ရွက်ပုန်းသီး မယ်အိ

25 June 2023

ရွက်ပုန်းသီး မယ်အိ

နွေဦးမောင်။ ။

တော်လှန်ရေးကိစ္စဖြင့် ခရီးထွက်ရမည်ဟု ​ပြောလာသည့် ခင်ပွန်းဖြစ်သူ၏ အသိပေးမှုတွင် မယ်အိတစ်ယောက် စိုးစိမျှ သံသယ မဖြစ်မိ။ ကိုယ်တိုင်လည်း နွေဦးတော်လှန်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်နေသူမို့ ထိုခရီးကို အသာတကြည်ခွင့်ပြုခဲ့ သည်။

သို့သော် မယ်အိတစ်ယောက်အထင်နှင့်အမြင်လွဲခဲ့ပြီဆိုခြင်းကို လွန်ခဲ့သောခြောက်လခန့်တွင်မှသိခွင့်ရလာသည်။ အကြောင်းမူ သူ့ခင်ပွန်းမှာ တော်လှန်ရေးဗန်းပြပြီး တက်ကြွလှုပ်ရှားသူလိုလို၊ ထောက်ပို့သမားလိုလို အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်နေ၍ ဖြစ်သည်။

သိသိချင်း မယ်အိ သူ့စိတ်ကိုအနိုင်နိုင်ထိန်းထားရသည်။ ခင်ပွန်းသည်နှင့် မျက်နှာချင်းဆိုင်များ ပြန်တွေ့ရလျှင် သူတစ်ခုခု လုပ်မိမှာ သေချာသည်ဟု မယ်အိက ဆိုသည်။

ရက်အနည်းငယ်လောက်အထိ မယ်အိစိတ်လေသလိုလိုဘာလိုလို ဖြစ်သွားသေးသည်။ သို့တိုင် သူကြာကြာစိတ်မလေနိုင်အား။ လေးနှစ်အရွယ် လူမမယ်သမီးလေးအတွက် သူအားတင်းရှေ့ဆက်ရဦးမည်။ ပုံမှန်စိတ်အခြေအနေဖြင့် အရောင်းအဝယ် လုပ်ငန်းလေး ပြန်လုပ်နိုင်မှ တော်လှန်ရဲဘော်များကို ထောက်ပံ့နိုင်မည်လည်း ဖြစ်၏။

ထို့ကြောင့် နွေဦးကာလတွင် မိသားစုဘဝ ပြိုကွဲခဲ့ရသော်လည်း သည်နွေဦး၌ပင် ဆက်လက်စီးမြောရန် မယ်အိတစ်ယောက် စိတ်ပိုင်းဖြတ်ထားသည်။

အသက် ၃၀ ကျော်ရှိပြီဖြစ်သည့် မယ်အိသည် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ မြို့တစ်မြို့မှဖြစ်၏။ သူ့အရပ်မှာ ၅ ပေခန့်ရှိပြီး ခန္ဓာကိုယ် သေးသွယ်သွယ်တွင် အသားအရေလတ်သူ ဖြစ်သည်။

သူသည် ဖက်ရှင်ပိုင်းတွင် စိတ်ဝင်စားသည့်အလျှောက် လူငယ်ကြိုက်ဖက်ရှင်များရောင်းသည့် ဆိုင်တစ်ဆိုင် ဖွင့်ထားသည်။ ဆိုင်မှာ မြို့ထဲလူစည်ကားရာနေရာတွင်ရှိရာ မြို့ပေါ်မှသတင်းမျိုးစုံကို သူ့ထံမှရနိုင်သည်။

ထို့ကြောင့် သူနှင့်ချိတ်ဆက်မိသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက သူ့ထဲမှရသော မြေပြင်အချက်အလက်များအရ စစ်ရေး တိုက်ခိုက်မှုတစ်ခု ဆင်နွှဲခဲ့ဖူးသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးသေပြီး သုံးဦးထက်မနည်း ထိခိုက်သွားခဲ့ သည်။ ထို့နောက် သူ့ဆိုင်လည်း အခြားနေရာတစ်ခုသို့ ​ရွှေ့ပြောင်းခဲ့ရ၏။ တနည်းဆိုသော် ခြေရာဖျောက်ရခြင်းဖြစ်သည်။

တစ်ခါသား မယ်အိတို့မြို့တွင် စစ်တပ်က သုံးလေးရက်ဆက်တိုက် ဖမ်းဆီးစစ်ဆေးမှုများ လုပ်သည်။ ထိုစဥ်က ဆိုင်ကယ်အစီး ပေါင်းရာကျော်အထိ သိမ်းဆည်းခံကြရပြီး ဖမ်းခံရသည့်ပြည်သူအချို့လည်းရှိခဲ့သည်။

ထို့ကြောင့် အခြေနေသိလို၍ အွန်လိုင်းမှတဆင့် သူ့ထံဆက်သွယ်ရာ ဆိုင်ပြင်ထွက်၍ Video Call ဖွင့်ကာ စစ်သားနှင့်ရဲများ စုဝေးနေသည်ကို ပြပါလေသည်။ သည်မျှနှင့် မရပ်သေး။ ခပ်လှမ်းလှမ်းသို့သွားပြီး ဓာတ်ပုံသို့မဟုတ် ရုပ်သံမှတ်တမ်းယူပေး မည်ဟုဆိုလာရာ ရဲတင်းရာကျပြီး အသက်အန္တရာယ်နှင့်နီး၍ မသွားသင့်ကြောင်းပြောကာ မနည်းတားယူရသည်။

ဤသည်မှာ လူကောင်သေးသေး၊ ဘိုမရုပ်လေးနှင့်တူသည့် မယ်အိပင်။ အမှန်ဆို သူနှင့် စစ်တပ်အသိုင်း အဝိုင်းသည် စိမ်းလှ သည်မဟုတ်။ သူ့ဖခင်မှာ တပ်ကြပ်ကြီးရာထူးဖြင့် တပ်မှထွက်လာသူတစ်ဦး ဖြစ်သည်။ သို့သော် သူ့ဖခင်အပါအဝင် တစ်မိသား စုလုံး တပ်ကိုအားမပေးကြပါ။ တပ်ကိုခုခံပြီး အာဏာရှင်အား တွန်းလှန်နေသူများကိုသာ အားပေးထောက်ခံကြသည်။

ထို့ကြောင့်လည်း နွေဦးတော်လှန်ရေးကြီးအစ မြို့ပေါ်ဆန္ဒပြပွဲများတွင် မယ်အိတို့ဇနီးမောင်နှံ ကိုယ်တိုင်ပါဝင်ခဲ့ကြသည်။ သည် နောက် ရက်အတန်ကြာလာသည့်အခါ သူက ဆိုင်တစ်ဖက်နှင့်မို့ ခင်ပွန်းသည်ကိုသာ နောက်မှနေ၍ ပံ့ပိုးရတော့သည်။

ဤတွင် သူ့ခင်ပွန်းမှာ တော်လှန်ရေးအင်အားစုများနှင့် အဆက်အသွယ်ရလာပြီး သည်မှဟို၊ ဟိုမှသည် တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာသည်အထိ ဖြစ်လာသည်။ ထို့အတူ အသိအကျွမ်းပိုများလာပြီး အသုံးစရိတ်များလည်း ယခင်ထက်ပိုလာ သည်။ သို့သော် ခင်ပွန်းသည်၏ လုပ်ရပ်များကို မယ်အိမငြိုငြင်ခဲ့ပါ။ ပံ့ပိုးမြဲ ပံ့ပိုးခဲ့၏။

တစ်ဖက်လူ ခင်ပွန်းဖြစ်သူကသာ မယ်အိ၏လိုက်လျောက်မှုကို အခွင့်ကောင်းယူကာ တော်လှန်ရေးကိုခုတုံးလုပ်ပြီး ဖောက်ပြား ခဲ့ခြင်း ဖြစ်သည်။ ပိုဆိုး သည်မှာ အိမ်ထောင်သက်တလျှောက်စုစောင်းခဲ့သမျှ လက်ဝတ်ရတနာများနှင့် ကျပ်သိန်း ၂၀ ကျော်ကို သူ့ခင်ပွန်းက မယ်အိမသိအောင် ယူသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဆက်ပြီးသည်းမခံနိုင်တော့ဘဲ မယ်အိတစ်ယောက် ခင်ပွန်းဖြစ်သူနှင့် တရားဝင်ကွာရှင်းလိုက်တော့သည်။ သို့တိုင် မယ်အိသည် သည်နွေဦးတွင် ထောက်ပို့ပြည်သူတစ်ဦး၏တာဝန်ကို ကျေပွန်နေဆဲဖြစ်ပါသည်။

သူ ထောက်ပို့လုပ်သည်က ငါးပွက်ရာငါးစာချခြင်းမျိုးမဟုတ်။ သူနေထိုင်ရာ တိုင်းဒေသကြီးမှ PDF တပ်ရင်းတစ်ခုကိုသာ တစိုက်မတ်မတ် ထောင်ပို့လုပ်နေခြင်း ဖြစ်သည်။ ဤနေရာတွင် သူ့ခံယူချက်နှင့် အခြားသူများ၏ ယူဆချက် ကွဲလွဲကောင်း ကွဲလွဲနိုင်ပါသည်။

အကြောင်းမှာ ဒေသတစ်ခုတွင် စစ်အာဏာရှင်ကို ခုခံတွန်းလှန်မည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ရှိသင့်သည်ဟု သူက ထင် သည်။ ထိုရှိနှင့်ပြီးသော အဖွဲ့အစည်းသည်လည်း ရေရှည်ရပ်တည်ရန်လိုအပ်သည်ဟု သူကမြင်သည်။ ယင်းကဲ့သို့ ရေရှည် ရပ်တည်နိုင်ရန်မှာ ပြည်သူပံ့ပိုးမှုသည် အခရာဖြစ်ကြောင်း မယ်အိ ယုံကြည်၍ဖြစ်၏။

သို့မှသာ ပြည်သူလူထုဆင်နွှဲလျှက်ရှိသော နွေးဦးတော်လှန်ရေးကြီးတွင် နေရာစုံမှခုခံတွန်းလှန်မှုများဖြင့် အောင်ပွဲဆီ အရောက် လှမ်းနိုင်မည်လည်း ဖြစ်သည်။

ဆိုရလျှင် စစ်ကောင်စီတပ်က ဒေသအနှံ့တွင် လူမဆန်သည့် စစ်ရာဇဝတ်မှုများကို စိတ်ထင်တိုင်းကျူးလွန်နေသည့်တိုင် တော် လှန်ရေးတွင် မယ်အိကဲ့သို့ ရွက်ပုန်းသီးများ ထုနှင့်ဒေးရှိနေသေးသည်။

ယုံကြည်ချက်အတွက် စစ်အာဏာရှင်အားဆန့်ကျင်နေသူများကို ထိုရွက်ပုန်းသီးများက ပုံစံမျိုးစုံဖြင့် အလွှာစုံမှ ထောက်ပံ့ ကူညီ နေ၍သာ ဤခရီး နည်းသထက် နည်းခဲ့ပြီဆိုလျှင် လွန်အံ့မထင်ပေ။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia