အခက်အခဲကြားက ပုံစံမျိုးစုံနဲ့ ရုန်းကန်နေကြတဲ့ CDM များ

23 July 2023

အခက်အခဲကြားက ပုံစံမျိုးစုံနဲ့ ရုန်းကန်နေကြတဲ့ CDM များ

ကန္တာရဝတီတိုင်း(မ်)

တနေ့တနေ့ အိမ်အလုပ်တွေနဲ့ အလှုပ်ရှုပ်နေတဲ့ ဒေါ်နန်း( အမည်လွှဲ)တစ်ယောက် တနေ့တာ ဘယ်လိုကုန်ဆုံးသွားရသလဲ…. ည ဘယ်လိုရောက်သွားရသလဲ ဆိုတာကိုတောင်မသိတော့ဘဲ သူမတစ်ယောက် အပြင်လောကနဲ့ ကင်းကွာနေပါတယ်။

ဒါတွေဟာ ဒေါ်နန်း တစ်ယောက် လိုချင်ခဲ့တဲ့ ဘဝပုံစံမဟုတ်ခဲ့ပါဘူး။

အာဏာမသိမ်းခင်က ဒေါ်နန်းဟာ မိသားစုအတွက် မိခင်ကောင်းတစ်ယောက်၊ ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အပြင်၊ သူမကျွမ်းကျင်ရာ တတ်ကျွမ်းခဲ့တဲ့ ပညာနဲ့ အစိုရရုံးတစ်ခုမှာ အလယ်အလတ်ရာထူး၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်းနောက်ဆက်တွဲတွေကြောင့် လက်ရှိ ဒေါ်နန်းတို့မိသားစုဟာ အရင်နေထိုင်ခဲ့တဲ့ ဝန်ထမ်းအိမ်ယာကို ကျောခိုင်းပြီး အမျိုးသားဖြစ်သူရဲ့ မိဘ (ယောက္ခမ) အိမ်မှာ သွားရောက် နေထိုင်ခဲ့ရတာပဲဖြစ်ပါတယ်။

ဒေါ်နန်းနဲ့ သူမရဲ့ ခင်ပွန်းဟာ အစိုးရရုံးတစ်ခုမှာ အလုပ်အတူတူ လုပ်ကိုင်ကာ သားသမီးနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ပြီး၊ မချမ်းသာသည့်တိုင် စားစရာ၊ နေစရာ အပူအပင်ကင်းစွာနဲ့ဖြတ်သန်းခဲ့ရတဲ့ ဘဝကနေ လက်ရှိ မိဘအိမ်မှာ ပြန်လည်နေထိုင်ကြရမယ်လို့ မတွေးထင်ခဲ့ဖူးမှာတော့ အမှန်ပါပဲ။

သို့ပေမယ့် သူမတို့ ဇနီးမောင်နှံဟာ “ရှေ့သွားနောက်လိုက်ညီ” ဆိုသလို နှစ်ယောက်သား သတ္တိရှိစွာနဲ့ အကြမ်းမဖက်အာဏာဖီဆန်မှု CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပါတယ်။ ဒေါ်နန်းကတော့ အိမ်မှာ လူပိုမဖြစ်ရလေအောင် အိမ်အလုပ်တွေကို တာဝန်ယူပြီး၊ အမျိုးသားဖြစ်သူကတော့ မိသားစုဝင်ငွေရဖို့ ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်နေရပါတယ်။

“ဝမ်းတော့မနည်းဘူး၊ ဘယ်လိုမှ မနေဘူး ။ ဒါကလေ ဒီအချိန်မှာက ကျော့ကျော့မော့မော့နဲ့လည်း ရုံးမတက်ချင်ဘူး ဒီလိုလုပ်ရတာလည်း ဂုဏ်ယူတယ်။ ဒါကတော့ လုပ်ရမှာပဲလေ အလုပ်ဆိုတာ လူတိုင်း လုပ်ရတာပဲ၊ ကိုယ်မှကွက်ပြီး လုပ်ရတာမဟုတ်ဘူးပေါ့နော်။ ဘာမှ မဖြစ်ဘူးလို့၊ ကိုယ်တွေကံပေါ့ ဝမ်းလည်းမနည်းဘူး။ ဘယ်လိုမှ ကိုယ်ကလေ ကျေနပ်တယ် ဒုက္ခရောက်လည်း ဘယ်လိုမှကို မဖြစ်တာ ။ နောင်တလည်း မရဘူး။ ပျော်တောင်ပျော်သေးတယ်။ အခုဆို ဘာမှ ပူစရာမရှိဘူး တနေ့တနေ့ အိမ်မှာပဲ။ ဟင်းမကောင်းလည်း ဘာမှ မပူဘူး။ ခေတ်ကောင်းရင်တော့ တမျိုးပေါ့။ သူ(အမျိုးသား) လုပ်ရတော့လည်း ဘာဖြစ်လဲ။ လုပ်နိုင်သရွေ့လုပ်တာပေါ့။ အဲလိုပဲ…” လို့ ဒေါ်နန်း တစ်ယောက် သူမ အမျိုးသားအလုပ်ကြမ်း လုပ်ရတဲ့အပေါ် ဂုဏ်ယူစွာနဲ့ ပြောပြနေပေမယ့် သူမရဲ့ စကားသံတွေက ဝမ်းနည်းမှုတွေကို ထင်ဟပ်ဖော်ပြနေပါတယ်။

ဒေါ်နန်းကတော့ သူမ မိသားစုအပေါ်ထားတဲ့ ရည်မှန်းချက်တွေဟာ စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အကုန်လုံး ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

နေ့စဉ် တိုက်ပွဲပြင်းထန်တဲ့ ကရင်နီပြည်မှာ ကုန်ဈေးနှုန်းမြှင့်တက်တာက တကြောင်း၊ အလုပ်အကိုင် ရှားပါးတာက တဖုံ၊ အထူးသဖြင့် CDM မှာ ပါဝင်တဲ့ သူတွေဆိုရင် စစ်ကောင်စီက အလုပ်အခန့်ဖို့ ပိတ်ပင်ထားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေပါတယ်။ အဲဒါတွေကြောင့်လည်း ဒေါ်နန်းတို့လို မြို့ပေါ်နေ CDM တွေ စားဝတ်နေရေးအတွက် ရုန်းကန်ဖို့ ပိုမိုခက်ခဲနေတာပါ။

ဒေါ်နန်း တို့လိုပဲ ရန်ကုန်နည်းပညာတက္ကသိုလ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနက ကထိကရာထူးကို စွန့်လွှတ်ပြီး CDM မှာ ပါဝင်လာသူကတော့ မော်မိုးမြာ (အမည်လွှဲ)ပါ။ သူမကတော့ ပညာရေး နယ်ပယ်မှာ ပညာလိုက်စားသူပီပီ CDM မှာ ပါဝင်မှုကြောင့် သူမရရှိထားတဲ့ ပညာသင်ဆုကို လက်လွှတ်ခဲ့ရပါတယ်။

“ကျမ ဒီ ရန်ကုန်နည်းပညာတက္ကသိုလ်ကို ရောက်သွားတဲ့အခါမှာ ရည်မှန်းထားတာ၊ ကြိုးစား နေတာကတော့ scholarship နဲ့ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့။ ဟိုဖက်ကလည်း ကမ်းလှမ်းလာတာတွေ ရှိနေပြီ။ အဲ့ချိန်မှာပဲ ဒီလိုမျိုးကိစ္စထပြီးတော့မှ ဖြစ်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ အဲ့ရည်မှန်းချက်ကလည်း ပျောက်ဆုံးသွားတယ်ပေါ့နော်” လို့ မော်မိုးမြာက ဝမ်းနည်းစွာပြောပြလာပါတယ်။

လက်ရှိ မော်မိုးမြာကတော့ ကရင်နီပြည်မှ လွတ်မြောက်နယ်မြေတနေရာမှာ ရောက်ရှိနေတာဖြစ်ပြီး အွန်လိုင်း ပညာရေးတစ်ခုမှာ ပညာဆက်လက်သင်ကြားပေးနေပါတယ်။ လွတ်မြောက်နယ်မြေ မရောက်ခင်မှာလည်း သူမဟာ ကရင်နီပြည်က ကိုယ်ထူကိုယ်ထ ကျောင်းတစ်ခုမှာ အထက်တန်းတက်ရောက်နေတဲ့ စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးမှာ စိတ်အားထက်သန်ခဲ့တဲ့ မော်မိုးမြာကတော့ လူငယ်တွေကို မျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ ဆက်လက်ကြိုးစားဖို့လိုသလို စစ်ကောင်စီကို ကိုယ်တတ်နိုင်တဲ့ဖက်ကနေ တွန်းလှန်ကြဖို့ တိုက်တွန်းထားပါတယ်။

“ကိုယ်တောင်မှ ဒီအသက်ရွယ်ရောက်တဲ့ချိန်မှာလည်း ကိုယ့်ရည်မှန်းချက်တွေ ပျောက်နေသေးတာပဲ၊ ဆိုတော့ လူငယ်တွေလည်း အများကြီး ကိုယ့်ထက်ဆိုးတာတွေကို အများကြီးလည်း ကြုံခဲ့တယ် ကြားခဲ့တယ်၊ ကိုယ် ကိုယ်တိုင်လည်း သူတို့ကို အားပေးခဲ့တာတွေ ရှိတယ်ပေါ့နော။ ကြိုးစားကြမယ် သည်းခံကြမယ်ပေါ့။ ပြီးလို့ရှိရင် ဒီအသက်အရွယ်တစ်ခု ဆိုတာကြီးက ထားခဲ့ပြီးတော့မှ ကိုယ့်ရဲ့ တကယ်လိုချင်တဲ့ ပန်းတိုင်ကို လျှောက်လှမ်းကြဖို့ပေါ့နော၊ ပြန်ပြီးတော့ ကြိုးစားကြဖို့ ပြောချင်ပါတယ်” လို့ မော်မိုးမြာက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်အာဏာသိမ်းထားတာ (၃) နှစ်ထဲကို ရောက်ရှိလာခဲ့ပါပြီ။ CDM မှာ ပါဝင်ခဲ့ကြတဲ့သူတွေမှာလည်း မိသားစု စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရတဲ့ သူတွေရှိသလို၊ တချို့မှာလည်း လုံခြုံရေးအခက်အခဲ စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့သူတွေ များစွာ ရှိနေဆဲပါပဲ။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်မှု CDM မှာ ပါဝင်ခဲ့တဲ့ ကရင်နီပြည် အစိုးရရုံးတစ်ခုမှ အရာရှိ CDM တစ်ဦးကတော့ စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် မိသားစုနဲ့အတူ တတိယနိုင်ငံကို ခိုလှုံခွင့်ရခဲ့ပါတယ်။

အဆိုပါ အရာရှိ CDM တစ်ဦးဟာ လက်ရှိ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတာဖြစ်ပြီး တခြား တိုင်းတစ်ပါးကို ရည်ရွယ်ချက်မရှိ ၊ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရုတ်တရက် ရောက်သွားတာ ကြောင့် ယခင်နေထိုင်ခဲ့တဲ့ ဘဝထက် အခက်အခဲများစွာကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

“ဒီကိုရောက်လာတာ အရင်က ကိုယ်နေခဲ့တဲ့ နေရာကထက် အခက်အခဲတွေ အများကြီးပိုရှိတယ်။ ဥပမာ အနေနဲ့ ကိုယ်နေ့စဉ် အံဝင်ခွင်ကျဖြစ်နေတဲ့ အလုပ်အကိုင်တွေ နောက်ပြီးတော့ ကိုယ့်ရဲ့ နေရာဒေသတွေ ပြီးတော့ ကိုယ့်ရဲ့ မိဘ၊ မောင်နှမ ၊ ဆွေမျိုး အသိုင်းအဝိုင်း သူငယ်ချင်းတွေ အားလုံး မရှိတဲ့နေရာကို သွားပြီးတော့မှ နေထိုင်ရတာ အသက်မွေးဝမ်းကြောင်းရတာ ဖြစ်တဲ့အတွက် အားကိုးစရာ လိုအပ်လာတဲ့အခါကျရင် အခက်အခဲတွေ အများကြီးရှိတယ်” လို့ သူက ပြောပါတယ်။

ဒါတွေအပြင် လက်ရှိရောက်နေတဲ့ နေရာဒေသမှာ အံဝင်ခွင်ကျဖြစ်ဖို့ အဲဒီနိုင်ငံက ယဉ်ကျေးမှုတွေ၊ ဥပဒေတွေ၊ နေထိုင်မှုပုံစံတွေကအစ အစားအသောက်တွေအဆုံး ကိုယ့်နေခဲ့တဲ့ ဒေသနဲ့ မတူညီတာကြောင့် အစကနေ ပြန်လေ့လာရတဲ့အတွက် ပိုအခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းမှာ ဌာနဆိုင်ရာ ကဏ္ဍအသီးသီးမှ အကြမ်းမဖက်အာဏာဖီဆန်မှု CDM မှာ ပါဝင်သူ ဝန်ထမ်းပေါင်း ၈၀၀၀ နီးပါး ရှိတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ CDM ကော်မတီက ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) အနေနဲ့ CDM မှာပါဝင်လာတဲ့ မည်သူကိုမဆို လက်ခံကြိုဆိုပြီး၊ အံဝင်ခွင်ကျဖြစ်တဲ့ ဌာနတွေမှာ ပြန်လည် အလုပ်ခန့်အပ်တာတွေရှိတယ်လို့ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ ဘာပဲဖြစ်ဖြစ် CDM အားကောင်းရေးအတွက် ဆက်လုပ်နေတာရှိတယ်။ ခုနက လိုပဲ တော်လှန်ရေး ကာလမှာတော့ ကျနော်တို့က သာမာန် အခြေအနေ မဟုတ်ဘူး၊ အခက်ခဲမျိုးစုံနဲ့ ကြုံနေရတယ် လူထုရဲ့ စားဝတ်နေရေး၊ လုံခြုံရေး ကျန်တဲ့ကိစ္စအဝဝကို ကျနော်တို့က တစ်ဖက်က ရန်သူကိုတိုက်ရင်း တစ်ဖက်ကလည်းဒီလို အခက်အခဲတွေ ဖြေရှင်းပေးရတဲ့အတွက်ပေါ့နော် အလုံးစုံ ပြည့်စုံတာမျိုးတော့ ကျနော်တို့ ဘယ်လိုမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘူး ဒါပေမယ့် အတတ်နိုင်ဆုံးကတော့ ကျနော်တို့ ဆောင်ရွက်နေတာမျိုးတော့ ရှိပါတယ်” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

CDM မှာ ပါဝင်လာကြတဲ့သူတွေဟာ မိမိတတ်ကျွမ်းထားတဲ့ ပညာ၊ ဝါသနာတွေကို ကျောခိုင်းပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လက်ရှိအချိန်ထိ အခက်အခဲမျိုးစုံကြားမှာ ရုန်းကန်တွန်းလှန် နေကြရတာပါ။
ဒေါ်နန်းကတော့ သူမ မိသားစုတစ်ခုလုံးကို ပုံအောပေးထားပြီး တော်လှန်ရေးအောင်မှသာ သူမတို့ မိသားစုအတွက်ရည်မှန်းချက်တွေ ပြန်လည်ရှင်သန်နိုင်မှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

“ကျမတို့ မိသားစုလည်း ဒါက (တော်လှန်ရေး) အောင်ရင်ရပြီ။ ကျမတို့ မိသားစုလည်း အဆင်ပြေသွားပြီပဲ။ ကျမတို့ မအောင်မချင်းတော့ ကျမတို့ မိသားစုလည်း ရည်မှန်းချက် မရှိဘူး။ ဘာမှကို မဖြစ်ချင်ဘူး”


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia