ ရနောင်း စတဲ့ ခရိုင်တွေနဲ့ ကပ်ရပ်မှာ ရှိနေကြတယ်လို့ ပြောပါတယ်။

အန္တရာယ်ကင်းဇုန် သတ်မှတ်ပေးနိုင်ခဲ့ရင် ထိုင်းနိုင်ငံသားတွေ ကြုံတွေ့ရမယ့် ဝန်ထုပ်ဝန်ပိုးတွေ လျော့နည်းနိုင်ပြီး မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် လုံခြုံမှုရှိနိုင်မယ်လို့ ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌကို သူက အကြံပြုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ Fair Party အမတ် Kanawee Suebsaeng ကို RFA က သြဂုတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့က သီးသန့် ဆက်သွယ်မေးမြန်းရာမှာ မြန်မာဒုက္ခသည်တွေကို ကူညီနိုင်ဖို့ နည်းလမ်း နှစ်ခုနဲ့ ထိုင်းလွှတ်တော်အမတ်တွေ ကြိုးပမ်းမယ်လို့ ပြောပါတယ်။

ပထမနည်းလမ်းအနေနဲ့ မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့နဲ့ ဒီလိုအကူအညီပေးတာတွေကို ကြီးကြပ်ပေးမယ့် လွှတ်တော် ကော်မတီတစ်ရပ်ကို ဖွဲ့ဖို့ လွှတ်တော်မှာ အဆိုတင်သွားမှာဖြစ်ပြီး အဲဒီအဆိုတင်နိုင်ဖို့ လွှတ်တော်အမတ်အယောက် ၂ဝ ထောက်ခံဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အဲဒီအတွက် ရွေးကောက်ပွဲမှာ အမတ်အများဆုံးအနိုင်ရထားတဲ့ Move Forward ပါတီက အမတ်တွေနဲ့ တိုင်ပင်ထားပြီး လာမယ့်သီတင်းပတ်မှာ အဆိုတင်နိုင်မယ်လို့လည်း သူက မျှော်လင့်ထားပါတယ်။

ဒုတိယနည်းလမ်းကတော့ လွှတ်တော်ဥက္ကဋ္ဌဆီ စာပေးပို့ပြီး ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးတွေပါတဲ့ လုံခြုံရေးကောင်စီမှာ ဒီဒုက္ခသည်တွေ အရေးကို ဖြေရှင်းတဲ့ နည်းလမ်းရှာဖွေဖို့ အကြံပြုတင်သွင်းသွားမယ်လို့လည်း မစ္စတာကာနာဝီက ပြောပါတယ်။

အန္တရာယ်ကင်းဇုန် အကောင်အထည်ဖော်တဲ့အခါ လက်တွေ့ကျတဲ့ အချက်တွေ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

“ဘယ်လောက်အတိုင်းအတာအထိ စဉ်းစားထားလဲ။ လက်တွေ့ကျကျ ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့အပေါ်မှာ ထည့်သွင်း စဉ်းစားရလိမ့်မယ်။ ရေရှည် ဘယ်လောက်အထိ လျာထားလဲ၊ ဘယ်နှစ်နှစ်ထိလောက် လက်ခံမလဲ၊ အလှူရှင်ရှိထားပြီးသားလား၊ ကူညီထောက်ပံ့မယ့် အခန်းကဏ္ဍမှာ ဒါတွေအားလုံး အရေးတကြီး ထည့်သွင်းစဉ်းစားထားရမယ့် အရာတွေပဲ ဖြစ်တယ်လေ”

အန္တရာယ်ကင်းဇုန် ဖော်ဆောင်ဖို့ဆိုတာ ထိုင်းပါတီတစ်ခုက အကြုံပြုတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ အကြံပြုခဲ့တဲ့ Fair Party ဟာ ထိုင်းနိုင်ငံက နိုင်ငံရေးပါတီငယ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ မေလက ထိုင်းရွေးကောက်ပွဲမှာ တစ်နေရာ ရရှိခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာ တည်ထောက်ခဲ့တဲ့ အဲဒီပါတီဟာ အခု ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ပါဝင်တဲ့ ညွန့်ပေါင်းရှစ်ပါတီမှာ ပါဝင်နေတာကြောင့် ဒီအကြံပြုချက်က တစ်ခုခု အကောင်အထည်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ကြ ပါတယ်။

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကယားပြည်နယ် နယ်စပ်ရှိ အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ (Photo: Karenni Human Rights Group)
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကယားပြည်နယ် နယ်စပ်ရှိ အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ (Photo: Karenni Human Rights Group)

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ အန္တရာယ်ကင်းဇုန် အကောင်အထည်ပေါ်လာဖို့ဟာ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (CNS) ရဲ့ ဆုံးဖြတ်ချက်လိုအပ်သလို မလွယ်ကူနိုင်သေးဘူးလို့ သုံးသပ်ပါတယ်။အကယ်၍ ထိုင်းလွှတ်တော်က အန္တရာယ်ကင်းဇုန် ဖွင့်လှစ်ပေးဖို့ အတည်ပြုခဲ့ရင်တောင် ထိုင်းအစိုးရဟာ မြန်စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းတာတွေ ရှိလာမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ဒီလို အန္တရာယ်ကင်းဇုန်ပေါ်ပေါက်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီရဖို့ နိုင်ငံတကာကို တိုက်တွန်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“ထိုင်းလွှတ်တော်မှာ ဆွေးနွေးကြတာတွေ တွေ့ရတဲ့အတွက် အားတက်မိပါတယ်။ အဲဒီအတွက်လည်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကိုပါ နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံး အာဆီယံနိုင်ငံတွေ၊ နိုင်ငံတကာကိုလည်း အဲဒီလိုမျိုး တစ်စိုက်မတ်မတ် တောင်းဆိုနေပါတယ်ခင်ဗျ”

ထိုင်းနိုင်ငံ Fair Party အမတ်ကတော့ အန္တရာယ်ကင်းဇုန် အကောင်အထည်ဖော်ဖို့ဆိုရင် မြန်မာစစ်တပ်အနေနဲ့ ထိုးစစ်ဆင်တာတွေ လျှော့ချမှသာ ပြဿနာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ကပဲ ပြောထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် အကျိုးများမယ့် အန္တရာယ်ကင်းဇုန် အကောင်အထည်ဖော်ဖို့ကို ထိုင်းနိုင်ငံ နိုင်ငံ့ရေးရာ ကော်မတီဖွဲ့စည်းပြီးနောက် ထပ်ဆွေးနွေးသွားမယ်လို့ သူက ပြောခဲ့တာပါ။

လက်ရှိ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်၊ ကရင်ပြည်နယ်မှာ ခြောက်သိန်းနီးပါး ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့ (KHRG) နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)တို့က ခန့်မှန်းထားကြပါတယ်။

ထိုင်းလွှတ်တော်အမတ်တွေ ကြိုးပမ်းနေတဲ့ အန္တရာယ်ကင်းဇုန်ကတော့ ထိုင်းနယ်စပ်က မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် မျှော်လင့်ချက်တစ်ခုအနေနဲ့ ရှိနေပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia