ကန္တာရဝတီ တိုင်း(မ်)
“အားနည်းချက်တွေတော့ ရှိတာပေါ့။ အရင်ကနဲ့တော့ မတူတော့ဘူး။ တစ်ခုခုလုပ်ချင်ရင်တောင် မလုပ်နိုင်တော့ဘူး။ ပြောပဲပြောနိုင်တော့တာလေ။ အဲ့ကြောင့် အားနည်ချက်တွေတော့ ရှိသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော် တစ်ယောက်အနေနဲ့တော့ ထိခိုက်ထားတယ်လို့ မခံယူထားဘူး။ ကျနော် လမ်းမလျှောက်နိုင်တော့ရင်တောင်မှ ကျနော် စကားပြောနိုင်သေးတယ်။ ရဲဘော်ရဲဘက်တွေအတွက် လုပ်ပေးနိုင်တဲ့ဖက်ကနေပေါ့။ ဆက်လက်လုပ်ဆောင်သွားမယ်”
ဒါကတော့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ မှာ တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ခြေနှစ်ဖက် ဆုံးရှုံးထားတဲ့ ရဲဘော်ခူးဘိုးရယ် ပြောဆိုလိုက်တဲ့ စကားပါ။
စစ်တပ်အာဏာသိမ်းမှုအပေါ် လက်သင့်မခံနိုင်လို့ လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြစဥ် အချိန်ကတည်းက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးပါ။
သူဟာ သူ့ဘဝရဲ့ ရည်ရွယ်ထားတဲ့ လက်တွဲဖော် ကောင်မလေးနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းချင်ပေမယ့်လည်း အာဏာရူးလူတစ်စုကြောင့်၊ လက်နက်မကိုင်ချင်ပေမယ့်လည်း အိပ်မက်ကို စွန့်လွှတ်ပြီး ကိုယ့်လူမျိုးအတွက် လက်နက်ကိုင်တဲ့ လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့ရပါတယ်။
“ဘာလို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးလည်းဆိုရင် ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အနာဂတ် လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ ပြည်နယ်ကို ကျနော်တို့ပဲ ပြန်လည် အုပ်ချုပ်နိုင်ဖို့ အဲလိုတွေးတာပေါ့။ ကျနော်ကောင်းတာလည်း ကြုံခဲ့ဖူးသလို ဆိုးတာတွေလည်း ကြုံခဲ့ဖူးတယ်။ ပြည်သူတွေပဲ ဖြစ်ဖြစ် ရဲဘော်တွေပဲ ဖြစ်ဖြစ် အနာဂတ်က ကျနော်တို့ အားလုံးပေါ်မှာ တာဝန်ရှိတယ်” လို့ ခူးဘိုးရယ် ကဆိုပါတယ်။
သူဟာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ မှာ တာဝန် ထမ်းဆောင်နေရင်း ရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့ ဒီးမော့ဆို သဲတောင် တိုက်ပွဲမှာ မိုင်းနင်းမိပြီး ခြေနှစ်ဖက်ကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။
ခြေနှစ်ဖက်လုံးမရှိတော့တဲ့ သူ့အတွက်ကတော့ ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းဟာ အလွန်ပင်ခက်ခဲလှမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း သူဟာ ရဲဘော်ဘဝကနေ အနားယူလိုခြင်းမရှိပဲ အာဏာရှင်စနစ် ပပျောက်ဖို့အတွက် သူလုပ်နိုင်တဲ့ဘက်ကနေပြီးတော့ ဆက်လက်တိုက်ပွဲ ဝင်သွားဖို့ရှိတယ်လို့ သူကပြောပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျနော့် ရဲဘော်တွေနဲ့ပဲ ကျနော်ပြန်လာနေမယ်။ ရှေ့တန်းတော့ မလိုက်နိုင်ပေမယ့် အနောက်ကနေတော့ လုပ်နိုင်ဘက်ကနေ လုပ်သွားမယ်။ ကျနော့် ရဲဘော်တွေကို စိတ်ဓာတ်မကျစေချင်ဘူး။ နောက်ကနေ သူတို့နဲ့အတူ ပူးပေါင်းပါဝင်သွားမယ်” လို့ ရဲဘော် ခူးဘိုးရယ်ကပြောပါတယ်။
ကိုယ့်လူမျိုးအတွက် တိုက်ပွဲဝင်ရင်း ခြေနှစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ သူ့အတွက် သူချစ်ရတဲ့သူဟာ သူ့ကို ထားခဲ့လောက်ပြီလို့ ထင်ထားခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ သူ့ချစ်သူက သူ့ရဲ့ဖြစ်တည်မှုကို လက်ခံပြီး သူနဲ့အတူ ဆက်လက်ရပ်တည်ပေးနေတဲ့ အကြောင်း သူက ပြောပြလာပါတယ်။
“အစကတော့ သူကျနော့်အပေါ် မေတ္တာမရှိလောက်တော့ဘူးလို့ ကျနော်ထင်ထားခဲ့တယ်။ ဒါပေမဲ့ ကျနော်ခုလိုဖြစ်တာကို သူက အများကျိုးအတွက်ပဲ ခံယူထားပြီး ကျနော့်ပေါ် ထားတဲ့ သံယောဇဥ်ကို သူမဖြတ်ခဲ့ဘူး။ ခုချိန်ထိ သူ ကျနော့်ဘေးနားမှာပဲ ရှိနေသေးတယ်။ ကျနော် လိုအပ်တာကို သူတတ်နိုင်ဆုံး ကူညီပေးနေတယ်” လို့ ရဲဘော်ခူးဘိုးရယ်က ပြောပါတယ်။
ကောင်မလေးဖြစ်သူကတော့ သူအခုလိုမျိုး ဖြစ်သွားတာကို စသိလိုက်ရတဲ့ မြင်လိုက်ရတဲ့ အချိန်မှာတော့ သူ့အတွက် ပြောမပြတတ်လောက်အောင်ကို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သူစိတ်အားငယ်နေမှာကို စိုးရိမ်ပြီး ဟန်ဆောင်အပြုံးတွေနဲ့သာ သူ့ကိုနှစ်သိမ့်ပေးနေပေမယ့် မျက်ကွယ်မှာတော့ ဒူးနဲ့ မျက်ရည် သုတ်ခဲ့ရတာပါ။
“မျက်ရည်တော့ ထိန်းရတာပေါ့ သူ့ရှေ့မှာ။ဒါပေမယ့် သူ့ကို အဲ့ထက်ပိုပြီးတော့ သူ့ကိုယ်သူ အားငယ်စိတ်တွေ မဝင်အောင် ထိန်းပေးရတာပေါ့။ အားပေးစကားတွေပဲ ပြောဖြစ်ခဲ့တယ်” လို့ ခူးဘိုးရယ်ရဲ့ ချစ်သူကောင်မလေး ကပြောပါတယ်။
နှစ်ကိုယ်တူ ဘဝတစ်ခုကို ထူထောင်ဖို့ ကြိုးစားနေချိန်မှာပဲ ရဲဘော်ခူးဘိုးရယ်ဟာ ရှေ့တမ်းတစ်နေရာမှာ အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။
ဒါပေမယ့်လည်း သူရဲ့လက်တွဲဖော်ကတော့ သူ့ကို ပစ်မထားဘဲ သူနဲ့အတူတူ ဆက်လက်ပြီး ဘဝကို ရဲရဲဝံ့ဝံ့ရင်ဆိုင်မယ့်သူပါ။ ခြေနှစ်ဖက်မရှိတော့ပေမယ့် သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်ကတော့ ပျောက်ကွယ်မသွားဘူး အဆုံးထိ ဆက်လျှောက်သွားမယ်လို့ ဆိုပါတယ်။
” လမ်းကောင်းကောင်းပြန်လျှောက်နိုင်စေချင်တယ်။ အလုပ်တွေ ဘာတွေကတော့ မလုပ်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဦးနှောက်နဲ့ သုံးပြီး လုပ်လို့ရတာတွေ အဲလိုမျိုးတွေတော့ သူ့အပေါ် မျှော်လင့်ချက် ရှိသေးတာပေါ့။ အင်အားနဲ့လုပ်တဲ့အရာကျတော့ သူကမရတော့ဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ရှိသေးတယ်လေနော်။ လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက်က ပညာချင်းမတူဘူးလေ” လို့ ခူးဘိုးရယ်ရဲ့ ချစ်သူ ကောင်မလေးကပြောပါတယ်။
ရဲဘော် ခူးဘိုးရယ်လိုပဲ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရတဲ့ ရဲဘော်အများကြီး ရှိပါတယ်။ ရဲဘော်ခူးဘိုးရယ်ကတော့ သူ့လို ဘဝတူရဲဘော်တွေကို ပစ်မထားပဲ အမြဲ အားပေးအားမြှောက် လုပ်ပေးဖို့ လိုအပ်တယ်လို့ သူက တောင်းဆိုထားပါသေးတယ်။
“ကျနော်တို့ တပ်ရင်းပဲ ဖြစ်ဖြစ် ဘယ်တပ်ရင်းပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် တကယ်လို့ တစ်ယောက်ယောက်ထိခိုက်ထားတယ်ဆိုရင် ပစ်မထားပဲ အားပေးဖို့ လိုတယ်။ မကြာခဏ အားပေးစကားပြောပေးဖို့လိုတယ်။ မအားရင်တောင်မှ အားတဲ့ချိန်ခဏမှာ ပြောပေးဖို့လိုတယ်။ ဒီနေရာမှာ အားပေးတယ်ဆိုတာ ငွေနဲ့ပဲမဟုတ်ဘဲ လူကိုယ်တိုင်လာကြည့်တာပဲဖြစ်ဖြစ် သူတို့လာတာမြင်ရရင် စိတ်ဓာတ်က ပိုပြီး ကြံ့ခိုင်လာတယ်။ တချို့က ဘယ်သူ့မှ လာမကြည့်လို အလိုလိုနေရင်း စိတ်ဓာတ်ကျသွားတဲ့ ရဲဘော်တွေ အများကြီးရှိတယ်။ ဘယ်အဖွဲ့အစည်း ဘယ်တပ်ရင်းမဆို ကိုယ်လက်အင်္ဂါ ဆူံးရှုံး သွားရတဲ့ လူတွေအတွက် အားပေးစကားက အဓိက လိုအပ်တယ်” လို့ ရဲဘော်ခူးဘိုးရယ်က ပြောဆိုထားပါတယ်။