10 July 2023
Assistance Association for Political Prisoners
ရက်စွဲ။ ။ ဇူလိုင် ၁၀ ရက်၊ ၂၀၂၃ခုနှစ်
ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပါသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းရာ ဒိုက်ဦးထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ် ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၇ ) ရက်နေ့တွင် ခန့်လင်းနိုင်(ခ) ကိုခန့် (ခ) လက်ဝဲ (ဘ) ဦးသန်းစိုးနိုင်၊ ထောင်ဝင်အမှတ်- (ပခ/၂၂/၀၀၄၃၆/က) ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ (၈) ရက်နေ့တွင် ပြည့်ဖြိုးဟိန်း (ခ) ကိုပြည့် (ဘ) ဦးကျော်ဦး၊ ထောင်ဝင်အမှတ် (ဒဥ/၂၂/၀၀၁၇၆/က) ၏ မိသားစုထံသို့လည်းကောင်း ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာတွင် လမ်းခရီး၌ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ (က ၃၇၀၂) ကျော်ဇေယျမှ လက်မှတ်ထိုးပြီး အကြောင်းကြားစာ ပေးပို့ လာခဲ့ပါသည်။
ထိုစာသည် ဇွန်လ (၂၉) ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစု ၂ စုထံသို့ ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့တွင်မှ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ်အဖုံးတွင် ပျောက်ဆုံးနေသော ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားပြီး ကိုအောင်မျိုးသူ၏ဇနီး မခင်မိုးမိုးထံသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အရ ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်နေရသည်။
ထောင်ပြောင်းသည်ဆိုသည်မှာလည်း အကြောင်းပြချက်တခုသာဖြစ်ပြီး ယခုလပိုင်း ဖြစ်စဉ်များအရ အကျဉ်းထောင်များမှ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်ခြင်းများ ဆက်တိုက်ဆိုသလို သတင်းထွက်ပေါ် နေခြင်းဖြစ်သည်။
ဇူလိုင်လ (၂) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဦးစိန်ဝင်း၏ မိသားစုထံသို့ ဇူလိုင်လ ၂ ရက်နေ့တွင် မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားသည်ဟု အကြောင်းကြားခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်အသိုင်းအဝိုင်းမှ ဦးစိန်ဝင်းအား ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာတွင် ပါဝင်ခဲ့ကြောင်း ထောင်တွင်းရှိအကျဉ်းသားများထံမှ သိရှိရပြီး သေဆုံးချိန်တွင် အညိုအမည်းဒဏ်ရာများ တွေ့ရှိရကြောင်း မိသားစုအသိုင်းအဝိုင်းမှ သိရှိရသည်။
ဇွန်လ (၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင်နှင့် အမဖြစ်သူတို့ကို ပျူစောထီးများမှ နေအိမ်သို့ လာရောက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင်လ (၆) ရက်နေ့တွင် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့နှစ်ဦးအား စစ်တပ်မှ သတ်ဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ ဖေါ်ထုတ်ရေးသားမှုများ ရှိခဲ့သည်။
၁။ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ယခုကဲ့သို့ လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေသည့် လုပ်ရပ်မှာ ပြည်တွင်းဥပဒေများကိုသာမက နိုင်ငံတကာဥပဒေများကိုပါ ကျူးလွန်နေသည်မှာ အထင်အရှားဖြစ်နေပါသည်။ ထိုသို့ သတ်ဖြတ်မှုများ မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်သည့် ဖက်ဆစ်နာဇီတို့၏ လုပ်ရပ်များနှင့် ထပ်တူဖြစ်နေပါသည်။ ထို့အပြင် ဒိုက်ဦးထောင်မှခေါ်ဆောင်သွားသည့် ကျန်နိုင်ငံရေးအကျဉ်းသားများမှာလည်း မိသားစုနှင့် အဆက်အသွယ် ပြတ်နေပြီး ယနေ့အချိန်အထိ သေသည်ရှင်သည် မသိရှိရပဲ ပျောက်ဆုံးလျက်ရှိနေပါသည်။ ထိုလုပ်ရပ်များ သည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍လုပ်ဆောင်ခြင်းဖြစ်ပြီး မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ် ခြင်းဖြစ်သည့် ကြီးမားသည့်ရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်သည့်လုပ်ရပ်ဖြစ်သလို အာဆီယံ လူ့အခွင့်အရေးပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည်။
၂။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေစိုးမိုးရေး ပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စု၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်းဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များ ချမှတ်ခြင်း၊ အကျဉ်းထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လျက်ရှိနေပါသည်။
၃။ ထိုကဲ့သို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းအနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး တရားမျှတမှု ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
၄။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံး အနေဖြင့် တာဝန်ခံရမည် ဖြစ်သည်။
၅။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုဖြစ်စဉ်များအပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါကျူး လွန်မှုများကို ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်မှ မတရားအာဏာလုယူပြီး နောက်ပိုင်း တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း (၃၇၅၇) ဦး ရှိပြီဖြစ်သည်။ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ စစ်ကြောရေးစခန်းများတွင် မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူများမှာ စုစုပေါင်း (၁၅၀) ဦး ရှိပြီဖြစ်သည်။ အဆိုပါကိန်းဂဏန်းများမှာ အေအေပီပီမှ စုဆောင်းရရှိထားသည့် အရေအတွက်သာဖြစ်ပြီး အဆိုပါအရေအတွက်ထက် ပိုမိုများပြားနိုင်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
ဆက်သွယ်ရန်- [email protected]
PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.