“အမေ့ဆုတောင်း”

01 July 2023

“အမေ့ဆုတောင်း”

၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက် ညနေ ညနေ ၃နာရီဝန်းကျင်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ နေအိမ်ဝင်းတစ်ခုတွင် အဘွား ဒေါ်ညိို(အမည်လွှဲ)မှာ တပြုံးပြုံးဖြင့် ခုံတစ်ခုတွင် ထိုင်နေသည်။

သူ့ရှေ့တွင်ရှိသည့် ခုံတန်းလျားရှည်ပေါ်တွင် မတွေ့တာကြာပြီဖြစ်သည့် သူ၏မောင်လေးဦးဇင်း သက်တော် ၅၅ နှစ်အရွယ် ဥုးခေမာထိုင်နေပါသည်။ ခုံတန်းရှည်တဖက်စွန်းတွင်တော့ ဦးဇင်း၏ ညီ၊ အဘွား၏ မောင်ငယ်တစ်ဦးထိုင်နေသည်။

ဦးဇင်းအား အအေးနှင့် ဂျင်းသုပ်လေးကပ်ရင်း မောင်နှမတတွေ စကားပြောနေကြသည်။

ဘေးနားတွင်တော့ ညီမလေးက အစ်ကိုတွေအစ်မတွေ၏ စကားဝိုင်းကို နှီးထိုင်ဖြာရင်းနားထောင်နေသည်။

ဦးဇင်းမှာ ကလေးမြို့မှာသီတင်းသုံးနေခြင်းဖြစ်သည်။ ရွာကိုခေတ္တပြန်ရောက်သည်မှာ မကြာသေး။ အဘွားက သူ့မောင်ဦးဇင်းကို တွေ့ချင်ရှာပါသည်။ ဦးဇင်းကလာမည်ဆိုတုန်းက အဘွားက မလာဖို့ ပြာပြာသလဲတားသည်။

(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)
(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)

သို့သော် ညီမလုပ်သူက “ခေါ်လိုက်ပါ ဦးဇင်းဒီလောက်လာချင်နေတာ ဘာလို့မလာခဲ့နဲ့ ပြောတာတုံး”ဟု ပြောတော့ “လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ပါအေ”ဟု အဘွားက ဖြေသည်။ နောက်ဆုံးတော့ ဦးဇင်းဆန္ဒ ညီမတွေဆန္ဒအတိုင်း အဘွား စိတ်မချလက်မချ ခေါ်လိုက်ရသည်။

တအောင့်လောက်နေတော့ မောင်ငယ်တစ်ယောက်က နွားကျောင်းပြီး ပြန်လာသည်။ နွားသုံးကောင်ကို ဝင်းထဲမှာ ချည်ပြီး အဘွား၏နောက်နားတွင် ဝင်ရပ်သည်။ ဦးဇင်းအပါအဝင် မောင် ၃ ဦး ညီမ ၁ ဦးနှင့် အစ်မကြီးဖြစ်သူအဘွားမှာ စကားတွေပြောမဆုံးနိုင်။

ထိုအချိန် ညနေ ၃ နာရီခွဲခန့်တွင် လေယာဥ်သံကြားလိုက်ရပြီးချက်ချင်းပင် ဝုန်းဆိုသောအသံနှင့်အတူ ပေါက်ကွဲသံကြီး မြည်ဟီးသွားလေသည်။

“ခါတိုင်းဆို လေယာဥ်လာပြီဆိုရင် တို့ချောင်ကမကြောက်မရွံ့ ထွက်ထွက်ကြည့်ကြလွန်းလို့ ပြောရတာ။ ဒီတခါတော့ထွက်ကြည့်ချိန်လည်းမရှိပါဘူး။ ဘာမှကိုမရှိပါဘူး။ ဝုန်းခနဲဆိုချသွားတဲ့အသံပဲကြားရတာပါ။”ဟု အဘွားက ပြောသည်။

(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)
(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)

အဘွားကြောက်အားလန့်အား မျက်စိစုံမှိတ်ထားမိသ​ည်။ ဘာမှလည်းမမြင်ရတော့။ မောင် ဦးဇင်းဆီက ဘုရားတသံကြားလိုက်ရသည်။

ရုတ်ချည်းစက္ကန့်ပိုင်းအတွင်း ​ဖြစ်ပျက်သွားသော အဖြစ်အပျက်ကြီးကမယုံနိုင်စရာ။ မောင်တွေညီမတွေမှာ မျက်နှာတွေပျက်စီးသူကပျက်စီး။ အဘွားတစ်ယောက် အရူးမီးဝိုင်းဖြစ်ခဲ့လေသည်။

“အကုန်သေတာပါပဲကွယ်။ အဘွားတစ်ယောက်ပဲကျန်တယ်။ ညီမ ကောက်မကိုင်နိုင်၊ မောင် ကောက်မကိုင်နိုင်၊ မောင်နှမငါးယောက်လုံးကိုး။”ဟု အဘွားက ဆို့ဆို့နင့်နင့် ပြောသည်။

ဟိုမောင်ကြည့်ပြန်ရင်လည်း သွေးနှင့်စက်လက်၊ ဒီမောင်ကြည့်ပြန်ရင်လည်း သွေးသံရဲရဲ၊ မောင်နှမတတွေ သွေးအိုင်ပွက်ထဲသေရရှာသည်။

တူလေးတစ်ယောက်လည်း ပြေးလာရှာသည်။ ဖအေကောက်လိုက်၊ အရီးတွေကောက်လိုက်။ သူလည်းအရူးတစ်ယောက်လိုဖြစ်သွားသည်။

ထိုအချိန် ဦးလေးကြီးတစ်ယောက်ကလည်း မီးလောင်သည့်အထဲပါသွားတော့မှာမို့ သွားဆွဲရသည်။ အိမ်ရှေ့ချည်ထားသည့် နွား ၃ ကောင်လုံးလည်း သေရရှာသည်။

အဘွား၏ ပရိဒေဝမှာထိုမျှနှင့်မကခဲ့ပါ။ မောင်တစ်ယောက်ကလည်းမီးထဲပါသွားသည်။

တူမလေးတစ်ယောက်မှာလည်း လမ်းပေါ်တွင်ပက်လက်။ ညီမယောကျာ်းမှာလည်း အိိမ်ထဲတွင်သေဆုံးနေခဲ့သည်။ အဘွားမောင်​အရင်း၄ဦး၊ ညီမအရင်း၁ဦး၊ တူမ၁ဦး၊ မတ် ၁ ဦး စုစုပေါင်း ၇ ဦးတိတိ ဆုံးရှုံးခဲ့ရလေသည်။

(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)
(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)

အဘွားတင်မကသေးပေ။ ညောင်ကုန်းရွာနေ အသက် ၄၀ ကျော်အရွယ် ဒေါ်ဖြူ(အမည်လွှဲ)သည် အဝတ်လျှော်နေစဥ် အုန်းခနဲအသံကြားလိုက်ရသည်။

ထိုအချိန် ညီမဖြစ်သူက “ငါ့တူမလေး လုပ်ကြပါဦး။ ငါ့တူမလေး လုပ်ကြပါဦး။”ဟု အော်ဟစ်နေသည်။ ညီမကိုယ်တိုင်လည်း ဒူးထိသွားသည်။

ဒေါ်ဖြူအပြေးအလွှားသွားတော့ သမီးမှာ မီးထဲပါလုပါခင်။သမီး၏ ရုပ်အလောင်းကလေး မီးထဲပါမသွားစေရန် ရုပ်အလောင်းကို မနိုင့်တနိုင်ဖြင့် ဆွဲထုတ်ကြသည်။

သမီးကိုဆေးရုံပို့ရန်ကြိုးစားသော်လည်း လမ်းတွင်အသက်ပျောက်သွားခဲ့ရသည်။

အသက် ၁၉ နှစ်သာရှိသေးသည့် တစ်ဦးတည်းသော သမီးချောလေးအတွက် ဒေါ်ဖြူတစ်ယောက် ရင်ဘတ်စည်တီးရသည်။ ငါ့သမီးလေးရုပ်ချောချောလေးကွာ ဖြစ်ရလေခြင်းဟု မကြာခဏ ပြောရင်း ယူကျုံးမရဖြစ်ရသည်။ သမီးလေးသည် လူချစ်လူခင်ကလည်းပေါလိုက်သည့်ဖြစ်ချင်း။ လိမ္မာလည်းလိမ္မာသေး။

တအားလည်းလိမ္မာတယ်။ ရုပ်ကလေးကလည်းချောတယ်။ ဆံပင်လေးလည်းကောင်းတယ်ကွဲ့။”ဟု ပြောရင်း ဒေါ်ဖြူ ငိုပါသည်။

သမီးက ညဆိုလည်း ဒေါ်ဖြူ့ကို ဝပ်ချပြီးမှ အိပ်သည်။ ဒေါ်ဖြူကလည်း ဆုတောင်းပေးပါသည်။

“ငါ့သမီး သက်တော်ရာကျော်ရှည်ပါစေ အနာမျိုး ကိုးဆယ့်ခြောက်ပါးကင်းရှင်းပါစေ”ဟု။ သို့သော် ဒေါ်ဖြူဆုတောင်းမပြည့်ရှာ။

“ဆုတောင်းတယ်။ ဒါပေမယ့်ဆုတောင်းမပြည့်ရှာဘူး ငါ့သမီး။ စစ်ကောင်စီမကောင်းမှုကြောင့် ငါ့သမီးခေါ်သွားရှာတယ်။”ဟု ဒေါ်ဖြူက ပြောပြသည်။

သမီးတင်မကပါ။ ဒေါ်ဖြူ့မောင်လေးမှာလည်း လက်နက်ကြီးမှန်ပြီး သေဆုံးသွားခဲ့သည်။ ​မောင်လေးရုပ်အလောင်းမှာမူ မဆွဲနိုင်တော့၍ မီးထဲပါသွားခဲ့သည်။

“မုန်းလိုက်တာမှကွာ၊ မုန်းလိုက်တာဒီစစ်ကောင်စီကြီးနဲ့တော့ ပြည်သူတွေလည်း နစ်နာလှပါပြီ။ ငါ့သမီးလိုလူတွေလည်း သေတာများကြပြီ။ ငါ့သမီးအတွက် နောက်ဆုံးဖြစ်ပါစေဆုတောင်းတယ်ကွာ။ အမြန်ဆုံးပြီးဆုံးပါစေပေါ့။”ဟု ဒေါ်ဖြူ အားနည်းနေသည့်ကြားမှပြောသည်။

စစ်ကောင်စီတပ်က ထိုမျှနှင့် အားမရခဲ့ပေ။ ပုလဲနယ်၊ ချင်ပြစ်ကျေးရွာအနောက်ဘက် မြောက်ယမားဆည်အနီး ရှင်းလင်းဆောင်အား ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူအမျိုးသမီး(၁)ဦး သေဆုံးကာ ၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြန်သည်။

(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)
(​ညောင်ကုန်းရွာ ဗုံးကျဲခံရပြီး​နောက်အပျက်အစီးများနှင့် ​သေဆုံးဒဏ်ရာရသူ အ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ ဓါတ်ပုံ-CJ)

ထိုနေ့က ဒေါ်ညိုတို့ ဒေါ်ဖြူတို့၏ မောင်နှမသားချင်းများအပါအဝင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်တစ်ပါးနှင့် ပြည်သူ ၁၃ ဦး သေဆုံးခဲ့သည်။

ထို့အပြင် ပြည်သူ(၁၁)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ ပြည်သူပိုင် နေအိမ်(၁၄)လုံးလည်း မီးလောင်ပြာကျခဲ့သည်။ ဘုန်းကြီးကျောင်းဆောင် (၂)လုံးမှာလည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့လေသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက ပြည်သူပေါင်း ၁၃၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

“ညောင်ကုန်းရွာကိစ္စကတော့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ပဲ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာဘာအစည်းအဝေးတွေ လုပ်နေတာမှလည်းမရှိဘူး။ ဘာPDF တွေမှလည်းမရှိဘူး။ ကုန်ကုန်ပြောရရင် ပကဖတွေပအဖတွေ မသက်ဆိုင်တဲ့နေရာတစ်ခု၊ တကယ့်ကို ဘုန်းကြီးကျောင်းနဲ့အရပ်သားပြည်သူတွေပဲရှိတဲ့နေရာတွေ ဖြစ်တယ်။ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ်တဲ့ဖြစ်ရပ်တစ်ခုလို့ သုံးသပ်ပါတယ်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

တစ်ဦးတည်းသောသမီး မျက်စိရှေ့တွင် ရုပ်ပျက်ဆင်းပျက်ဆုံးရှုံးခဲ့ရသူ ဒေါ်ဖြူမှာတော့ နာကျင်မှုတွေက ပူနွေးနေဆဲ။

“စစ်ကောင်စီအမြန်ဆုံး ကျဆုံးပါစေ။ ပျောက်ကွယ်ပါစေဆုတောင်းပါတယ်ကွယ်။ မင်းအောင်လှိုင်ကြီးကိုလည်း အမြန်ဆုံး ငရဲကခေါ်ပါစေလို့ ဆုတောင်းပါတယ်ကွဲ့။”ဟု ဒေါ်ဖြူက ဆို့နင့်စွာပြောလေသည်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia