ကန္တာရဝတီတိုင်း( မ် )
“ ညသန်းခေါင်ချိန်ထပြေးတယ်။ ၁နာရီခွဲအချိန်မှာ ထပြေးလိုက်တယ်။ ဓာတ်မီးလည်းမထွန်းရဲဘူး။ ဓာတ်မီးထွန်းမယ်ဆိုရင် သူတို့ မီးအလင်းရောင်ကို ပစ်မှတ်ထားပြီး ပစ်ခတ်လာတတ်တယ်။ ဆိုပြီးတော့ ကျမတို့ မိုးချုပ်ချုပ်နဲ့ ပြေးလိုက်တယ်။ ဖိနပ်လည်းမပါဘူး ဘားမှမယူလိုက်ရဘူး။ အင်္ကျီအပိုတွေလည်း ကျမ မယူလိုက်ရဘူး။ ကျမတို့ ခန္တာကိုယ်တစ်ခုတည်းပဲ ပြေးလိုက်တယ်။”
ဒါကတော့ လေယာဉ်လာဗုံးကြဲခံရတဲ့ ညက မော်စူးမယ် အသက်လုပြေးခဲ့ရတဲ့ နာကျည်းစရာ ညနက် ဖြစ်စဉ်ကို ပြန်ပြောပြနေတာဖြစ်ပါတယ်။ သူ့အတွက် လေကြောင်းပစ်ခတ်ခံရမှုကနေ လုံခြုံနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ တောတောင်တွေကို ဖြတ်ကျော်ကာ ညအမှောင်ထဲ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘက်ကို ဘဝတူ စစ်ရှောင်တွေနဲ့အတူ လမ်းလျှောက်တလှည့် ပြေးတလှည့် သွားခဲ့ရပါတယ်။
မော်စူးမယ်နေထိုင်တဲ့ ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းကို ဇူလိုင်လ ၁၁ ရက်နေ့ ညသန်းခေါင်ချိန် မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၅ ကြိမ်တိတိ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ဒေါနိုးကူး စစ်ရှောင်စခန်းက စာသင်ကျောင်း၊ ဆေးခန်း၊ ကတ်သလစ်ဘုရားကျောင်း နဲ့ လူနေအိမ်အဆောက်အအုံတချို့ ကြေမွပျက်စီးခဲ့ရပါတယ်။
မော်စူးမယ်နေအိမ်ဟာ ဗုံးကျရောက်ခဲ့တဲ့ နေရာအနီးမှာ ရှိနေခဲ့တာကြောင့် သူမရဲ့ နေအိမ်လည်း တစ်စစီဖြစ်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဗုံးခိုကျင်းထဲအချိန်မီဝင်နိုင်ခဲ့တဲ့ မော်စူးမယ်တို့မိသားစုဟာ အသက်ဘေးကလွတ်ခဲ့တာပါ။
သူမရဲ့ အိမ်နီးချင်းအမျိုးသားတစ်ဦးကတော့ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ၅ ယောက်လောက်ရှိနေတယ်လို့ ပြောပါတယ်။
အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ပေမဲ့ ဗုံးပေါက်ကွဲမှုသံတွေကြောင့် မော်စူးမယ်ရဲ့ ၇ နှစ်အရွယ်ကလေးဟာ ထိန့်လန့်နေခဲ့ရတယ်လို့ ဆိုပါတယ်။
“ ပြေးသွားတဲ့အချိန် ကျမ တောင်ကို မတက်နိုင်တော့ဘူး။ နှလုံးရောဂါသာရှိမယ်ဆိုရင် အဲဒီမှာပဲ တက်သေနိုင်မယ်ထင်တယ်လို့ ကျမအမေကို ပြောနေတာ။ ကျမကလေးက တအားကြောက်လွန်းလို့ သူ့ခန္ဓာကိုယ်ဆိုရင် တောင့်တောင့်လေးဖြစ်သွားတယ်။ သူ့ခန္ဓာကိုယ်လည်း အေးနေတယ်။ သူ့ကို ကြောက်လားလို့မေးတာ ကြောက်တယ်လို့ပဲ သူဖြေတယ်။ ကျမအမေက သွေးတိုးရှိတာ တော်သေးလို့ သူမတက်သေပေးဘူး။” လို့ မော်စူးမယ်က ပြောပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် မော်စူးမယ်ရဲ့ သားလေးလိုပဲ စစ်ရှောင်အမျိုးသမီးတစ်ဦးက နောက်တစ်ရက်မှာ အကြောက်လွန်ပြီး သေဆုံးခဲ့ရတဲ့အထိဖြစ်ခဲ့ရသလို တချို့ကလေးငယ်တွေလည်း စကားမပြောတတ်တော့တဲ့အထိ ဖြစ်နေခဲ့ပါတယ်။
စစ်ကောင်စီကတော့ လူထုတွေရဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး ( ၂ ) က ပြောပါတယ်။
“သူချိန်မှတ်ထားပြီးသားပဲ ဘုရားကျောင်းတွေ စာသင်ကျောင်းတွေပေါ့နော။ နောက်ပြီးတော့ လူနေအိမ်တွေပဲဖြစ်တယ်။ ဆိုတော့ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိပဲနဲ့ ဒါလူထုတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာတွေ့ရတယ်။ စစ်ကောင်စီကတော့ လူသားမျိုးနွယ်မှုဆိုင်ရာ ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာပဲဖြစ်တယ်။ နိုင်ငံတကာကတော့ စစ်ကောင်စီကို အပြစ်ကင်းလွှတ်ခွင့်မပေးဘဲနဲ့ အပြစ်ပေးအရေးယူနိုင်တဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ကျနော် တောင်းဆိုချင်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
ဒီးမော့ဆိုမြို့ကနေ တိုက်ပွဲတွေကြောင့် တစ်နေရာကနေ တစ်နေရာကို တိမ်းရှောင်ရင်း နယ်စပ်အထိ ရောက်လာခဲ့ပေမယ့် လေကြောင်းဗုံးကြဲမှုကို ထပ်မံကြုံနေရတဲ့အတွက် ထပ်ပြေးစရာ ကရင်နီပြည်မှာ မြေမရှိတော့ဘူးလို့ ဆိုသူကတော့ ဒေါ်ဘျားမာပဲ ဖြစ်ပါတယ်။
“ ဒီအထိရောက်လည်း မလုံခြုံသေးဘူး။ ဘယ်လိုထင်လဲဆိုတော့ ဒီမှာဆို လက်နက်အသံ မကြားရတော့ဘူးလားပေါ့။ ဒါပေမယ့် ဒီကို ထပ်ပြေးရတာပဲ။ နောက်ထပ်ပြေးရမလားမသိ ပြေးရင်လည်း ဘယ်နားထပ်ပြေးရမလဲမသိဘူး။ မပြေးတတ်တော့ဘူး။” လို့ ဒေါ်ဘျားမာ ကပြောပါတယ်။
ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လက်ရှိ လေယာဉ်ဗုံးကြဲမှုကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းနိုင်ငံထဲ ရောက်လာတဲ့ ကရင်နီစစ်ရှောင် ၃၃၃၁ ဦးရှိနေပြီး ထိုင်းဘက်ကနေ လိုအပ်တဲ့ မိုးကာတွေနဲ့ စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးနေတာရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထဲက ရွာဟောင်းတစ်ခုမှာ နေထိုင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ကရင်နီဒုက္ခသည်စခန်းကော်မတီနဲ့ KIC အဖွဲ့တို့ ပူးပေါင်းပြီး ယာယီနေရာထိုင်ခင်း ဆောင်ရွက်ပေးနေပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်ရေးအဖွဲ့ ( ကရင်နီ ) ( CTER ) ဘဏ္ဍရေး မန်နေဂျာ တစ်ဦးဖြစ်တဲ့ မော်သဲမာကတော့ အခုလို ပြောပါတယ်။
“ကျမတို့ ထိုင်း ပေါ်လစီ ထိုင်းမှာလည်း သူတို့ ပေါ်လစီ တွေရှိတယ်ပေါ့နော။ ဒေါနိုးကူးကို သူတို့ မပြန်ရဲသေးဘူးပြောတယ်လေ။ ဖြစ်နိုင်ရင် သူတို့ထိုင်းဘက်မှာပဲ ဆက်ပြီးတော့ နေချင်သေးတာပေါ့နော။ ဒါပေမယ့် ဒီဟာကတော့ ထိုင်းအစိုးရ အပေါ်မှာပဲ မူတည်တယ်ပေါ့နော။ သူတို့ကြာကြာ ဘယ်လောက်လက်ခံမလဲတော့ မသိဘူး။ ဒါပေမယ့် ကျမတို့ကတော့ အခုကတော့ သူတို့ပြန်ဖို့လည်း လုံခြုံမှုမရှိဘူးပေါ့လေ ဖြစ်နိုင်ရင်တော့ ဒီမှာပဲ ခဏလေး သူတို့လုံခြုံတဲ့နေရာမှာပဲ နေခွင့်ပေးရင်တော့ ကောင်းမှာပေါ့။”
မော်စူးမယ်တို့ကတော့ လက်ရှိမှာ ယာယီနေထိုင်ခွင့်ရပေမယ့် ရေရှည်မဟုတ်သေးတဲ့အတွက် နယ်စပ်က စစ်ရှောင်စခန်းမှာ ပြန်နေခိုင်းမှာကို စိုးရိမ်နေကြပါတယ်။
လေယာဉ်ဗုံးကြဲပြီး နောက်တစ်ရက်မှာလည်း အဆိုပါ ဒေါနိုးကူးစစ်ရှောင်စခန်နေရာကိုပဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေယာဉ်လာဝဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တစ်လအတွင်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေထိုင်ရာ နေရာကို ဗုံးကြဲတိုက်ခိုက်မှု ၇ ကြိမ်လောက် ပြုလုပ်ခဲ့ပါတယ်။ ဇွန်လိုင်လစကနေ ၁၂ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို ၅ကြိမ် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်ရင်း လေယာဉ်ဗုံးကြဲခံရတဲ့တွက် မော်စူးမယ်တို့နဲ့အတူ နယ်စပ်စစ်ရှောင်စခန်းမှာ လာရောက်နေထိုင်သူကတော့ ဒေါ်ဂျွန်စီပါ။ လက်ရှိမှာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး နေရာဟောင်းကို ပြန်မနေရဲတော့သလို လေယာဉ်ဗုံးကြဲခြင်းမရှိနိုင်တဲ့ နေရာတစ်ခုမှာပဲ နေချင်တယ်လို့ ပြောပါတယ်။
“ဒေါနိုးကူးမှာ နေရင် လုံခြုံတယ်လို့ မထင်တော့ဘူး။ ကျမတစ်ယောက်အနေနဲ့ ဒီဖက် လက်ခံနိုင်ရင်ကောင်းတာပေါ့နော။ ကလေးဆိုရင် ကျန်းမာရေး၊ ပညာရေး တအားနှောက်နှေးနေပြီ အဲလိုမျိုး ဒီဖက်လက်ခံနိုင်ရင်ကောင်းတယ်လို့ ပြောချင်တာပေါ့။” လို့ ဒေါ်ဂျွန်စီက ပြောပါတယ်။