06 August 2023
ဆိုဖီ။ ။
ကောင်းကင်ယံက လေယာဥ်ပျံသံကို ကြားတာနဲ့ ကလေးငယ်တွေဟာ သူတို့ ဆော့ကစားနေတဲ့အရပ်၊ စာသင်ကြားနေတဲ့ အခန်းကနေ ဗုံးခိုကျင်းတွေ၊ ဗုံးနဲ့ လွတ်ကင်းတဲ့ နေရာတွေကို ငိုယိုပြီး ထွက်ပြေးနေရပါတယ်။
အဲ့လို လေယာဥ်ပျံသံ ကြားတိုင်း ကလေးငယ်တွေရဲ့ ငိုယိုသံကလည်း စစ်ဘေးရှောင်စခန်း တစ်ခုလုံး လွှမ်းမိုးသွားပါတယ်။
“သမီးလေးဆိုရင် အခု ကျောင်းသွားရမှာ အရမ်းကြောက်နေတယ်။ သူတို့ ကျောင်းတက်နေချိန် လေယာဥ်နဲ့ ဗုံးကြဲတာ ကြုံဖူးတော့ လေယာဥ်သံကြားတာနဲ့ ငိုတော့တာပဲ။” လို့ ကရင်နီပြည် စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ မိခင် ဒေါ်မူအယ်မလီက ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် ဒေါ်မူအယ်မလီဟာ သားတစ်ယောက်နဲ့ သမီး တစ်ယောက်နဲ့အတူ ကရင်နီပြည်နယ်က စစ်ဘေးရှောင် စခန်းမှာ နေထိုင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လဆန်းပိုင်းမှာ ဒေါ်မူအယ်မလီရဲ့ သားနဲ့ သမီးတွေ စာသင်နေချိန် စစ်ကောင်စီတပ်က သူတို့ နေထိုင်တဲ့ ကရင်နီ လွိုင်လင်လေးမြို့နယ် ဒေါပါပါးရွာကို တိုက်လေယာဥ်နဲ့ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ပြီး၊ ကလေးတွေ ငိုယိုပြီး ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကလေးငယ်တွေဟာ ကျောင်းသွားဖို့အတွက် တွန့်ဆုတ် ကြောက်ရွံ့နေကြပါတယ်။
လက်ရှိမှာလည်း ရှမ်း-ကရင်နီ နယ်စပ် တလျှောက် စစ်ရေး ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီကလည်း နေ့စဥ်နဲ့အမျှ တိုက်လေယာဥ်နဲ့ လာရောက် ပျံဝဲနေတဲ့အတွက် ကလေးငယ်တွေ ကျောင်းမတက်ရသေးပါဘူး။
“စစ်တပ်က နေ့တိုင်း လေယာဥ်နဲ့လာပျံနေတော့ ကျောင်းလည်း မဖွင့်ဘူး။ ကလေးတွေလည်း ကျောင်းမသွားရဲကြဘူး။ စစ်တပ်က ပစ်ချင်တဲ့နေရာ ပစ်နေတာ။ ကလေး စာသင်ကျောင်းလည်း မရှောင်ဘူး။ ကလေးတွေအတွက် စာမတတ်မှာလည်း စိတ်ပူရ။ ကျောင်းသွားလို့ ဗုံးထဲပါသွားမှာလည်း စိုးရိမ်နေရတယ်။” လို့ ဒေါ်မူအဲမလီက ပြောပါတယ်။
ဒေါ်မူအဲမလီလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခတ်မှုကို ခံခဲ့ရတဲ့ မစန္ဒီတို့ မိသားစုလည်း လက်ရှိမှာ စိတ်ဒဏ်ရာတွေ၊ စိုးရိမ် ကြောက်ရွံ့စိတ်တွေနဲ့ ရှင်သန်နေရပါတယ်။
အခုနှစ် မေလနှောင်းပိုင်းမှာ မစန္ဒီတို့ နေထိုင်တဲ့ မိုးဗြဲမြို့ပေါ် စစ်ကောက်စီဘက်က တိုက်လေယာဥ်နဲ့ တဖက်သတ် ဗုံးလာကြဲမှုကြောင့် သူမဟာ ကလေး နှစ်ယောက်လက်ကို ဆွဲပြီး ဗုံးခိုကျင်းထဲ ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြလာပါတယ်။
“ကလေးတွေ အိပ်ရာထစအချိန် “ အုန်း”ဆိုတဲ့ အသံကြားတာနဲ့ ကျမတို့ မနက်စာတောင် မစားရသေးဘဲ ကလေး လက်ကို ဆွဲပြီး သတိရှိရှိနဲ့ ဗုံးခိုကျင်းထဲ တန်းပြေးခဲ့ရတာ။ အဲ့လိုတွေဖြစ်တော့ ကလေးကို အဝေးကြီး မသွားခိုင်းရဲဘူး။ ဆော့ရင်တောင် အိမ်ရှေ့မှာပဲ ဆော့ခိုင်းတယ်။ မျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူး။” လို့ မစန္ဒီက စိတ်မကောင်းစွာ ပြောပါတယ်။
ဒါ့ကြောင့် အခုလို တိုက်လေယာဥ်တွေ ပျံဝဲသံ နေ့စဥ်ကြားနေရတဲ့ မိခင်တယောက်အနေနဲ့ ကလေးငယ်တွေကို ကျောင်းလွှတ်ဖို့ နေနေသာ မျက်စိအောက်ကနေ အပျောက်မခံကာ စိုးရိမ်စိတ်တွေနဲ့ နေ့စဥ် ကျော်ြဖတ်နေရပါတယ်။
“စစ်ရေးက အချိန်မရွေးဖြစ်နိုင်တယ်။ လေယာဥ်တွေနဲ့လည်း ဗုံးကြဲနေတော့ ကျောင်းဖွင့်ရင်တောင် ကျမကတော့ ကလေးတွေကို ကျောင်းမလွှတ်ရဲဘူး။ အခုက စာတတ်ဖို့ထက် အသက်ရှင်ဖို့ အရေးပဲလေ။” လို့ မစန္ဒီက လက်ရှိ ကြုံနေရတဲ့ ခံစားချက်ကို ရင်ဖွင့်လာပါတယ်။
ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင် ကလေးငယ်တွေအတွက် အခြေခံ ပညာသင်ကြားရေးကို ပြီးခဲ့တဲ့ စာသင်နှစ် ၂၀၂၂ မှာ သင်ကြား ဖွင့်လှစ်နိုင်ခဲ့ပေမယ့် အခုနှစ်၂၀၂၃ အတွက် အရင်လို မသင်ကြားပေးနိုင်တော့ကြောင်း ကရင်နီ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကယန်း ဆရာမတစ်ယောက်က ပြောပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးဖို့ ပညာရေးက အဓိက ထောက်တိုင် ဖြစ်ပေမယ့် စစ်ကောင်စီက စစ်ဘေးရှောင် စာသင်ကျောင်းတွေကို လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ အကျဥ်းတန်ကြောင်း၊ စစ်ရှောင် ကလေးငယ်တွေရဲ့ ပညာရေးကလည်း ရင်လေးစရာ ဖြစ်ကြောင်း ဆရာမ ထောက်ပြ ပြောဆိုပါတယ်။
“စစ်ရှောင် စာသင်ကျောင်းတွေ ဗုံးကြဲ တိုက်ခိုက်ခံရတာတွေ ရှိတယ်။ စာသင်နေတုန်း နောက် ကျောင်းကို ခိုင်ခိုင်မာမာ ဆောက်ထားချိန်မှာ ဗုံးကြဲခံရတာ။ အခု စာမသင်ရတဲ့ ကလေးတွေက အများကြီးရှိနေတယ်။” လို့ ကယန်း ဆရာမက ဆိုပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေအတွက် စာသင်ဆောင် မရှိသလို စာသင်ဖို့ကိုလည်း မိဘနဲ့ ကလေးငယ်တွေက စိတ်မဝင်စားနိုင်တော့ဘဲ စာသင်ပေးတဲ့ ဆရာ ဆရာမတွေပါ လေယာဥ်နဲ့ ဗုံးကြဲလာမှာကို စိုးရိမ် ကြောက်လန့်ကာ စာမသင်ရဲတဲ့ အနေအထားဖြစ်နေကြောင်း လက်ရှိ အခြေအနေကို သူက ရှင်းပြပါတယ်။
“ကလေးတွေဆို စာမသင်ချင်တော့ဘူး။ ကျောင်းဆရာမတွေ အခမဲ့ လာသင်ပေးသူတောင် သူတို့တွေ စာမသင်ရဲကြဘူး။ သူတို့နဲ့ စာချုပ်နဲ့ဆိုတောင် မလုပ်ချင်ဘူး။ အာမခံလို့ မရဘူး။ ကျောင်းသွားရင် ဘာမှ မထူးဘူး။ ပြေးရဦးမှာပဲ။ လေယာဥ်သံ ကြားရင်သူတို့ ပြေးပုန်းနေရတာ။ သူတို့တော်တော် စိတ်ဒဏ်ရာရနေပြီ။ စာသင်နေရင်း ခဏခဏပြေးနေရတော့ သူတို့လည်း ကြောက်နေကြတယ်။” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆရာမက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ပိုပြီးစိုးရိမ်စရာတွေဖြစ်လာပြီး လက်နက်ကိုင် ပဋိပက္ခ နယ်မြေမှာ နေထိုင်တဲ့ ကလေးငယ်တွေအတွက် ပညာရေး ပိုခက်ခဲလာကြောင်း ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ရေး ပဋိပက္ခတွေကြောင့် ကလေးတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရသလို အချို့ကလည်း နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်ရေး ပဋိပက္ခနဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အရပ်သား နေအိမ်တွေ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ရတဲ့အပြင် ကလေးငယ်တွေကလည်း အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် နိုင်ငံတဝှမ်း ကလေးသူငယ် ၃၉၅ ဦး အသက်ဆုံးဆုံးခဲ့ရပြီး၊ တနိုင်ငံလုံး သေဆုံးသူများအနက် ကလေးသေဆုံးမှုက ၉ ဒသမ ၈၆ ရာခိုင်နှုန်း ရှိနေကြောင်း NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ မေလမှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ စစ်ရေး အရှိန်ကလည်းမြင့်တက်လာပြီး ထိုင်းနိုင်ငံဘက် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဦးရေ ၉၀၀၀ ကျော်ရှိလာပြီး၊ ကလေးငယ် ပညာရေးထက် စားဝတ်နေရေးနဲ့ အသက်ရှင်သန်ရေးကို ပိုပြီး ဦးစားပေးနေရကြောင်း ထိုင်းနိုင်ငံဘက်ခြမ်းမှာ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသမီး အရေးဆောင်ရွက်သူ တစ်ဦးက ပြောပြလာပါတယ်။
“တိုက်ပွဲအရှိန်လည်း အရမ်းမြင့်လာတယ်။ ကလေးတွေ စာသင်ဖို့ကလည်း အန္တရာယ်ရှိနေသေးတယ်။ အခု ထိုင်းဘက်ခြမ်း ရောက်နေတဲ့သူတွေဆို စာသင်ဖို့မပြောနဲ့ နေဖို့အတွက် အဓိက ဦးစားပေးနေရတာ။ ပညာရေးကတော့ အများကြီး လိုသေးတယ်။ စာအုပ် သင်ထောက်ကူ ဘာဆိုဘာမှ မရှိသေးဘူး။ လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲတယ်။” လို့ ထိုင်းဘက်ခြမ်းရောက် စစ်ရှောင်ကူညီသူက ပြောပါတယ်။
မြို့ပေါ်မှာနေတဲ့ ကျောင်းသားတွေဟာ အွန်လိုင်းပညာရေး စနစ်ကို သင်ကြားကြသလို၊ ငွေကြေးချမ်းသာတဲ့ အသိုင်းအဝန်းက ကလေးငယ်တွေကို ပုဂ္ဂလိကကျောင်း ပို့ကြပြီး၊ အချို့က အစိုးရကျောင်းကို ပြန်တက်နေကြချိန် စစ်ဘေးရှောင် ကလေးငယ်တွေကတော့ ကျောင်းဆိုတာ ထိတွေ့ခွင့်မရဘဲ စစ်မြေပြင်မှာ ပြေးလွှားရတဲ့ ဘဝ ဖြစ်နေပါတယ်။
“ကိုယ်လည်း မြို့ပေါ်ရောက်သွားချိန် CDM ကျောင်းသား တွေ့တယ်။ သူတို့က အစိုးရကျောင်းသာ မတက်တာ ပုဂ္ဂလိက ကျောင်းတက်နေရတယ်။ အွန်လိုင်းတွေ တက်ရတယ်။ ကျမတို့ နယ်က ကလေးတွေ ဆိုရင် ဘာမှ မတက်ရတဲ့အပြင် ပြေးနေရတာ ပိုပြီးရင်နာဖို့ ကောင်းတယ်။” လို့ စစ်ရှောင် ကူညီနေပေးတဲ့ ကယန်းဆရာမက ပြောပါတယ်။
လတ်တလော အနေအထားအရ ကရင်နီပြည်အတွင်းမှာ စစ်ဘေးရှောင် ပညာရေး၊ စစ်ဘေးရှောင် စားနပ်ရိက္ခာ ရရှိစေဖို့ ကိစ္စအဝဝကို ကိုယ်ထူကိုယ်ထနည်းနဲ့ ရှာဖွေနေရကြောင်း၊ NUG အစိုးရအနေနဲ့ ကူညီထောက်ပံ့မှုကလည်း အားနည်းမှု များစွာ ရှိနေကြောင်း ကရင်နီပြည် စစ်ရှောင်ကူညီပေးနေသူတွေက ထောက်ပြ ပြောဆိုပါတယ်။
တော်လှန်ရေးကာလ ကျော်လွန်ခဲ့ရင်တောင် ကရင်နီပြည်ရဲ့ ပညာရေးဟာ အလွန် ရုန်းကန် ရနိုင်ကြောင်း၊ သာမန် အချိန်တောင် အစစအရာရာ ခွဲခြားခံနေရတဲ့ပြည်နယ် ဖြစ်တဲ့အတွက် ပြည်မနည်းတူဖြစ်ဖို့ ကိုယ်တိုင်ရုန်းမှသာရမယ်လို့ ကယန်းဆရာမက မှတ်ချက်ပြုပါတယ်။
စစ်ဘေးရှောင် ကလေးမိခင် ဒေါ်မူအဲမလီကတော့ ကလေးငယ်တွေကို လုံခြုံစိတ်ချတဲ့ နေရာမှာ ပညာသင်ကြားနိုင်ဖို့ နေ့စဥ် ဆုတောင်းနေရပါတယ်။ “ကျမ ကလေးတွေ ဘယ်နေရာမှာပဲ စစ်ဘေးရှောင်နေရ နေရ ကျောင်းစာကို အေးချမ်းလုံခြုံစွာ သင်စေချင်တယ်။ ကလေးတွေကို စာတတ်စေချင်တယ်။” လို့ ဒေါ်မူအဲမလီက ဝမ်းနည်းစွာ ပြောပါတယ်။
ဒါ့အပြင် စစ်ရေးမှာ ကလေးငယ်တွေ ထိခိုက်မှုနည်းအောင် လုပ်စေချင်ပြီး ကလေးတွေရဲ့ ကျောင်းတွေကို ဗုံးမကြဲဖို့ တောင်းဆိုချင်ကြောင်း သူမက ထပ်လောင်း ပြောပါတယ်။
“ကျမရဲ့ ကလေးတွေ ပူပင်သောကနဲ့ ပြေးလွှားနေရတာတွေ မဖြစ်ချင်ဘူး။ အခုက ကလေးတွေက ပညာသင်ကြားရမယ့် အရွယ်မှာ အသက်ရှင်ဖို့ ကြိုးစားပြေးနေရတဲ့ ဘဝကနေ အမြန်လွှတ်မြောက်ချင်ပြီ။” လို့ ဒေါ်မူအဲမလီက တုန်ရီတဲ့ အသံနဲ့ ပြောဆိုလိုက်ပါတယ်။ ။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.