ရှင်ငြိမ်း
အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်းနဲ့ ချစ်စဖွယ်ကောင်းတဲ့ အမျိုးသမီးလေးဟာ သီချင်းလေးတညည်းညည်းနဲ့ အမြဲလိုလိုစက်ချုပ် နေလေ့ရှိတယ် ။
သူသီချင်းဆိုတာက အပျင်းပြေသီချင်းဆိုနေတာမျိုးမဟုတ်ဘဲ ဝါသနာကြီးသူဖြစ်တဲ့အလျောက် စက်ချုပ်သံကို ဂီတသံစဉ် လို သဘောထားကာ စည်းချက်ညီညီသီဆိုနေတာပါ ။
မယုဝေမြင့်ဆိုတဲ့ ဒီအမျိုးသမီးလေးဟာ အာဏာမသိမ်းမီက မိဘတွေဟာ ပျိုးပင်လေးတွေရောင်းသလို သူကတော့ စက် ချုပ်ပြီး မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ သာမာန်အရပ်သားတွေဖြစ်တယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုက “မယုဝေမြင့်ကိုအကျဉ်းသူဖြစ်အောင်၊ နိုင်ငံရေးသမားဖြစ်အောင်တွန်းပို့လိုက်တယ်။” လို့ မယု ဝေမြင့်ရဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့ မပိုး(အမည်လွှဲ)က ပြောပါတယ်။
အကြောင်းကတော့ မယုဝေမြင့်ဟာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ကီးဘုတ်ဖိုက်တာအဖြစ်နဲ့ ဖမ်းခံရတာ ၁၀ လတာရှိ တဲ့အထိ စစ်ကြောရေးမှာ ရောက်နေတယ်ဆိုတဲ့သတင်းကလွဲလို့ ဘာသတင်းမှစုံစမ်းမရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်။
၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ မှာ စစ်တပ်က မတရားအာဏာလုယူပြီးနောက်ပိုင်း တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း ၃,၇၅၇ ဦးရှိ တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်နဲ့စစ်ကြောရေးစခန်းတွေမှာ မတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၅၀ဦး ရှိပြီလို့လည်း AAPP က ဆိုပါတယ်။
Hi သတင်းဌာနက လက်လှမ်းမီသလောက် စာရင်းပြုစုထားချက်အရ စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလထဲမှာ မယုဝေမြင့်လို စစ်ကြောရေးရောက်ပြီး ဘာသတင်းမှမရတော့ဘဲ ပျောက်ဆုံးသွားတဲ့အမျိုးသမီးဦးရေဟာ ၁၀၀ နီးပါးရှိနေပါတယ်။
သူတို့တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်မှ အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။
မန္တလေးတိုင်းမှ မယုဝေမြင့်ဆိုရင် မတရားအာဏာသိမ်းတာကို ခေါင်းငုံ့မခံနိုင်လို့ လမ်းပေါ်ထွက်ဆန္ဒပြရင်း သပိတ်တွေမှာ ပါဝင်ခဲ့တယ်။ အွန်လိုင်းမှာ အာဏာသိမ်းတာကို အပြင်းအထန်ဆန့်ကျင်ရေးသားသူဖြစ်လို့ “ကီးဘုတ်ဖိုက်တာ”အဖြစ် လူသိ များခဲ့တယ်။
သူဟာ မန္တလေးမြို့အခြေအနေနဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ဖော်ပြပေးနေတဲ့ကင်းထောက်လူမူကွန်ရက်တစ်ခုဖြစ်တဲ့ Voice of Mandalay ကို ဦးဆောင်သူတွေထဲက တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်တယ်။
သူ့အနေနဲ့ အခုလိုတော်လှန်ရေးမှာပါဝင်တာ အန္တရာယ်ရှိတယ်ဆိုတာသိပေမယ့် သူကိုယ်တိုင်ပါဝင်မှဖြစ်မယ့်အရေးမို့ တတ် နိုင်တဲ့နေရာကနေ ပါဝင်ပေးနေတာဖြစ်တယ်လို့ မပိုးက ပြောပါတယ်။
“ အာဏာရှင်စနစ်ချုပ်ငြိမ်းမှ ကျနော်တို့လူငယ်တွေဖြစ်ချင်တဲ့ တိုးတက်ကောင်းမွန်တဲ့နိုင်ငံတော်ကြီးဖြစ်မှာ။ အဲ့တော့ အမျိုး သမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ကိုယ်ပါဝင်နိုင်တဲ့နေရာကနေပါဝင်ပြီး စနစ်ဆိုးကိုအဆုံးထိတော်လှန်ကြမယ်။” ဆိုတဲ့စကား နဲ့ အာဏာရှင်ကိုတော်လှန်နေတဲ့ အမျိုးသမီးတစ်ဦးပါ ။
ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်၊ ညနေ ၄ နာရီခွဲမှာ စစ်သားတွေ၊ အရပ်ဝတ်နဲ့ အမျိုးသားတွေအပါအဝင် အင်အားအပြည့်နဲ့ မယုဝေမြင့်နေတဲ့မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က နေအိမ်မှာလာရောက်ဖမ်းဆီးသွားပါတယ်။
“ လမ်းထိပ်မှာ ကွမ်းယာရောင်းတဲ့သူ့ဦးလေးလင်မယားကို သေနတ်ပြပြီးအိမ်ကိုလိုက်ပြခိုင်းတယ်။ အိမ်ရောက်တော့ မယု ဝေမြင့်ကို ပုခုံးဖက်အိမ်အောက်ခေါ်လာတယ်။” လို့ မပိုးက အဲ့ဒီနေ့ကအဖြစ်အပျက်ကို ပြောပြပါတယ်။
အိမ်အောက်ရောက်တော့မှ ပါးရိုက်ပြီး ဖုန်းနှစ်လုံးရှိတဲ့အထဲ နောက်ဖုန်းတစ်လုံးဘယ်မှာလဲလို့ စစ်သားတွေကမေးတာကို မယုဝေမြင့်က မရှိပါဘူးလို့ပြောတော့ လိမ်လို့ကတော့ ဟိုရောက်ရင်သိမယ်ဆိုပြီး ကြိမ်းမောင်းခေါ်သွားခဲ့တာဖြစ်တယ်။
တိုက်ဆိုင်စွာပဲ အဲ့ဒီညမှာ စစ်တပ်ရဲ့တယ်လီဂရမ်စာမျက်နှာတွေမှာ အမျိုးသမီးငယ်တွေကို စစ်ဆေးမေးမြန်းနေပါတယ်။ ရုပ်ရည်ချောမောတဲ့အမျိုးသမီးငယ်ကို “ပြုစုယုယမှုတွေနဲ့ မေးမြန်းတယ်။”လို့ စစ်တပ်အသိုင်းအဝိုင်းမှာရေးသား ထားပါ တယ်။
သူတို့စိုးရိမ်သလိုပဲ တခြားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေ မန္တလေးအိုးဘိုထောင်ကိုရောက်လာကြပေမယ့် မယုဝေမြင့် ကတော့ ရောက်မလာခဲ့ပါဘူး။
ဒါပေမဲ့ ဖမ်းသွားပြီး ခြောက်လကြာမှ မန္တလေးနန်းတွင်း စစ်တပ်စခန်းမှာရှိနေကြောင်း သတင်းရခဲ့တယ်လို့ မပိုးက ဆိုပါ တယ်။ စစ်တပ်ကဖမ်းဆီးသွားသူတွေကို ထောင်မပို့ဘဲ နန်းတွင်းထဲက စစ်တပ်စခန်းမှာ ညှင်းပန်းနှိပ်စက်ပြီး စစ်ကြောရေး လုပ်လေ့ရှိပါတယ်။
စစ်ကြောရေးစခန်းမှာ အတူနေသူထံမှလည်း တီဘီရောဂါကူးစက်ခံထားရပြီး မယုဝေမြင့်က ချောင်းဆိုးသွေးပါနေကြောင်းနဲ့ နှိပ်စက်ခံထားရလို့ ဆံပင်တွေလည်းကျွတ်ကာ လူလည်းပိန်ချုံးနေပြီး လက်လည်းကျိုးနေတယ်ဆိုတဲ့သတင်းစကားက နောက်ဆုံးကြားသိခဲ့ရပါတယ်။
ဒီအတွက်ဆေးကုသခွင့်ရရဲ့လား။ အသက်ရှိသေးရဲ့လား။ သေသွားပြီးလားဆိုတာ မိသားစုတွေအနေနဲ့ သိချင်နေတယ်လို့ ဆိုပါတယ်။
အခုဆိုရင်မယုဝေမြင့်ကို စစ်တပ်က ဖမ်းခေါ်သွားတာ ၁၀ လကြာသွားပါပြီ။ ဘာသတင်းမှမကြားရပေမယ့် မိသားစုနဲ့ ရဲဘော်သူငယ်ချင်းတွေကတော့ ယနေ့ထိစစ်ကြောရေးမှာရှိနေလိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်နေတာဖြစ်တယ်။
အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်မှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့မဇင်မာနဲ့ မဇာဇာဦးတို့ဆိုရင်လည်း ဖမ်းဆီး သွားပြီး ယနေ့အချိန်ထိသေသည်၊ ရှင်သည်မသိရဘဲ ပျောက်ဆုံးနေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့နှစ်ဦးနေတဲ့အဆောင်ထဲကို စစ်အင်အား ၅၀ လောက်နဲ့ ဝင်ရောက်လာပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်က ဖမ်း ဆီးသွားပြီးနောက် စစ်ကြောရေးမှာရှိတယ်ဆိုတဲ့သတင်းကလွဲလို့ ဘာမှမသိခဲ့ရတာဖြစ်တယ်။
သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေဖြစ်ကြပြီး ရန်ကုန်ဇာတိဖြစ်ကာ အလုပ်လုပ်ဖို့ ရန်ကုန်ကနေ သထုံကို ပြောင်းနေစဉ် အဆောင်မှာနေထိုင်စဉ်အဖမ်းခံလိုက်ရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ၊ မတ်လကလည်း စစ်တပ်က သူတို့နှစ်ဦးကို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ပါဝင်လို့ဆိုပြီး ရန်ကုန် မြို့၊ စမ်းချောင်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅-ကနဲ့ တရားစွဲခံရပြီး မတ် ၃၀ ရက်မှာ ခံဝန်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာကြတာပါ။
“ ပထမတော့ ဖမ်းသွားပြီး သတ်ပစ်လိုက်မှာအရမ်းစိုးရိမ်တာ။ စစ်ကြောရေးမှာတစ်ခုခုဖြစ်သွားမှာကိုလေ။ အဲ့တုန်းက စစ် ကြောရေးရောက်ပြီးရင် နောက်နေ့အလောင်းပို့နေတာဆိုတော့ မိန်းကလေးတွေအဲ့လိုဖြစ်မှာစိုးရိမ်တာပေါ့။ အခုတော့ ဘယ်လို အခြေအနေဖြစ်ဖြစ် တစ်ခုခုသိရရင်ကျေနပ်ပါပြီ။” လို့ မဇင်မာရဲ့အစ်မဖြစ်သူက ဆိုပါတယ်။
ပြန်လွတ်လာပြီးနောက် သပိတ်မှာမပါဝင်တော့တဲ့ သူတို့နှစ်ဦးကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မိသားစုတွေအနေနဲ့ နားမ လည်နိုင်အောင်ဖြစ်နေကြပါတယ်။ တချို့ကလည်း မဇင်မာနဲ့ မဇာဇာဦးတို့ဟာ စစ်ကြောရေးမှာနှိပ်စက်ခံရလို့ သေပြီဆိုတဲ့ သတင်းစကားတွေလည်း ကြားနေရတာဖြစ်တယ်။
“တိုင်ရအောင်လည်း ဘယ်သူ့တိုင်ရမှန်းမသိဘူး။ ဥပဒေကလည်း သူတို့ပါးစပ်ထဲမှာပဲဆိုတော့ တိုင်လည်းထူးမယ်မထင်ဘူး အလောင်းပြန်မပေးဘဲနဲ့တော့ သေတယ်ဆိုတာတော့လက်မခံနိုင်ဘူး။” လို့ အစ်မဖြစ်သူက ပြောပါတယ်။
စစ်တပ်က သူတို့ဖမ်းချင်တဲ့သူတွေကို ဖမ်းဆီးချင်သလိုဖမ်းဆီးသွားပြီဆိုရင် ဘယ်ကိုခေါ်သွားတယ်။ ဘယ်မှာချုပ်ထား တယ်ဆိုတာ မိသားစုဝင်တွေအနေနဲ့ ချက်ခြင်းသိရလေ့မရှိပါဘူး။
တချို့ကျတော့ ဖမ်းသွားပြီးနောက် ရုပ်အလောင်းလာထုတ်ခိုင်းတာလည်းရှိသလို တချို့က အလောင်းပြန်ရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရတာတွေလည်းရှိပါတယ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကလေးသုံးယောက်မိခင်ဖြစ်တဲ့ဒေါ်မာလာဝင်းကိုတော့ ညပိုင်းဖမ်းသွားပြီး မနက်မှာအလောင်းလာထုတ်ခိုင်းတာပါ။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်မှာ ပခုက္ကူမြို့၊ ညသပိတ်လုပ်နေတဲ့အချိန် စစ်တပ်က သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်လို့ အိမ်အပြင်ထွက်ကြည့်စဉ် သေနတ်နဲ့ပစ်ပြီး ဖမ်းသွားတာဖြစ်တယ်။
နောက်နေ့ မတ်၂၀ ရက်မှာတော့ ဒေါ်မာလာဝင်း သေဆုံးပြီလို့ မိသားစုကိုအကြောင်းကြားလာခဲ့တယ်။ ရုပ်အလောင်းသွား ထုတ်တော့ ပေါင်ရိုးကျိုးနေတဲ့ဒဏ်ရာနဲ့အတူ မျက်နှာမှာလည်း ညိုမဲဒဏ်ရာတွေတွေ့ကြောင်း မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါ်မာလာဝင်းမှာ ခင်ပွန်းသည်နဲ့အတူ အသက် ၁၇ နှစ်နဲ့ အသက် ၁၅ နှစ်အရွယ် သမီးနှစ်ဦး၊ ၁၀ နှစ်အရွယ်သားတစ်ဦး ကျန်ရှိခဲ့ပါတယ်။
ဒေါ်မာလာဝင်းလို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်နေ့ရုပ်အလောင်းလာထုတ်ဖို့အကြောင်းကြားခံခဲ့ရတဲ့ ပထမဆုံးလူက တော့ NLD အဖွဲ့ဝင်၊ အသက် ၅၈နှစ်ရှိ ပန်းဘဲတန်းမြို့နယ် ရပ်ကျေးပါတီဥက္ကဌ အစ္စလမ်ဘာသာဝင် ဦးခင်မောင်လတ်ဖြစ် ပါတယ်။
ဖမ်းသွားပြီးရုပ်ပျက်သွားအောင် နှိပ်စက်သတ်ဖြတ်ခံခဲ့ရသူ နောက်တစ်ဦးကတော့“စု”အသက်မွေးဝမ်းကျောင်းသိပ္ပံမှ ဦးဇော် မြတ်လင်းနဲ့အတူ မကွေးတိုင်းမှမမေဇော်ဦး၊ ရန်ကုန်တိုင်းမှ မမိုးသဲစတဲ့အရပ်သားတွေပါ သတ်ဖြတ်ခံခဲ့ရတာပါ။
နောက်ပိုင်းမှာတော့ စစ်တပ်က အလောင်းပြန်မပေးတော့ဘဲ တိတ်တဆိတ်အစဖျောက်လိုက်တာတွေရှိလာခဲ့တယ်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်က အလင်းဝင်စစ်သားနှစ်ဦးကို အကူအညီပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသမီး ခြောက်ဦးကို ဖမ်းခေါ်သွားပြီး စစ်ကြောရေးမှာ သတင်းအစအန မရတော့ဘူးလို့ ကျန်ရစ်သူ မိသားစုဝင်တွေက ပြောပါတယ်။
အဆိုပါ မတူပီဒေသခံအမျိုးသမီး ခြောက်ဦးကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်လောက်မှာ ဖမ်းဆီး သွားခဲ့တာဖြစ်တယ်။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အသက် ၃၀ ဝန်းကျင်သာရှိသေးတဲ့မဇွဲလီလည်းပါဝင်ပါတယ်။
သူတို့ကို ဖမ်းသွားပြီး မိသားစုဝင်တွေကို အကြောင်းမကြား၊ အသိမပေးတာကြောင့် ဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူ မှ မသိကြပါဘူး။ မတူပီရုံးကိုသွားမေးပေမယ့် သူတို့ကိုယ်တိုင်လည်း မရေရာတဲ့အဖြေသာရခဲ့တယ်။
ဒါပေမဲ့ ခြောက်လအကြာမှာတော့ မဇွဲလီဟာ စစ်ကြောရေးမှာ စစ်သားတွေနှိပ်စက်လို့ သေဆုံးသွားပြီဆိုတဲ့အကြောင်း မတူပီရုံး အကြောင်းကြားလာလို့ သိခွင့်ရခဲ့တယ်။ ရုပ်အလောင်းတော့ ပြန်မရပါဘူး။ ကျန်တဲ့သူတွေကတော့ ယခုထိဘယ်မှ စုံစမ်းလို့ မရတော့ပါဘူးလို့ မိသားစုဝင်တွေက ဆိုပါတယ်။
ဒီလုပ်ရပ်တွေဟာ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေကျော်လွန်လုပ်ဆောင်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပါတယ်။
ဒါဟာ မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုဖြစ်တဲ့ကြီးမားသည့်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့လုပ်ရပ်ဖြစ်သလို အာဆီယံလူ့အခွင့်အရေးပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်တယ်လို့ AAPPက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကလည်း“လူသိရှင်ကြားဖမ်းခေါ်သွားပြီး စစ်ကြောရေးမှာ လက်စဖျောက်တဲ့နည်းဟာ အခုမှသုံးတာမဟုတ်ဘဲ စစ်အစိုးရအဆက်ဆက်တိုင်း ဒီနည်းကိုသုံးခဲ့တယ်။” လို့ ထောက်ပြပါတယ်။
၈၈ အာဏာရှင်တော်လှန်ရေးမှာလည်း အခုလိုဖမ်းခေါ်သွားပြီး လက်စဖျောက်ခံလိုက်ရတဲ့ ပြည်သူတွေအများကြီးရှိခဲ့တယ်။ သူရဲ့ညီမဖြစ်သူဟာလည်း စစ်ကြောရေးမှာ တိတ်တဆိတ်သတ်ခံလိုက်ရတာကို နှစ်များစွာကြာမှသိခဲ့ရကြောင်း သူက ပြော ပါတယ်။
ပြည်သူကို ရန်သူလိုသဘောထားပြီး လူသတ်မုဒိမ်းကျင့်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးတာခံရပါက ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်တာကို ကျူးလွန်ခံရနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကလည်း သတိပေးစကားဆိုပါတယ်။
“ သူတို့(စစ်တပ်)လက်ထဲရောက်လို့ကတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး စိတ်ကြိုက်နှိပ်စက်ခွင့်ပေးထားသလိုရက်စက်တာ။ မိန်းကလေးတွေဆို စစ်ကြောရေးတွေမှာ မိန်းမကိုယ်ကိုမီးနဲ့ရှို့၊ အောက်ပိုင်းအဝတ်မပါဘဲ ကြိုးကိုခွထိုင်ခိုင်းပြီး ဆွဲချတာမျိုး တွေအထိလုပ်တာ။” လို့ သူက ပြောပါတယ်။
အာဏာရှင်အနေနဲ့ ဘယ်လိုပဲကြောက်အောင်လုပ်လုပ် အောင်မြင်မှာမဟုတ်ဘဲ နာကျဉ်းစိတ်သာတိုးလာပြီး ပုန်ကန်မှုက အခုထက်ပိုမိုပြင်းထန်လာမယ်လို့ မပိုးကဖွင့်ဟပါတယ်။ ဒါ့ကြောင့်တော်လှန်ရေးသမားတစ်ဦးကျဆုံးသွားတိုင်း အားမလျော့ သင့်ကြောင်းကို သူက အခုလို ဆော်သြနေပါတော့တယ်။
“နာကျဉ်းစိတ်ကို ဓါးလိုထက်အောင်သွေးပြီး ရဲရင့်တဲ့စိတ်နဲ့ အာဏာရှင်ကိုဆက်ပြီးတော်လှန်ကြရအောင်”