ပြာပုံတွေကြားက တော်လှန်ပန်းခင်းတစ်စုံ

25 July 2023

ပြာပုံတွေကြားက တော်လှန်ပန်းခင်းတစ်စုံ

ရိုက်ကူး – HI

နှစ်နှစ်ကျော်ကြာ ကြာရင့်ခဲ့ပြီဖြစ်တဲ့ နွေဦးတော် လှန်ရေးထဲ ရဲရင့်မာကြောပြီး စိတ်ဓာတ်ရေးရာအရ ပြတ်သားလှတဲ့ အမျိုးသမီးအများအပြား ပါဝင်လှုပ်ရှားနေပါတယ်။

မောင်းပြန်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တိုက်ပွဲဝင်နေတဲ့ အမျိုးသမီး ရဲဘော်တွေ၊ ဒဏ်ရာရထားတဲ့ရဲဘော်တွေကို အသက်ကယ်နေရင်း မျှော်လင့်ချက်ဇောအရောင် တဖိတ်ဖိတ်တောက်နေတဲ့ ရဲရင့်တဲ့ အမျိုးသမီး ဆေးမှူးတွေသာမက နေပူပူမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး မေးကြောတင်းနေအောင် အော်ဟစ်ကြွေးကြော်နေတဲ့ သပိတ်တပ်ဦးက အမျိုးသမီးတွေ စသဖြင့် ရုပ်ပုံလွှာအသီးသီးကို အထင်အရှား မြင်တွေ့ခဲ့ရပါပြီ။

ဒီလို အမျိုးသမီးတွေထဲ မဖူးပွင့်ဝေလည်း တစ်ဦးအပါအဝင်ပါ။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မဖူးပွင့်ဝေဟာ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာ ရှိတဲ့ ကျေးရွာတစ်ခုမှာ မွေးဖွားခဲ့သူပါ။

သူဟာစစ်တပ်ဆန့်ကျင်ရေးသပိတ်တွေမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ သပိတ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို အညာဒေသက စစ်ဘေးရှောင်တွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘ၀ တတိယပညာသင်နှစ်တက်ဖို့ စိုင်းပြင်နေတုန်းမှာပဲ အာဏာသိမ်းစစ်အုပ်စုကြောင့် စာသင်ခန်းကို ကျောခိုင်း တော်လှန်ရေးနယ်ပယ်ထဲ ခြေစုံပစ် ဝင်ရာက်လာသူဖြစ်ပါတယ်။

မဖူးပွင့်ဝေအပါအဝင် မိသားစုဝင် ခြောက်ဦးလုံးဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်ကြီးတွေလို့ ဆိုရမယ့် လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၊ ဆန္ဒပြသပိတ် အစရှိတဲ့ ကဏ္ဍစုံမှာ ပါဝင်လှုပ်ရှားနေကြတာပါ။

ဘာကြောင့် ဒီလိုပြောရလဲဆိုရင် မဖူးပွင့်ဝေရဲ့ ဖခင်ဖြစ်သူဟာ အာဏာမသိမ်းခင်က တရုတ် ဝမ်ပေါင်ကုမ္ပဏီမှာ အလုပ်ဝင်နေခဲ့ရာက စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။ ဒီနောက် ဆန္ဒပြသပိတ်တွေမှာပါခဲ့ပြီး အခုတော့ NUG အစိုးရလက်အောက်ခံ ရပ်/ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ဆက်လက်ထမ်းဆောင်နေပါတယ်။

အလားတူ အမဖြစ်သူကတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာ လှုပ်ရှားတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ မောင်တစ်ဦးက ယင်းမာပင်ခရိုင်ထဲ့ တက်ရင်းတခုက ရဲဘော်ဖြစ်ပြီး နောက်ထပ် မောင်ငယ်တစ်ဦးကတော့ အညာဒေသက စစ်ဘေးရှောင်အရေးတွေမှာ ဝိုင်းကူနေပါတယ်။ ဖခင်ဖြစ်သူဟာ မိသားစုတစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးကြီးဖြစ်တယ်လို့လည်း မဖူးပွင့်ဝေက ဆိုပါတယ်။

မဖူးပွင့်ဝေဟာ လမ်းမပေါ် သပိတ်ဆန္ဒပြပွဲစတင်ခဲ့တဲ့ အချိန်ကနေ ဒီကနေ့ကာလအထိ မြေပြင်မှာ တတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားမှုပေါင်းစုံနဲ့ တော်လှန်ရေး လှိုင်းကြမ်းမှာ ပါဝင်နေဆဲပါ။

သူတို့ မိသားစုလိုက်ကြီး တော်လှန်ရေးနယ်ပယ်ကဏ္ဍအသီးသီးထဲ ခြေစုံပစ်ဝင်လိုက်တဲ့အခါ တစ်ဖက်မှာလည်း ထိခိုက်ဆုံးရှုံးမှုတွေ အနည်းအကျဉ်းတော့ ရှိတယ်လို့ မဖူးပွင့်ဝေက ပြောပြပါတယ် ။ လက်ရှိမှာဆိုလည်း သူတို့ပိုင်ဆိုင်တဲ့ နေအိမ်တစ်လုံးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့မှုကြောင့် ပြာကျခဲ့ရပါပြီ။ ဒါပေမဲ့ ဒီလိုဆုံးရှုံးမှုတွေဟာ အညာဒေသက ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရတဲ့ ပြည်သူတွေနဲ့ ယှဉ်ရင် ပြောပလောက်စရာ မရှိဘူးလို့ သူကပြောပါတယ်။

အမျိုးသမီးငယ်တစ်ဦးအနေနဲ့ တော်လှန်ရေးနယ်ပယ်ထဲကို ခြေစုံပစ်ဝင်သွားတဲ့အခါတစ်ဖက်ကလည်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက များပြားလွန်းတယ်လို့ မဖူးပွင့်ဝေက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်းမှာ သူအပါအဝင် ရဲဘော်ရဲဘက်တွေအတွက် စားစရာ ဆန်မရှိတဲ့ ပြဿနာအပါအဝင် အခက်အခဲတွေ အများကြီးကြုံရတဲ့အခါ ခိုးပြီး ငိုကြွေးခဲ့ရတဲ့ ရက်တွေဟာလည်း မနည်းဘူးလို့ မဖူးပွင့်ဝေက ဆိုပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ငိုကြွေးခဲ့ရင်တောင်မှ မနက်ဖြန်မှာ စိတ်သစ်လူသစ်နဲ့ တော်လှန်ရေးခရီးကို ဆက်လှမ်းဖို့ အားယူခဲ့တယ်လို့လည်း သူက မျှဝေခဲ့ပါသေးတယ်။

မဖူးပွင့်ဝေအတွက် စစ်ကောင်စီတပ်ရဲ့ ရက်စက်မှုနဲ့ အပြုအမူတွေကို နေ့စဉ်မြင်တွေ့နေကြဖြစ်တယ်လို့ ဆိုပါတယ်။ မဖူးပွင့်ဝေ အများဆုံးမြင်တွေ့ရတာကတော့ စစ်ကောင်စီလက်ချက်ကြောင့် မီးလောင်ပြင်ဖြစ်သွားခဲ့ရတဲ့ ကျေးရွာတွေက ပြာပုံတွေပါ။

အညာမြေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာလုံးကျွတ် မီးရှို့ လူ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပေမဲ့လည်း ပြည်သူတွေအနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘဲ တော်လှန်ရေးဟာ အောင်မြင်မယ်လို့ သူက ယုံကြည်ပါတယ်။

မဖူးပွင့်ဝေအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း တချိန်တည်းမှာပဲ အစဉ်အဆက် အမျိုးသမီးတွေအပေါ် ခွဲခြားရှုမြင်ကြတဲ့ အလေ့အထတွေကိုပါ ပပျောက်စေချင်တယ်လို့ ပြောပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ လုပ်ကိုင်နိုင်တယ်ဆိုတာကို သူက သက်သေပြချင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ကြပြီး မိမိတို့ အသံတွေကို များများထုတ်ဖော်ပေးကြဖို့လည်း မဖူးပွင့်ဝေက တိုက်တွန်းထားပါသေးတယ်။

ဆန္ဒတွေပြ သပိတ်တွေစမှောက်တုန်းကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးစေလိုတဲ့ ရည်ရွယ်ချက်ပဲ စိတ်ထဲရှိခဲ့ရာက နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ဟာ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံး တန်းတူညီတူရှိပြီး အမှန်တစ်ကယ် အစစ်အမှန် လွတ်မြောက်ဖို့ ဖြစ်တယ်ဆိုတာကို ပိုနားလည် သဘော ပေါက်လာတယ်လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia