27 June 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
ကြေညာချက်အမှတ် (၃/၂၀၂၃)
၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့)
၁။ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်အချို့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ အခြေခံအလုပ်သမား အခွင့်အရေးချိုးဖောက်မှုများအပြင် အလုပ်သမားခေါင်းဆောင်များအား မတရားဖမ်းဆီးခြင်း၊ အလုပ်မှထုတ်ပစ်ခြင်း တို့ကို အောက်ပါ အတိုင်း ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရသည်-
(က) ၃-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)၊ မလိခလမ်းရှိ ထိုင်းနိုင်ငံသားပိုင် JAKO ကုန်အမှတ်တံဆိပ်ချုပ်လုပ်သည့် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၀၀ ဦးတို့သည် လုပ်ခ လစာတိုးမြှင့်ပေးရေး၊ အလုပ်ပိတ်ရက် အကျိုးခံစားခွင့်များ ရရှိရေး၊ သန့်ရှင်းသော သောက်ရေနှင့် ထမင်းစာဆောင် သီးသန့်စီစဉ်ပေးရေး စသည်တို့ကို ငြိမ်းချမ်းစွာ စုဝေးတောင်းဆိုခဲ့ရာ လုပ်သမားခေါင်းဆောင် (၂)ဦး ကို စစ်ကောင်စီမှ လုပ်ငန်းခွင် တွင်း ဝင်ရောက်ဖမ်းဆီး၍ စစ်ကြောရေးသို့ ပို့ဆောင်ခြင်း၊
( ခ) ၁၀-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် ZARA နှင့် Inditex ကုန်အမှတ်တံဆိပ်များ ထုတ်လုပ်လျက် ရှိသည့် Hosheng Myanmar စက်ရုံ၌ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တစ်နေ့လုပ်အားခ (၅၆၀၀)ကျပ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည့် အလုပ်သမားခေါင်းဆောင်(၇)ဦးအား အလုပ်မှ ထုတ်ပစ်ခြင်း၊ အလုပ်သမားအခွင့်အရေးများရရှိရေး ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုခဲ့သည့် စက်ရုံမှ အလုပ်သမား ၆၀၀ ကျော်အား စစ်ကောင်စီနှင့် ပူးပေါင်း ၍ စက်ရုံသို့ လာရောက်ပြီး ခြိမ်းခြောက်ပြောဆိုခြင်း၊ ညှိနှိုင်းဖြေရှင်းရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ခဲ့သည့် အလုပ်ထုတ်ခံထားရသော အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးနှင့် အခြားခေါင်းဆောင်တစ်ဦးအား စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်း၊
( ဂ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ကျန်စစ်သားလမ်းရှိ တရုတ်နိုင်ငံသားပိုင် ZARA, Only, DIVIDED (H & M) ကုန်အမှတ်တံဆိတ်များ ထုတ်လုပ်နေသည့် Myanmar York အထည်ချုပ်စက်ရုံတွင် သတ်မှတ်အလုပ်ချိန် ထက် ကျော်လွန်ခိုင်းစေခြင်း၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ရ ခြင်း၊ အချိန်ပိုလုပ်ကိုင်သူများအတွက် လိုအပ်သည့် သက်သာချောင်ချိရေး အစီအမံ များ စီစဉ်မပေးခြင်း၊ ခွင့်ရက်များ အပြည့်အဝ ခံစားခွင့် မရခြင်း၊ အလုပ်သမားများ လုပ်နိုင်စွမ်းရှိသည့် ကုန်ထုတ်စံနှုန်းထက် ပိုမိုထွက်ရှိရေး ဖိအားပေးခိုင်းစေခြင်း၊ တစ်ခါတရံ စီမံအုပ်ချုပ်သူများက ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း စသည့် အခွင့်အရေးများ ချိုးဖောက်ခံနေရခြင်း။
၂။ စစ်ကောင်စီနှင့် ၎င်း၏ သြဇာခံ အလုပ်ရှင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို အလုပ်မှ ထုတ်ပစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ စုပေါင်းအရေးဆိုခွင့်နှင့် စည်းရုံးခွင့်ကို ပိတ်ပင် တားမြစ်ခြင်း၊ လခစားအလုပ်သမားများကို နေ့စားအလုပ်သမားအဖြစ် ပြောင်းပစ်ခြင်းနှင့် ဖိအားပေး ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံအခွင့်အရေးများကို အပြည့်အဝ မပေးခြင်းစသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များကို ကျူးလွန်လျက်ရှိပါသည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သော အလုပ်သမားများနှင့် အလုပ်ခန့်ထားမှုအပေါ် ခွဲခြားဆက်ဆံမှုများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်နေမှုများနှင့် စပ်လျဉ်းသည့် ကြေညာချက်အမှတ် (၁၁/၂၀၂၂) နှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အလုပ်သမားသမဂ္ဂများ လွတ်လပ် စွာ ဖွဲ့စည်းခွင့်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုကိုမျှ လုံးဝမပြု လုပ်ရေးနှင့်စပ်လျဉ်းသည့် ကြေငြာချက်အမှတ် (၁၃/၂၀၂၂)တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် အားပေးကူညီသူများ မဖြစ်စေရေး အလုပ်သမားအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ အလုပ်သမားအဖွဲ့ချုပ်များအနေဖြင့် ထုတ်ပြန်ချက်အတိုင်း လိုက်နာရန် အထူးလိုအပ်ပါသည်။
၄။ မြန်မာနိုင်ငံအတွင်း အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့် အလုပ်ရှင်များ၊ Brand/ buyers များအား နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ILO နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အလုပ်သမားအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အမြန်ဆုံးရပ်တန့်နိုင်ရေးနှင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူ နိုင်ရေး တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
၅။ ပြည်တွင်းတွင် ရပ်တည်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အလုပ်သမား အခွင့်အရေးများ၊ စံတန်ဖိုးများအား လေးစားလိုက်နာကြရန် အထူးလိုအပ်ပါသည်။ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် နိုင်ငံတကာတွင် တရားစွဲခံ ထားရသော အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်း များသည် သာမန် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုမျှသာမဟုတ်ဘဲ ရာဇဝတ်မှုမြောက်သော ပူးပေါင်းဆောင်ရွက်မှုများဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အထူးရှောင်ရှားရန် နှင့် ဆက်လက်ကျူးလွန်နေပါက ထိရောက်သော ဟန့်တားအရေးယူမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.