စစ်ကောင်စီရဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရသူ ကိုဂျင်မီ

22 July 2023

စောဖိုးခွား (ဝါရှင်တန်ဒီစီ) | 2023.07.22

၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန် NLD ရုံးချုပ်မှာ ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ။ Photo: Reuters

 

ဒီမိုကရေစီဆိုတာ အကြောက်တရားမရှိတာကို ပြည်သူတွေ လိုချင်တာဖြစ်ပါတယ်။ တကယ်တော့ မြန်မာပြည်သူတွေဟာ သည်းညည်းခံစိတ်နဲ့ ငြိမ်ခံစိတ်ကို မကွဲဘူးလို့ ထင်ပါတယ်”

ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ကြိုးပေးသတ်ဖြတ်ခံရတဲ့အထိ နှစ်ပေါင်း ၃ဝ ကျော် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပါပြီ။

အဲဒီနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်အင်းလျားကန်ပေါင်မှာ ဆန္ဒပြကျောင်းသားတွေကို မဆလအစိုးရရဲ့ လုံထိန်းရဲတွေက ရိုက်နှက်သတ်ဖြတ်တဲ့ တံတားနီ အရေးအခင်းဖြစ်ခဲ့ပါတယ်။

“မတ်လ ၁၆ ရက် ဗုဒ္ဓဟူး ဝင်ခွဲတဲ့နေ့ကို ကျွန်တော်မမေ့ဘူး။ နောက်ကနေ လာပြီလို့ အော်တဲ့အချိန်မှာ ကားအပြာကြီးက နောက်ကနေကျောင်းသားတွေကိုဝင်တိုက်တာ၊ ကျွန်တော်အိပ် လိုက်တိုင်း အိပ်မပျော်ဘူး”

ဒီအရေးအခင်းက ကိုဂျင်မီကို အာဏာရှင်ဆန့်ကျင်တဲ့ နိုင်ငံရေးထဲ တွန်းပို့ပေးခဲ့ပါတယ်။

နိုင်ငံရေး ဖြတ်သန်းမှု

“စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်ခေါင်းဆောင်တွေက ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီမှာ ပါတီခေါင်းဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်” ကိုဂျင်မီရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ဒေါ်နှင်းနှင်းမွေးက ပြန်ပြောင်းပြောပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးလည်း အဲဒီအချိန်ကာလတွေကို မေ့မရပါဘူး။

“၁၉၈၉ ခုနှစ်မှာ ကျွန်တော်တို့က တယ်လီဖုန်းနဲ့ ဆက်တာ၊ ကိုဂျင်မီပေ့ါ ကျွန်တော်တို့တွေ ကိုဂျင်မီပါတီထဲဝင်ချင်လို့ပေါ့၊ နောက်မှ ကျွန်တော်တို့ စနောက်ဆက်နေတာ သူလည်းသိသွားရော၊ ကျွန်တော်တို့ကို ဆဲကြဆိုကြပေါ့ဗျာ” ဦးမြအေးက ရယ်လျက် ပြောပါတယ်။

AP793710469478.jpg

ကိုဂျင်မီရဲ့ နိုင်ငံရေးဖြတ်သန်းမှုအနှစ် ၃ဝ ကျော်မှာ အကျဉ်းချခံခဲ့ရတဲ့အချိန်က နှစ်ပေါင်း ၂ဝ ကျော်ရှိခဲ့ပါတယ်။

” ကျွန်တော်ဒီနေ့လွတ်တယ်ဆိုတာနဲ့ နောက်နေ့ပြန်ဖမ်းခံရဖို့က အဆင်သင့်ပဲ” ၂ဝဝ၆ ခုနှစ်က ရန်ကုန်မြို့ တစ်နေရာမှာ AP သတင်းဌာနနဲ့ မေးမြန်းစဉ် ကိုဂျင်မီက ပြောပါတယ်။

ဒေါ်နှင်းနှင်းမွေး (ကိုဂျင်မီရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်) – “ကိုဂျင်မီဟာ သူလုပ်မယ်ဆိုတဲ့အလုပ်ကို မဖြစ်မနေလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တယ်။ သူယုံကြည်တဲ့ အလုပ်ကို ယုံကြည်သလို စွဲစွဲမြဲမြဲလုပ်တဲ့သူဆိုတာ ကျွန်မမှတ်မိနေတယ်”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး – “၈၈ တန်းမှာ သူကအသက်အငယ်ဆုံးလို့ ပြောလို့ရတယ်။ (ပြောလို့ရပါတယ်။) ပြောမယ်ဆိုရင် ကျွန်တော်တို့ ၈၈ ကျောင်းသားတွေကြားမှာ အရမ်းရင်းနှီးတဲ့ ညီအစ်ကိုရင်းတွေလို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကြီးကြတယ်”

ထောင်ထဲမှာ ဖူးစာဆုံခဲ့

၁၉၈၉ ကနေ ၂ဝဝ၅ ခုနှစ်အထိ အင်းစိန်ထောင်မှာ ၇ နှစ်၊ သာယာဝတီထောင်မှာ ၉ နှစ်၊ စုစုပေါင်း ၁၆ နှစ်နေခဲ့ရပါတယ်။

ပဲခူးတိုင်း သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့အချိန်မှာပဲ သူ့လိုအကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းနဲ့ ဖူးစာဆုံခဲ့ပါတယ်။

138907080_3446434172131777_1294425377707613892_n.jpg
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် ဇနီး မနီလာသိန်း (Photo: Nilar Thein)

“ဖူးစာကတော့ ပါလာတယ်ပဲပြောရမယ်။ ထောင်ထဲမှာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်ကြတယ်။ ကွန်တော်တို့ကို ၄ဝ၁(၁) အရ ခြွင်းချက်မရှိ လွှတ်ပေးတဲ့ထဲမှာ အတူတူပါလာတာ” လို့ ကိုဂျင်မီက ကမာရွတ်မီဒီယာနဲ့ မေးမြန်းခန်းမှာ ပြန်ပြောင်းပြောပြပါတယ်။

အိမ်ထောင်ကျလို့ သမီးလေးရပြီး မကြာခင်မှာပဲ ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းမှာ နောက်တစ်ခါ ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံခဲ့ရပြီး တောင်ကြီး တောင်လေးလုံးထောင်မှာ နေခဲ့ရပါတယ်။

ဦးသိန်းစိန် အစိုးရတက်လာပြီး လွတ်ငြိမ်းခွင့်နဲ့ ထောင်ကနေ ပြန်လွတ်လာပါတယ်။

စာပေ၊ဂီတကို ချစ်မြတ်နိုးသူ

ကိုဂျင်မီဟာ စာပေနဲ့ ဂီတအနုပညာဘက်မှာလည်း ဝါသနာရင့်သန်သူပါ။

“နိုင်ငံရေးမှာ အနုပညာမပါလို့မရဘူး။ ကျွန်တော်လည်း နှလုံးသားရှိတဲ့သူတစ်ယောက်ဖြစ်လို့ အချစ်သီချင်းတွေလည်းရေးပါတယ်။ အချစ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော်ခံစားတတ်ပါတယ်” ၂ဝ၁၇ ခုနှစ် ရန်ကုန်မြို့က သူ့ရဲ့ တေးစီးရီး မိတ်ဆက်ပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

Jimmy-3.jpg
၂ဝ၁၉ ခုနှစ်က နေပြည်တော် အခမ်းအနားတစ်ခုမှာတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ ကိုဂျင်မီနှင့် ကိုမင်းကိုနိုင်။ (Photo – Thein Htain)

ကိုဂျင်မီရဲ့ စာပေကလောင်ကွဲ တစ်ခုကတော့ “ဘုန်းသုခ” ဆိုတဲ့နာမည်ပါ။ အဲဒီကလောင်နာမည်နဲ့ ရတီ။ နှလုံးအိမ်၊ ချယ်ရီ၊ အိုင်ဒီယာမဂ္ဂဇင်းတွေမှာ စာရေးသားခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး – ” ဟိုးအရင်ကတည်းက သီချင်းတွေဆိုတာ၊ ထောင်ထဲမှာဆိုရင် ကြမ်းခင်းခေါက်ပြီးရေးခဲ့တာ၊ နောက်ပိုင်းဒီဘက်မှာတော့ ပုံးဂီတာပေါ့၊ ပလတ်စတစ်ပုံးကို ဂီတာလုပ်ပြီး ဖြတ်သန်းလာတဲ့ခေတ်၊ သီချင်းတွေထောင်ထဲမှာ ရေးခဲ့တာ”

NLD အရပ်သားအစိုးရ တက်လာတဲ့အချိန်မှာလည်း လွှတ်တော်နိုင်ငံရေးထဲမဝင်ဘဲ စာတွေကဗျာတွေရေး၊ သီချင်းတွေဆို၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး တရားဟောပွဲတွေထွက်၊ မိသားစုနဲ့ ပျော်ပျော်နေနေတဲ့ ကိုဂျင်မီပါ။

“ကလေးကိုယ်ဝန်ရပြီလို့ သိတဲ့အချိန်မှာ ကလေးကိုကြိုတောင်းပန်ထားမှဖြစ်မယ်။ ဒီအဖေ အမေရဲ့ သားသမီးအဖြစ် ဝင်လာရင်တော့ ဒုက္ခတွေကြုံရလိမ့်မယ်။ ဒုက္ခတွေအတွက် အဖေအမေကို နားလည်ပေးပါလို့ “

သူတို့ရဲ့ တစ်ဦးတည်းသောသမီးလေးကတော့ အခုချိန်မှာ အဖေမဲ့ဘဝနဲ့ ကျန်ရစ်ခဲ့ပါပြီ။

Jimmy-Family.jpg
ကိုဂျင်မီနှင့် မိနီလာသိန်းမိသားစု ငယ်ဘဝ (Photo – Obtain by RFA)

လက်နက်ကိုင်လမ်းစဉ်

မိသားစုနဲ့ ပျော်နေတဲ့ ကိုဂျင်မီ တစ်ယောက် ၂ဝ၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းတစ်ခါ ပြန်ကြုံရချိန်မှာတော့ အများနည်းတူ လမ်းမပေါ် ပြန်ထွက်လာပါတယ်။

“ဒါမမှားဘူးဗျ၊ လိုအပ်ချက်အရ၊ တစ်ဖက်က ရက်စက်ကြမ်းတမ်းလာပြီ၊ နိုင်ငံရေးအရ ထွက်ပေါက်ပိတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လက်နက်ကိုင်ရတာဖြစ်သလို၊ နိုင်ငံရေး အရလိုအပ်ချက်အရ ဖိအားပေးဖို့ NUG အစိုးရက ပြင်ဆင်ရတာ” လို့ စစ်ကောင်စီကြောင့် လူငယ်တွေ လက်နက်ကိုင်ခဲ့ရတဲ့အကြောင်း မြန်မာနောင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Sequence 03.00_07_32_12.Still007.jpg
အာဏာသိမ်းစစ်ကောင်စီ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကိုဂျင်မီရုပ်ပုံ။

ဒေါ်နှင်းနှင်းမွေး (ကိုဂျင်မီရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ) – “ဒီမိုကရေစီရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့သူတွေကို လက်နက်အားကိုးနဲ့ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းတဲ့ အခါမှာ ပြည်သူတစ်ရပ်လုံးက ဒီကောင်တွေကို ငါတို့ လက်နက်ကိုင်မှ ရတော့မယ်ဆိုပြီး လက်နက်ကိုင်ခဲ့ကြတာ။ ဒါကို နိုင်ငံရေးသမားတိုင်းက ထောက်ခံတာဖြစ်တယ်။ ဒါကို ကိုဂျင်မီဟာလည်း ဒီလိုနိုင်ငံရေးသမားမျိုး ဖြစ်တော့ လက်နက်ကိုင်တော်လှန်ရေးမှာ ထောက်ခံတဲ့စိတ်နဲ့ စစ်အုပ်စုကို ပြန်ခံချမှဖြစ်တော့မယ် ဆိုတဲ့စိတ်နဲ့ ခံယူချက်နဲ့ လုပ်ခဲ့တာ”

ဒီလိုနဲ့ ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုဟာ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။

ဆူပူအောင်လှုံ့ဆော်တယ်၊ လက်နက်ကိုင်ပုန်ကန်တယ် ဆိုတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက သူ့ကို သေဒဏ်ချလိုက်ပါတော့တယ်။

ကြိုးပေးကွပ်မျက်ခံရတဲ့နေ့

အဖမ်းခံရပြီးကတည်းက မိသားစု လုံးဝသတင်းမကြားရ၊ အဆက်အသွယ်မရခဲ့ပေမဲ့ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ မထင်မှတ်ဘဲ ရန်ကုန်အင်းစိန်ထောင်မှာ မိသားစုနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာ ပေးတွေ့ခဲ့ပါတယ်။

နောက်တစ်နေ့ ဇူလိုင် ၂၃ ရက်နေ့ မနက် ၃ နာရီလောက်မှာတော့ စစ်ကောင်စီက သူ့ကို ထောင်ထဲမှာ ကြိုးပေးကွပ်မျက်လိုက်တယ်ဆိုတဲ့အကြောင်း ၂၅ ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

Sequence 03.00_07_45_16.Still006.jpg
စစ်ကောင်စီသတင်းစာမှာ ဖော်ပြခဲ့သည့် ကြိုးပေးကွပ်မျက်ပြီးစီးကြောင်း အသိပေးချက်။

” ပေးဆပ်မှုသံသရာစက်ဝန်းထဲက လွတ်မြောက်ပြီး တိုင်းပြည်ကြီးဟာ ပေးဆပ်ခဲ့သူတွေ မျှော်မှန်းတဲ့ အနာဂတ်ကိုမျှော်မှန်းတဲ့အချိန် မြန်မြန်ရောက်ချင်တာပေါ့ဗျာ၊ (မြန်မြန်ရောက်ချင်တယ်) အဲ့ဒါမှ နိုင်ငံလည်းကောင်းမယ်၊ ပြည်သူတွေလည်းကောင်းမယ်” လို့ ကိုဂျင်မီ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ တစ်နှစ်ပြည့်အချိန်မှာ ဦးမြအေး မျှော်လင့်နေပါတယ်။

“ငါတို့က တော်လှန်ရေးလုပ်တာ၊ တိုင်းပြည်အတွက်လုပ်တာ၊ သရဏဂုံမတင်ဘူး၊ မင်းတို့လုပ်စရာရှိတာလုပ်ပါ” လို့ ထောင်ပိုင်တွေကို ကိုဂျင်မီနောက်ဆုံးပြောခဲ့တယ်ဆိုတဲ့ သတင်းစကားတွေ လည်း လူထုကြားမှာပျံ့နှံ့ခဲ့ပါတယ်။

362274405_811661060598136_7087562694829257211_n.jpg
ကိုဂျင်မီနှင့်အတူ ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်။

ကျစ်ရစ်သူမိသားစု

ကိုဂျင်မီရဲ့ဇနီးမနီလာသိန်းကတော့ သတ်ဖြတ်ခံရတဲ့ သူ့ခင်ပွန်းအတွက် တရားမျှတမှုကို မျှော်လင့်နေပါတယ်။

” ဒါတွေဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ တစ်ချိန်ကျရင် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို လုပ်ဆောင်တဲ့သူတွေ ပြန်ခံစားရပါမယ်၊ ကိုဂျင်မီဟာ တော်လှန်ရေးအပေါ် ပြည်သူအပေါ် သစ္စာတရားနဲ့ နောက်ဆုံးချိန်ထိ သူ့သမိုင်းသူ ရှင်သန်အောင်လုပ်ဆောင်သွားခဲ့တယ်။ အဲဒါကြောင့် ကိုဂျင်မီ ဘယ်တော့မှ မသေဆုံးပါဘူး”

Jimmy.jpg
၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြကြစဉ်။ (Photo – Citizen Journalist)

“တရားတဲ့သူသာ နိုင်ကြေးဟေ့” ဆိုတဲ့ ကိုဂျင်မီရဲ့ ကဗျာလေးကတော့ လူထုကြားမှာ မှတ်မှတ်ရရ ကျန်ခဲ့ပါပြီ။

စစ်အာဏာရှင်တွေက သူ့ကိုကြိုးပေးကွပ်မျက်လိုက်ပေမဲ့ သူ့ကဗျာတွေ၊ စာတွေ၊ သီချင်းသံတွေနဲ့ သူ့ယုံကြည်ချက်က ရှင်သန်ကျန်ခဲ့ပါပြီ။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia