စစ်အာဏာရှင်ကိုသာမက ခွဲခြားမှုတွေကိုပါ တွန်းလှန်နေကြတဲ့ လူငယ်များ

23 June 2023

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

ပျောက်ကျားဝတ်စုံ၊ စစ်ကျောပိုးအိတ်၊ သေနတ် နှင့် Equipment အစုံ ဝတ်ဆင်ထားတဲ့ လူငယ်တစုဟာ ဝိုင်းဝန်းစုပေါင်းပြီး ငြိမ်သက်စွာခေါင်းငုံ့ဆုတောင်းနေကြတဲ့ ဗီဒီယို ကလစ်အတိုတခုကို ကန္တာရဝတီတိုင်း(မ်) ကလက်ခံရှိထားပါတယ်။

အဲဒီဗီဒီယိုထဲမှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေဟာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတွေ မတူညီကြပေမည့် ခရစ်ယာန်တို့ရဲ့ ထုံးတမ်းအစဉ်အလာတွေအတိုင်း ဝတ်ပြုကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းက တော်လှန်ရေးကိုသာ မကပါဘူး။ ကျနော်တို့ရဲ့ လူ့ပတ်ဝန်းကျင်ကို အလှပဆုံး ရှင်သန်စေနိုင်မည့် တခုတည်းသော အရာပါ။” လို့ အသက် ၂၇ နှစ်အရွယ် တော်လှန်ရေးရဲဘော် လူငယ်တဦးက ပြောပါတယ်။

အဆိုပါ ဗီဒီယိုကလစ်နှင့် ပတ်သက်ပြီး အသက် ၂၇ နှစ်အရွယ် တော်လှန်ရေးရဲဘော် လူငယ်လေးကို မေးမြန်းရာမှာ အထက်ပါစကားကို သူက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ သူဟာ စစ်ကြောင်း ဦးဆောင်သူတဦးအဖြစ် ပါဝင်တိုက်ခိုက်နေပြီး၊ သူ ကိုးကွယ်ရာ ဘာသာရေးကတော့ ရိုးရာကို သက်ဝင်ယုံကြည်သောသူတဦး ဖြစ်ပါတယ်။

ယုံကြည်ရာ ဘုရားကို ဆုတောင်းနေသော ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ တပ်ဖွဲ့ဝင်တစ်ဦး

“ကျနော်တို့ ရှေ့တန်းမထွက်ခင်ဆို ကျနော်တို့ ဘုရားကို ဆုတောင်းတယ်။ ဘုရားသခင်က ကျနော်တို့ကို ကူညီပေးဖို့ ဆုတောင်းတယ်။ ကျနော်တို့က နှစ်ခြင်းဘာသာလိုပဲ ဆုတောင်းတာ။”

ဗုဒ္ဓဘာသာဝင် တော်လှန်ရေးရဲဘော်လူငယ်တဦးဖြစ်တဲ့ ခူးမီရယ်မှ အထက်ပါ စကားကို အင်တာနက် ကိုအသုံးပြုပြီး လူမှုကွန်ယက်ဆက်သွယ်မှုကနေ ကန္တာရဝတီတိုင်း(မ်) ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်ရဲ့ နေရာအတော်များများကို အင်တာနက်လိုင်း အပါအဝင်၊ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးအတွက် အလွန်ခက်ခဲနေပြီး၊ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အချင်းချင်းမျှဝေနိုင်ဖို့လည်း ခဲယဉ်းလာပါတယ်။

အင်တာနက်အသုံးပြုဖို့ ဖုန်းလိုင်း ရရှိနိုင်သောနေရာတွေကို သွားရောက်ပြီး အသုံးပြုနေရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ပါ တော်လှန်ရေးရဲဘော်ရဲ့ ပြောစကားတွေကို အင်တာနက်မှတဆင့် ဆက်သွယ် ရရှိခြင်းဖြစ်ပါတယ်။

“ရဲဘော်တွေကို ဘုရားရှိခိုးတဲ့အချိန်မှာ မဖြစ်မနေ ပါဝင်ရမယ်လို့တော့ မပြောထားပါဘူး။ သူတို့ရဲ့ စိတ်သဘောဆန္ဒနှင့် ပါဝင်ကြတယ်ပေါ့နော။ နှစ်ခြင်းမဟုတ်တဲ့လူတွေကလည်း သူတို့ လက်ခံကြတယ်ပေါ့နော။ လက်ခံကြလို့ ဒီအရာကလည်း ကျနော်တို့ အမြဲလုပ်နေတဲ့အရာမို့လို့ ၊ တိုက်ပွဲသွားခါနီး စုပြီးတော့ လုပ်ဆောင်ကြတော့ အမြဲတမ်းလုပ်ဖြစ်တဲ့အရာတခု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့လည်း ငြိုငြင်တာတော့ မရှိဘူး။ သူတို့ အားလုံး လက်ခံကြတယ်ပေါ့နော။” လို့ တော်လှန်ရေးရဲဘော် လူငယ်တဦးဖြစ်သော ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၁ ရဲ့ တပ်ခွဲမှုး A1 က တပ်ခွဲမှာ သူနှင့် သူ့ရဲဘော်တွေရဲ့ အတူတူ ဝိုင်းဝန်းပါဝင်ကြပုံကို ပြောပြလာပါတယ်။

တပ်ခွဲမှုး A1 က နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ပါတယ်။ သို့ပေမယ့် သူနဲ့အတူ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဘာသာတွေကိုလည်း ကိုယ့်ဘာသာမဟုတ်လို့ မပါဝင်ဘူးဆိုတာမျိုးကို မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာဝင် တော်လှန်ရေးရဲဘော်တွေ တရားနာတဲ့အခါမှာလည်း ပူးပေါင်းပါဝင်လေ့ရှိတယ်လို့ သူက ပြောပြပါတယ်။

“ကျနော်တို့ကလည်း ပူးပေါင်းပါဝင်ပေးပါလို့ အချင်းချင်းတောင်းဆိုတာမျိုး တခါမှ မရှိခဲ့ဘူး။ အားလုံးက ကိုယ့်စိတ်နှင့်ကိုယ် ပါဝင်ကြရင်း စိတ်တူကိုယ်တူပဲ သွားကြတာပါ။” လို့ ဘာသာခြားတွေရဲ့ နှစ်ခြင်းဘာသာလို ပါဝင်ရှိခိုးတာနှင့် ပတ်သက်ပြီး ကက်သလစ်ခရစ်ယာန်ဘာသာဝင် ရဲဘော်တဦးက ပြောပြလာခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ အသီးသီးဟာ မတူညီတဲ့ နေရာဒေသ၊ ဘာသာ၊ လူမျိုး ၊ ခံယူချက်တွေ စတဲ့ မတူညီမှုမျိုးစုံတွေကြားကနေ စုပေါင်းထားကြတာ ဖြစ်ပါတယ်။ သူ့အစွဲ၊ ငါ့အစွဲတွေကို လက်ကိုင်ထားခြင်းမျိုးမဟုတ်ဘဲ မတူညီမှုတွေကို အခြေခံပြီး အတူတကွ ယှဉ်တွဲနေထိုင်ကြသူတွေ ဖြစ်ပါသည်။ ဘုံ ရည်ရွယ်ချက်တခုဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဦးတည်ပြီး မတူညီမှုတွေကို မေ့လျော့ထားကြတာ ဖြစ်ပါတယ်။

စစ်ကြောင်းဦးဆောင်သူ လူငယ်တဦးအနေနဲ့ များစွာသော မတူညီမှုတွေကြားက ရွယ်တူရဲဘော်လူငယ်တွေကို ထိန်းညှိရတဲ့အခါ စိန်ခေါ်မှုတွေ ရှိနေပေမယ့်၊ မတူညီတဲ့အရာတွေကို တရားသေစွဲကိုင်မထားဘဲ အတူတူတော်လှန်ရေးဝင်ကြတဲ့ ရဲဘော်တွေဖြစ်ကြတာကြောင့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တယ်လို့ အထက်ပါ စစ်ကြောင်းမှူးက ပြောကြားခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေ ရှေ့တန်းထွက်ရတဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီး ဝိုင်းဝန်းဆုတောင်းတာကို ပြုလုပ်ကြတယ်လို့ ပြောပြပါတယ်။ အရေးပေါ် အခြေအနေတွေ ဖြစ်လာတဲ့အခါ၊ အားလုံးအတူဝိုင်းဝန်းဆုတောင်းကြဖို့ အချိန်မရှိတဲ့အခါတွေမှာ ဆိုရင်တော့ နောက်တန်းမှာ ကျန်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေကဘဲ ဆုတောင်းပေးကြတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ရှေ့တန်းကနေ ပြန်လည်ရောက်ရှိလာတဲ့အခါ ဘာသာတရားတိုင်းက ကိုယ်ယုံကြည်ရာ ဘုရားကို ကျေးဇူးတင်စကား ပြောဆိုကြပြီး၊ ရိုးရာကို သက်ဝင်ယုံကြည်သူတွေနှင့် ရိုးရာကို တန်ဖိုးထားသူတွေကတော့ ရိုးရာဓလေ့အရ ပြန်လည်ဆေးကြောသန့်စင်တာတွေကို ပြုလုပ်ကြတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရှိရပါတယ်။ ရိုးရာဓလေ့ကို ပြုလုပ်တဲ့အခါမှာလည်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ တခြားသော ဘာသာဝင် တော်လှန်ရေးရဲဘော်တွေကလည်း အတူတကွ ပူးပေါင်းပါဝင်လေ့ရှိတယ်လို့ သိရှိရပါတယ်။

ယုံကြည်ရာ ဘုရားကို ဆုတောင်းနေသော ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ တပ်ဖွဲ့ဝင်တစ်ဦး

အခုလို လုပ်ဆောင်ကြခြင်းမှာ တာဝန်ရှိသူ၊ ခေါင်းဆောင်တဦးဦးကနေ စေခိုင်းတာ၊ အမိန့်ပေးတာမျိုး မဟုတ်ဘဲ တပ်ဖွဲ့ဝင်တွေက ဦးဆောင်လုပ်ဆောင်တဲ့အခါမှာလည်း ခေါင်းဆောင်တွေပါ ပူးပေါင်းပါဝင်လေ့ရှိတယ်လို့ ရဲဘော်တွေက ပြောပါတယ်။

“ကျနော်တို့ကို ခေါင်းဆောင်ပိုင်းတွေက အမိန့်ပေးပြီး ဆုတောင်းခိုင်းတာမျိုးတွေ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ အစုအဖွဲ့ထဲမှာတော့ ဘုရားကို ယုံကြည်တာဖြစ်လို့ ကျနော်တို့ ရှေ့တန်းမထွက်ခင်မှာ ကျနော်တို့ စုဖွဲ့ပြီး ဘုရားကို ဆုတောင်းကြတယ် အဲ့လိုပေါ့နော။ ကျနော်တို့ကို တစုံတယောက်က အမိန့်ပေးတာ လုပ်ခိုင်းတာမျိုး မရှိဘူး။” လို့ ရဲဘော်ခူးမီရယ်က မတူညီမှုတွေကြားက ရဲဘော်တွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို ပြောပြလာခြင်း ဖြစ်ပါတယ်။

စုံလင်သော မတူညီမှုတွေကြားက လူငယ်တွေဟာ စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်ကို အသက်၊ သွေး၊ ချွေး ပေးဆပ်တော်လှန်နေကြသလိုပဲ၊ တော်လှန်ရေးအောင်မြင်ပြီးသွားသည့်တိုင် ဒီလိုမတူညီမှုတွေကို ခွဲခြားအခြေမခံဘဲ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်သွားကြမည့် ရပ်ဝန်းတခုကို မျှော်လင့်နေကြပါတယ်။

တော်လှန်ရေးရဲဘော်တွေ အားလုံးကိုယ်စား လူငယ်တဦးဖြစ်တဲ့ တပ်ခွဲမှုး A1 က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းက လူမှုအသိုက်အဝန်းအတွက် ဘယ်မျှလောက်အထိ အရေးကြီးကြောင်းကို အခုလို ပြောပြပြီး၊ ထိုသတင်းစကားနဲ့အတူ တောင်းဆိုမှုတရပ်ကို ပြောကြားလာပါတယ်။

“ဒီတော်လှန်ရေးကာလ ပြီးဆုံးသွားရင်လည်း အတူယှဉ်တွဲနေထိုင်သွားဖို့က အင်မတန်မှ အရေးကြီးတယ်ပေါ့နော။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ပြန်ပြီးတော့မှ လူမျိုးတခုနှင့် တခု မကြိုက်မနှစ်သက်ကြဘူး၊ ခနဲ့ပြောဆိုကြမယ်ဆိုရင်လည်း ဒီအရာက ကျနော်တို့ သွားချင်နေတဲ့ ပန်းတိုင်တော့ မဟုတ်ဘူးပေါ့နော။ ကျနော်တို့က အားလုံး စည်းစည်းလုံးလုံးနှင့် လူမျိုးတမျိုး၊ တခုနှင့် တခု ကျနော်တို့ အပြန်အလှန် မှီတင်းနေထိုင်သွားဖို့ပဲ ရည်ရွယ်တာပေါ့နော။ အဲ့အတွက်ကြောင့်မို့လို့ ဒီရှေ့ဆက်တော်လှန်ရေးအောင်ပြီးသွားရင်လည်း ကျနော်တို့ကတော့ ဒီလိုပဲ စည်းစည်းလုံးလုံးနှင့် ဆက်ပြီးသွားနိုင်ဖို့ကတော့ ကျနော်တို့လုပ်ယူရမည့် အရာက အရေးကြီးဆုံးအရာပဲပေါ့နော။”


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia