ရှင်ငြိမ်း
စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံလိုက်ရတဲ့ မအေးနန္ဒာစိုးနဲ့ သူ့မိသားစုဝင်တွေ၊ ရဲဘော် သူငယ်ချင်းတွေ သူ့ရဲ့ သတင်း အစအနကို မကြားရတာ အချိန် ၂ နီးပါး ရှိပါပြီ။
စစ်ကိုင်းပညာရေးတက္ကသိုလ်ရဲ့ စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုးကို အရပ်ဝတ်တွေနဲ့ အသွင်ယူထားတဲ့ စစ်သားတွေက အင်အားအလုံးအရင်းနဲ့ စစ်ကိုင်းတံတားထိပ်ဂိတ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းက ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးပြီး ငရဲခန်းတခုလို ဆိုးဝါးစွာ နှိပ်စက်လေ့ရှိတဲ့ မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းကို ရောက်သွားချိန်ကစလို့ ၂ နှစ် နီးပါးကြာ ယနေ့အချိန်အထိ မအေးနန္ဒာစိုးရဲ့ အသက်နဲ့ခန္ဓာ တည်မြဲနေသေးလားဆိုတာကတော့ ဘယ်သူမှ မသိကြပါ။
“ပြန်လွတ်လာတဲ့ ရဲဘော်တွေပြောတာက စစ်ကြောရေးမှာ ၄ လနီးပါးကြာ နှိပ်စက်ခံရပြီးတော့ ညသန်းခေါင်ယံမှာ ရဲဘော် အေးနန္ဒာစိုးကို စစ်ကြောရေးစခန်းကနေ သေဒဏ်ကျ အကျဉ်းသားတွေနဲ့အတူတူ ခေါ်ထုတ်သွားတယ် ကြားတယ်”လို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ပြင်ပ ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
မအေးနန္ဒာစိုးကို ဟိုထောင်ပြောင်းလိုက်သလို ဒီထောင်ပို့လိုက်သလို သတင်းအစအနတွေ ထွက်လာပေမယ့် သမဂ္ဂအဖွဲ့ဝင် တွေ သေချာစုံစမ်းတဲ့အခါမှာတော့ ဘယ်အကျဉ်းထောင်ကိုမှ ရောက်မလာခဲ့ပါဘူး။
တချို့သမဂ္ဂအဖွဲ့ဝင်တွေကလည်း မအေးနန္ဒာစိုးကို စစ်ကြောရေးမှာ စစ်သားတွေက မုဒိမ်းကျင့်သတ်ပစ်ပြီဆိုတဲ့ သတင်း လည်း ပြန်ကြားရတာရှိတယ်လို့ ပြောပေမယ့် ဒီသတင်းကို သူတို့အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါ။
ဒီနောက်ပိုင်း မအေးနန္ဒာစိုးဟာ စစ်ကြောရေးလည်း ပြန်ရောက်မလာသလို ဘယ်အကျဉ်းထောင်တွေမှာမှ မရှိဘဲ သတင်း အစအန ပျောက်သွားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
တော်လှန်ရေးကာလမှာ မအေးနန္ဒာစိုးလို လူသိရှင်ကြား ဖမ်းဆီးသွားပြီး ဘာသတင်းအစအန မရဘဲ ပျောက်သွားတဲ့ ဖမ်းဆီး ခံ ကျောင်းသားလူငယ် အများအပြား ရှိနိုင်ပေမယ့် အင်တာနက်၊ ဖုန်းလိုင်းမရတာနဲ့ စစ်ပြေးနေရတာတွေကြောင့် ဒေတာရဖို့ အခက်အခဲရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောပါတယ်။
အာဏာသိမ်းလိုက်ကတည်းက စစ်တပ်က ကျောင်းသားတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး စစ်ကြောရေးမှာ လနဲ့ချီ နှိပ်စက် တာတွေအပြင် ကျောင်းသူ၊ ကျောင်းသားတွေကို မုဒိမ်းကျင့်တာတွေ ရှိနေကြောင်း ဗကသများအဖွဲ့ချုပ်က ကြေညာချက် ထုတ်ကာ ဝေဖန်ရှုတ်ချထားပါတယ်။
“ကျောင်းသား၊ ကျောင်းသူဆိုတာ လူထုနဲ့ တသားတည်း ရှိတဲ့သူ၊ စည်းရုံးနိုင်သူဆိုတော့ စစ်တပ်က ကြောက်တယ်လေ။ အဲ့လိုကြောင့် ကျောင်းသားတို့၊ သမဂ္ဂလို့ကြားတာနဲ့ ဖမ်းတာ၊ လူမဆန်အောင် နှိပ်စက်တာတွေ လုပ်တာပေါ့”လို့ ပြင်ပဆက်ဆံရေး တာဝန်ခံက မှတ်ချက်ပြုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဗကသရဲဘော် (၁၁) ဦးကျဆုံးခဲ့ရပြီး (၅၅) ဦးဖမ်းဆီးခံရကာ (၃၀) ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရဆဲလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်စာရင်း တွေအရ သိရပါတယ်။
မအေးနန္ဒာစိုးဟာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်သလို တပ်ဦးအလံကို စွဲကိုင်ကာ အာဏာရှင်တော်လှန်နေတဲ့ အသက် ၂၃ အရွယ် ကျောင်းသူတယောက် ဖြစ်တယ်။
မအေးနန္ဒာစိုးရဲ့ မိဘတွေဟာ ရိုးသားတဲ့ တောင်သူတွေဖြစ်ပြီး စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာလေးတရွာမှာ နေထိုင်ခဲ့ကြတယ်။ မွေးချင်းမောင်နှမ များပေမယ့် မအေးနန္ဒာစိုး တယောက်သာ ပညာရေးမှာ ထူးချွန်ပြီး မောင်နှမထဲမှာ အငယ်ဆုံးသမီးဖြစ်လို့ မိသားစုရဲ့ချစ်ခြင်းကို အပြည့်အဝ ရထားသူပါ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၅ ဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခံတဲ့သူဟာ နယ်ရဲ့ဂုဏ်ဆောင်စရာတခု ဖြစ်ခဲ့ပါတယ်။ မအေးနန္ဒာစိုးဟာ စာဖတ်လွန်စွာ ဝါသနာပါပြီး “ယမား”ဆိုတဲ့ ကလောင်နာမည်နဲ့လည်း ကဗျာတွေ၊ စာတွေရေးပြီး အေး အေးဆေးဆေးနဲ့ ဘဝကို ဖြတ်သန်းချင်သူ ဖြစ်တယ်။
စာရေး၊ စာဖတ်တာအပြင် ကလေးတွေကို စာသင်ပေးရတာကိုလည်း သူက ဝါသနာကြီးပါတယ်။ သူ့အမှတ်နဲ့ ဆေးကျောင်း တက်လို့ရပေမယ့် စာသင်တာဝါသနာလို့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ကာ ဆရာမလုပ်ဖို့ ရည်မှန်းချက် ရှိခဲ့တာပါ။
သူရဲ့အားလပ်ချိန်တွေနဲ့ ကျောင်းပိတ်ရက်တွေမှာဆို တရွာလုံးက ကလေးတွေကို ခေါ်ပြီး အခမဲ့ စာသင်ပေးတတ်လို့ ကလေး မိဘတွေက စိတ်ရှည်သည်းခံနိုင်တဲ့သူလို့ ချီးကျူးခဲ့ကြတယ်။
ဒါပေမဲ့ သူရဲ့ပင်ကိုယ်စိတ်ထားက နူညံ့ပြီး အေးဆေးနေတတ်သူဖြစ်သလောက် မတရားတာဖြစ်ဖြစ်၊ သူမှန်တယ်လို့ယူဆ ရင်တော့ “ခပ်ပြတ်ပြတ်” ပြောတတ်တဲ့ မိန်းကလေးလို့ သူ့ရဲဘော် သူငယ်ချင်းတွေက သိထားကြပါတယ်။
မအေးနန္ဒာစိုးဟာ အခြေခံပညာရေးမူဝါဒနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် တောင်းဆို ဆန္ဒပြတာတွေ၊ ဖိနှိပ်ခံလူထုအတွက် အစဉ်အမြဲ ရပ်တည်ပေးပြီး အကြမ်းမဖက်လှုပ်ရှားတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ အမျိုးသမီးတဦး ဖြစ်တယ်။
သူ့ဘက်က သေချာတဲ့အမှန်တရားကို ဆုတ်ကိုင်ထားမိပြီဆိုရင်တော့ ပညာရေးဝန်ကြီး၊ ပါချုပ်၊ ညွှန်ချုပ်ပါမကျန် ထိပ်တိုက် ရင်ဆိုင်တတ်လွန်းလို့ အစိုးရက အာရုံစိုက် သတိထားစောင့်ကြည့်ခံရတဲ့ ကျောင်းသူတွေထဲမှာ သူလည်းတယောက် အပါ အဝင် ဖြစ်ခဲ့တယ်။
“သူ အမြဲပြောတယ်။ ကျနော်က အာဏာရူးနေတဲ့လူကြီးတွေအပေါ် စိတ်မရှည်တတ်သလောက် ကလေးတွေအပေါ်ဆို အရမ်းစိတ်ရှည်ပြီး ချစ်တတ်နေပြီတဲ့” လို့ ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
အခုလို ထိပ်တိုက်ရင်ဆိုင်ရဲတာ၊ စွန့်လွှတ် အနစ်နာခံတတ်တာတွေကြောင့် သမဂ္ဂအဖွဲ့ဝင်တဦးဖြစ်တဲ့ မအေးနန္ဒာစိုးဟာ စစ်ကိုင်းတိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရတယ်။
သမဂ္ဂဥက္ကဋ္ဌအနေနဲ့ ၂ နှစ်နီးပါးလောက် တာဝန်ယူပြီးနောက် သမဂ္ဂရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ကိုဗစ်လှိုင်းကို ဖြတ်သန်းကာ အာဏာသိမ်းချိန်ထိ ဥက္ကဋ္ဌအဖြစ် မအေးနန္ဒာစိုးက တာဝန် ဆက်ယူထားရတာ ဖြစ်တယ်။
မတရားမှုကို မုန်းတီးပြီး လက်မခံတဲ့ မအေးနန္ဒာစိုးဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်က နိုင်ငံတော်အာဏာ မတရားသိမ်းယူသွား တော့ သူ့ရဲဘော်တွေဆီသွားပြီး တအိမ်ဝင် တအိမ်ထွက်နဲ့ အာဏာရှင်ကို ဆန့်ကျင်ဖို့လှုံဆော်ရေး စတင်လုပ်ခဲ့တယ်။
အာဏာသိမ်းတဲ့နေ့ ဖုန်းလိုင်းတွေဖြတ်ခံထားရတဲ့ကြား မအေးနန္ဒာစိုးဟာ” ဒီတိုင်းနေလို့တော့ မရတော့ဘူး။ ငြိမ်ခံနေရင် ဒီနိုင်ငံက သွားပြီ”လို့ ရဲဘော်သမဂ္ဂအဖွဲ့ဝင်တွေဆီ လိုက်လံ စည်းရုံးနေခဲ့တဲ့သူပါ။
အာဏာသိမ်းပြီး ၆ ရက်မြောက်မှာတော့ တန့်ဆည်ပင်မသပိတ်မှာ တပ်ဦးအလံကိုင်စွဲကာ စစ်အာဏာရှင်ကို တော်လှန်ဖို့ ထိပ်ဆုံးကပါဝင်ခဲ့တယ်။ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)လှုပ်ရှားမှု လုပ်တဲ့အခါမှာလည်း ထွေအုပ်ရုံးရှေ့ ကအစ ရုံးပေါင်းစုံရှေ့မှာ သပိတ် တရားဟောပြောတာတွေ လုပ်ခဲ့တယ်။
“အဖိနှိပ်ခံ လူတန်းစားတွေဖြစ်တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဘက်က ခွပ်ဒေါင်းအလံကို ကိုင်ပြီး ဖောက်ပြန်တဲ့ အုပ်ချူပ်သူ လူတန်းစားကို တော်လှန်သွားမှာဖြစ်တယ်”ဆိုတဲ့ စကားကို စွဲကိုင်ပြီး မအေးနန္ဒာစိုးဟာ စစ်အာဏာရှင်ကို တော်လှန်ခဲ့တာ ဖြစ်တယ်။
ဒီနောက် စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ အရှိန်မြင့်လာသလို သပိတ်အင်အားလည်း ကောင်းလာတဲ့အချိန်မှာ မိဘတွေ စိတ်ပူမှာစိုးတာကြောင့် အသိမပေးဘဲ စစ်ကိုင်း၊ မန္တလေးအနှံ့ သပိတ်စစ်ကြောင်းထွက်ကြရမှာ မအေးနန္ဒာစိုးဟာ ဦးဆောင် သူ တယောက်အနေနဲ့ ပါဝင်ခဲ့တယ်။
မောင်နှမလို ရင်းနှီးကြတဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံက မိခင် မကျန်းမမာဖြစ်နေကြောင်းပြောရင် “တော်လှန်ရေးလုပ်နေတဲ့ စိတ်ကို နောက်ဆုတ်မိစေမယ့် စကားတွေဆို မပြောပါနဲ့”လို့ မအေးနန္ဒာစိုးက ခွန်းတုန့်ပြန်လေ့ ရှိပါတယ်။
သူဟာ ပင်ကိုယ်အနေအေးသလောက် ကိုယ်တိုင်စတင်ခဲ့တဲ့ အလုပ်တခုကို ပြီးဆုံးအောင်ထိ တာဝန်ယူတတ်တဲ့သူလို့ တာဝန်ခံက မှတ်ချက်ပြုပါတယ်။
ဒီလိုနဲ့ မန္တလေးမြို့ကနေ မိဘနေအိမ်ကို ပြန်ရင်းလမ်းမှာ အရပ်ဝတ်နဲ့ စစ်သားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာ ဖြစ်တယ်။ တပြိုင်တည်း ဗကသများအဖွဲ့ချုပ်ကလည်း မအေးနန္ဒာစိုးရဲ့ အခြေအနေသိရဖို့ တောက်လျှောက် စုံစမ်းတာတွေ လုပ်ခဲ့တယ်။
လွတ်မြောက်လာတဲ့ ဗကသများအဖွဲ့ချုပ် ရဲဘော်တဦးပြောတာက ရဲဘော် အေးနန္ဒာစိုး ဖမ်းဆီးပြီး ရက်အတော်ကြာတော့ တပ်မ(၃၃)ကနေ မန္တလေး နန်းတွင်း စစ်ကြောရေးမှာရှိနေတယ်လို့ သိခဲ့ရကြောင်း တာဝန်ခံက ပြောပါတယ်။
ဒါကလည်း စစ်ကြောရေးမှာ လအတော်ကြာ မအေးနန္ဒာစိုးနဲ့အတူရှိခဲ့ပြီး ထောင်ရောက်ရှိသွားတဲ့ ရဲဘော်တွေကတဆင့် သိခွင့်ရကြတာ ဖြစ်တယ်။
မအေးနန္ဒာစိုးရဲ့ မိသားစုတွေကလည်း စစ်တပ်က ဖမ်းထားတဲ့သူတွေကို အချုပ်ကို မပို့တော့ဘဲ တခါတည်း စစ်ကြောရေးကို တန်းခေါ်သွားလေ့ ရှိတာကြောင့် သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတာကိုလည်း ထုံးစံလို့ အစမှာ ထင်မှတ်ခဲ့ကြတယ်။
တခြားသူတွေ စစ်ကြောရေးမှ အကျဉ်းထောင်ကို ရောက်၊ ရောက်လာကြပေမယ့် မအေးနန္ဒာစိုးရဲ့သတင်း ဘာမှမကြားရလို့ စစ်ကြောရေးမှာပဲ ဆက်ရှိနေမယ်လို့ မိသားစုဝင်တွေနဲ့ သူငယ်ချင်း ရဲဘော်တွေက ခန့်မှန်းနေခဲ့ကြတာပါ။
ဖမ်းဆီးခံရပြီး စစ်ကြောရေးမှ “အိုးဘိုထောင်ကိုပြောင်းကာ တိုက်ပိတ်ထားတယ်။ နေပြည်တော်ထောင်ကို ရွှေ့လိုက်ပြီ” စတဲ့ သတင်းတွေကြားရလို့ စုံစမ်းကြည့်တော့လည်း မရောက်လာဘူးဆိုတဲ့ အဖြေသာရခဲ့တယ်လို့ တာဝန်ခံက ပြောပါတယ်။
ဖမ်းဆီးခံရစဉ်က အသက် ၂၁ နှစ်သာရှိသေးတဲ့ မအေးနန္ဒာစိုးကိုလည်း စစ်ကြောရေးမှာ စစ်သားတွေက အဓမ္မကျင့် သတ် ပစ်လိုက်ပြီဆိုတဲ့ သတင်းစကား ရောက်လာပေမယ့် ဘယ်သူမှ အတိအကျ မပြောနိုင်ကြပါဘူး။
မအေးနန္ဒာစိုးဟာ စစ်ကြောရေးမှာ ၄ လလောက် နေ့စဉ်လိုလို နှိပ်စက်ညှင်းပန်းခံရပြီးနောက် ပြီးခဲ့တဲ့နှစ်၊ ညဦးပိုင်း သန်း ခေါင်ယံအချိန်လောက်မှာ သေဒဏ်ကျအကျဉ်းသားတွေနဲ့အတူ ခေါ်ထုတ်သွားတဲ့ သတင်းနောက် ဘာမှ ထပ်မသိရတော့ပါ။
စစ်တပ်က ရွာလုံးကျွတ် မီးရှို့လူသတ်လို့ ထွက်ပြေးနေရတဲ့ မအေးနန္ဒာစိုးရဲ့မိဘဆိုလည်း ရွာမှာနေရတယ်ဆိုတာ ခပ်ရှားရှား။ အမြဲလိုလို တောမှာအိပ်၊ တောမှာစားပြီး လိုင်းမိတဲ့နေရာရောက်တိုင်း သမီးသတင်းကို နားစွင့်နေကြရတာဖြစ်တယ်။
“သူ့မိဘတွေက သူ့သမီး အသက်ရှိနေမယ်ထင်တုန်း။ လွတ်ငြိမ်းရက်တွေဆို နေကုန် ဖုန်းဆက်နေတော့တာ။ ကျနော်တို့ လည်း မရေရာတဲ့အဖြေပဲ ပေးနိုင်တယ်။ မအေးနန္ဒာစိုး အဖမ်းခံရကတည်းက သူ့အမေလည်း ခဏခဏ ဆေးသွင်းနေရတာ” လို့ ပြင်ပဆက်ဆံရေးတာဝန်ခံက ဆိုပါတယ်။
ကိုယ်တိုင်က အသက်လု စစ်ပြေးနေရတာတောင် သမီးအတွက် တပတ်တခါ ဗေဒင်မေး၊ နတ်မေးပြီး အသက်ရှင်လွတ် မြောက်ဖို့ နည်းမျိုးစုံ ကြိုးစားနေတဲ့ မအေးနန္ဒာစိုးရဲ့ မိခင်က“သမီးလေး အသက်ထင်ရှား ရှိသေးတယ်။ လွတ်ဖို့လပိုင်းပဲလို တော့တယ်”လို့ ကွဲရှရှအသံနဲ့ အားတင်း ပြောပါတယ်။
“ဟုတ်ပါစေလို့ ကျနော်တို့လည်း ဆုတောင်းရုံသာ တတ်နိုင်တယ်။ ကျနော်တို့လည်း မအေးနန္ဒာစိုး အသက်ရှိသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ညာပြီး မျှော်နေကြရတာ” လို့ ပြင်ပဆက်ဆံရေးတာဝန်ခံက ဆိုပါတယ်။
လွတ်ငြိမ်းရက်တွေဆို တခြားသူတွေထောင်က ထွက်လာပြီး မိသားစုဝင်တွေကို ပြေး၊ ပြေးဖက်ကြတာကို တွေ့တိုင်း “အဒေါ့်သမီးလေးကို ဘယ်တော့များမှ အဲ့လိုကြိုရမလဲ ကြိုချင်လှပြီ”လို့ ပြောနေတဲ့ မိခင်ဖြစ်သူရဲ့ရင်ထဲက ပူဆွေးသောက တွေဟာ မြင်ရသူအဖို့ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရတယ်။
သမီးအကြောင်း ဖုန်းဆက်မေးတိုင်း မရေရာတဲ့အဖြေ ပေးမိရင်လည်း မိခင်ဖြစ်သူက “နန်းတွင်းထဲဝင်ပြီး ငါ့သမီးဘယ်မှာ ရှိသလဲလို့ မေးလိုက်ချင်တော့တယ်”လို့ စိတ်မရှည်သလို ပြောတတ်ကြောင်း တာဝန်ခံက ရှင်းပြပါတယ်။
“ချက်ခြင်း မလွတ်ချင်နေပါစေ။ ဘယ်မှာဖမ်းထားလဲ။ စားရသောက်ရရဲ့လား။ ကျန်းမာရဲ့လား” ဆိုတာမျိုး သူတို့အနေနဲ့ တခုခု၊ တိတိကျကျ သိချင်နေကြတာ ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သေချာတဲ့အဖြေ ဘယ်သူမှ မပေးနိုင်ကြပါဘူး။
မအေးနန္ဒာစိုးရဲ့ မိခင်က သူ့သမီးဟာ စစ်တပ်ကို ခုခံတိုက်ခိုက်နိုင်တဲ့သူ မဟုတ်လို့ သတ်ပစ်မှာ မဟုတ်ဘူး။ မကြာခင် ပြန်လွတ်လာမယ်လို့ ယုံကြည်ရင်း သမီးဖြစ်သူ လွတ်လာမယ့်ရက်ကို စောင့်မျှော်နေတာ ယနေ့ထိတိုင်ပါပဲ။
အကယ်၍ မအေးနန္ဒာစိုးဟာ စစ်တပ်လက်ချက်နဲ့ သေဆုံးသွားခဲ့ရင်တောင် သူရဲ့ဝိညာဉ်က အာဏာရှင်ကို ဆက်တော်လှန်နေမယ် ဆိုတာ ယုံကြည်ပါတယ်လို့ပြောရင်း ပြင်ပဆက်ဆံရေးတာဝန်ခံက အခုလို မှတ်ချက် ပြုပါတယ်။
“သူဟာ အခုချိန်ထိ လမ်းမတွေထက်မှာ အာဏာရှင်ကို တော်လှန်နေဆဲ၊ ဆန့်ကျင်နေဆဲ အမျိုးသမီး ခေါင်းဆောင်တွေထဲက တယောက်ပါ”