22 June 2023
ခင်ဘုန်းမို့။ ။
မင်းသမီးဝတ်စုံအပြည့်ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာတေးသွားတွေကြား စည်းချက်ညီညီနဲ့ ကပြဖျော်ဖြေနေပါတယ်။
မင်းသမီးဖြစ်သူ ကပြနေတဲ့နေရာက မီးရောင်စုံတွေနဲ့ ကြီးမားတဲ့ဇာတ်ခုံတစ်ခုမဟုတ်သလို မင်းသမီးရဲ့မျက်နှာမှာ မျက်နှာဖုံး တစ်ခုလည်း ဝတ်ဆင်ထားပါသေးတယ်။
အကြောင်းကတော့ မင်းသမီးကပြဖျော်ဖြေနေတာက သာမာန်အငြိမ့်ဖျော်ဖြေပွဲတစ်ခုမဟုတ်ဘဲ တော်လှန်ရေးအတွက် ကပြ ဖျော်ဖြေနေတဲ့ အငြိမ့်ဖြစ်တာကြောင့်ပါပဲ ။
တော်လှန်ရေးမှာ အနုပညာလက်နက်နဲ့ စစ်အာဏာရှင်ကို တော်လှန်နေတာကတော့ ဟားငါးကောင်အဖွဲ့ရဲ့ မင်းသမီးတစ်ဦး ဖြစ်တဲ့ မင်းသမီးဆောင်းဝတီပါ။
စစ်အာဏာမသိမ်းခင်က သူချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေလုပ်ရင်း ဇာတ်ခုံပေါ်မှာ ဆိုရင်းကရင်း၊ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေခဲ့တဲ့ မင်းသမီးဆောင်းဝတီတစ်ယောက် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဘဝ က ရုတ်ချည်းပြောင်းလဲသွားပါတော့တယ်။
သူဟာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ တခြားသောပြည်သူတွေနည်းတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက် တက်ကြွကြွပါဝင်ခဲ့တယ်။ နေ့စဉ်ရက်ဆက် မြို့ပြမှာသပိတ်တွေထွက်ရင်း စစ်အာဏာရှင်ကိုတော်လှန်ခဲ့တယ်။
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့အတွက် စစ်ကောင်စီရဲ့ဖမ်းဆီးမှုမခံရအောင် နေရာတွေ ရွေ့ပြောင်းနေထိုင် ခဲ့ရတယ်။
ဒီလိုတိမ်းရှောင်နေရရင်း စစ်အာဏာရှင်ကိုတွန်းလှန်လိုစိတ်ပြင်းပြတဲ့ ဆောင်းဝတီတစ်ယောက် အနုပညာလက်နက်နဲ့ တော် လှန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် သူတို့ကိုဆန့်ကျင်တဲ့အနုပညာရှင်တွေကို ဖမ်းဆီးတာတွေရှိတဲ့အတွက် တော်လှန်ရေးမှာ ပါဝင်ဖို့ဆုံးဖြတ်ထားတဲ့ အနုပညာရှင်တချို့က လွတ်မြောက်နယ်မြေကိုခြေချခဲ့ကြတာပါ။
ဒီအထဲမှာ ဆောင်းဝတီရဲ့အငြိမ့်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့လည်းပါဝင်တယ်။ ဟားငါးကောင်အဖွဲ့ဟာ လွတ်မြောက်နယ် မြေကနေ တော်လှန်ရေးအတွက်ရန်ပုံငွေရှာတဲ့ အငြိမ့်တွေကပြဖျော်ဖြေခဲ့ကြပါတယ်။
မြို့ပြမှာစစ်အာဏာရှင်ဆန့်ကျင်ရေးတွေလုပ်နေတဲ့ ဆောင်းဝတီတစ်ယောက်လည်း လွတ်မြောက်နယ်မြေမရောက်သေးပေမဲ့ လွတ်မြောက်နယ်မြေက တော်လှန်ရေးအငြိမ့်အတွက် မျက်နှာဖုံးတပ်ကာ ကပြဖျော်ဖြေခဲ့တယ်။ ဟားငါးကောင်ရဲ့ ဟာဒယ သပိတ်တော်လှန်ရေးအငြိမ့် အပိုင်း(၃)မှာ ပါဝင်ခဲ့တယ်။
“ လုံခြုံရေးအရ၊ ဆောင်းဝတီမှန်းမသိအောင် အကတွေကို မကတက်ကတက် ပုံစံမျိုးနဲ့ရိုက်ကူးရေးလုပ်ခဲ့ရတယ်။ ခဏခဏ လည်းပြန်ရိုက်ခဲ့ရတယ်။ သင်ရိုးကျိုးပြီးသားလက်တွေဖြစ်တဲ့အတွက် မရတဲ့အကကို လေ့ကျင့်ပြီး ကရတာထက်၊ ကတက်ပြီး သားအကကို မကတက်အောင်ကရတာ တော်တော်လေးကိုအဆင်မပြေပါဘူး။” လို့ ဆောင်းဝတီကဖွင့်ဟပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးကိုသာ တစိုက်မက်မက်ဆောင်ရွက်ချင်ခဲ့တဲ့ ဆောင်းဝတီအတွက် မြို့ပေါ်မှာ နေခဲ့တဲ့ကာလတွေ တုန်းက အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့အတွက် အနုပညာအလုပ်တွေ မလုပ်နိုင်ခဲ့ပါဘူး။
ဆောင်းဝတီတစ်ယောက်ထဲ အငြိမ့်ပွဲတွေကဖို့ လာငှားခဲ့ပေမယ့်လည်း မကဖြစ်ခဲ့ဘူး။ ဆောင်းဝတီအနေနဲ့ ကိုယ်တတ်တဲ့ အနု ပညာကို ကောင်းတဲ့နေရာမှာသာ အသုံးပြုချင်ဖို့ဆုံးဖြတ်ခဲ့ပြီးသားဖြစ်တယ်။ ဒါကြောင့်ဝမ်းရေးအတွက် ရှိတာလေးနဲ့ဖြေရှင်းပြီး ရောင်ရဲတင်းတိမ်စွာဖြတ်သန်းခဲ့တယ်။
“ ကိုယ်အငြိမ့်ကခဲ့တုန်းက ဘယ်တုန်းကမှ မတောင်းခဲ့ဖူးတဲ့ ငွေအမောင့်တွေနဲ့လာငှားတယ်။ မကခဲ့ပါဘူး။ ”လို့ဆောင်းဝတီက ပြောပါတယ်။
ဒီလို အနုပညာလက်နက်နဲ့ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အတွက် မင်းသမီးဆောင်း၀တီဟာ စစ်ကောင်စီရဲ့ လိုက်လံ ဖမ်းဆီးတာ ကိုခံခဲ့ရတယ်။
စစ်ကောင်စီတပ်သားတွေ ဆောင်းဝတီအိမ်ကိုလာရောက်ပြီး ပိုက်ဆံနဲ့ဖုန်းတွေသိမ်းဆည်းသွားခဲ့ပေမယ့် ဆောင်းဝတီမှန်း သေချာမသိသေးတဲ့အတွက် လူကိုတော့ မဖမ်းဆီးသွားခဲ့ပါဘူး။
သူတို့လာရောက်ပြီးတဲ့နောက်မှာ ဆောင်းဝတီကနေရာရွေ့ပြောင်းနေထိုင်ခဲ့တယ်။ နောက်တစ်နေ့မှာပဲ စစ်ကောင်စီတပ်သား တွေထပ်မံလာရောက်ပြီး အိမ်ကိုဝင်ရောက်ရှာဖွေခဲ့တယ်။
“ ဆောင်းဝတီမှန်းသိသွားလို့ သူတို့လာဖမ်းကြတယ်ဆိုတာကျိန်းသေပြီဆိုပြီး အဲနေ့ပဲချက်ချင်း တခြားနယ်ဘက်ကို ပြောင်း လိုက်ရတယ်။” လို့ဆောင်းဝတီက ပြောပါတယ်။
အဲ့ဒီနောက်မှာတော့ သူက တော်လှန်ရေးခရီးကို အဆုံးထိလျှောက်လှမ်းဖို့အတွက် လွတ်မြောက်နယ်မြေကိုခြေချဖို့ ဆုံးဖြတ် ခဲ့ပါတော့တယ်။
တော်လှန်ရေးခရီးကို လျှောက်လှမ်းဖို့ဆုံးဖြတ်လိုက်တဲ့အတွက် မိသားစု၊ ညီအကိုမောင်နှမ၊ ဆွေမျိုး၊ ပိုင်ဆိုင်သမျှအရာတွေကို စွန့်လွှတ်ခဲ့ရတယ်။
တောထဲရောက်တဲ့အခါ လွတ်မြောက်နယ်မြေရောက်သူတိုင်း ကြုံတွေ့ကြရတဲ့ အနေ၊အစား ဆင်းရဲတဲ့အခက်အခဲတွေကို စစ် အာဏာရှင်ကို တွန်းလှန်လိုစိတ်တစ်ခုထဲနဲ့ ဖြတ်ကျော်ခဲ့တယ်။
“ တောထဲကိုရောက်တော့ မမြင်ဘူးတဲ့အကောင်တွေလည်းမြင်ရတယ်။ ကင်းဆိုရင်နှစ်ခါတောင်အကိုက်ခံရတယ်။ နှစ်ခါလုံးပဲ ကလေးတစ်ယောက်လို အော်ငိုခဲ့ရတယ်။” လို့ ဆောင်းဝတီက သူ့အတွေ့အကြုံကို ဖွင့်ဟပါတယ်။
စိတ်ဓာတ်ကျတဲ့အချိန်တွေရှိတဲ့အခါ ဘယ်သူမှမကြားတဲ့နေရာကိုသွားပြီး ဘယ်သူမှမသိအောင်အော်ငိုခဲ့ရတယ်လို့ သူကဆို ပါတယ်။
ဆောင်းဝတီတစ်ယောက် သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တဲ့အတွက် ကိုယ်တိုင်လျှောက်မှရမယ်ဆိုတဲ့အသိနဲ့ ကိုယ့်ကို ကိုယ် အားတင်းပြီးလျှောက်လှမ်းနေပါတယ်။
“ အရင်က အနုပညာအလုပ်တွေပဲလုပ်ကိုင်ခဲ့သူဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကတော့ ဒီတော်လှန်ရေးမှာအများကြီးရှိတာပေါ့။ ဒါပေမယ့် ပြည်သူကပေး ပြည်သူကကျွေး ပြည်သူကတင်ထားတဲ့ မင်းသမီးဖြစ်လို့ အာဏာရှင်ကို မနိုင်နိုင်အောင်တိုက်မယ် ဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ ကိုယ့်ကိုကိုယ်အားတင်းခဲ့ပါတယ်။”လို့ဆောင်းဝတီကဆိုပါတယ်။
တော်လှန်ရေးရန်ပုံတွေအတွက် ကပြဖျော်ဖြေခဲ့တဲ့ မမများနဲ့ပွဲကမယ် အငြိမ့်၊ ဟားငါးကောင်(၁၀)နှစ်ပြည့် နွေဦးအောင်ပွဲ အငြိမ့်၊ ပြည်သူတွေကို အားအင်ဖြစ်စေမယ့် ရေမဆိုတဲ့သင်္ကြန်သီချင်း ထုတ်လွှင့်မှုစတာတွေမှာ ပါဝင်ခဲ့တယ်။
ဆောင်းဝတီတစ်ယောက် ကိုယ်တတ်တဲ့အနုပညာနဲ့ တော်လှန်ရေးမှာပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်ပီတိဖြစ်နေပါတယ်။
“အငြိမ့်မင်းသမီးဆိုတော့ ဆိုရင်းကရင်း အာဏာရူးကိုတော်လှန်တာပေါ့။”လို့ဆောင်းဝတီကပြောတယ်။
အရင်တုန်းက အငြိမ့်စင်ပေါ်မှာ တခမ်းတနားနဲ့ကပြခဲ့ရတုန်းက ပရိတ်သတ်ရဲ့ ယုံကြည်အားပေးမှု၊ ပရိတ်သတ်ကပေးထားတဲ့ အနုပညာတန်ရာတန်ကြေး စတာတွေကြောင့် ပြီးပြည့်စုံတဲ့ခံစားချက်တွေဖြစ်ခဲ့တယ်။
တော်လှန်ရေးအတွက် ကပြရတဲ့အခါမှာတော့ ပြည်သူအတွက်၊တော်လှန်ရေးအောင်ပွဲအတွက် လိုအပ်တာတွေကို ကူပေးနိုင်ဖို့ ဆိုတဲ့စိတ်နဲ့ ကပြရတဲ့အတွက် ပိုပြီးအားရကျေနပ်စရာကောင်းတယ်လို့ ဆောင်းဝတီကဆိုပါတယ်။
ဆောင်းဝတီတစ်ယောက် စစ်အာဏာမသိမ်းခင်ကလည်း ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း ဗိုလ်ချုပ်မွေးနေ့အငြိမ့်တွေမှာ ကပြ ဖျော်ဖြေခဲ့ပါသေးတယ်။
သူက ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါကာ အသက်(၁၁)နှစ်သမီးထဲက ပန်တျာကျောင်းတက်ခဲ့တာပါ။
အဆိုကောင်း၊ အငိုကောင်း၊ အပြောကောင်း၊ အကကောင်းတဲ့ မင်းသမီးကြီးပန်တျာတင်တင်မြင့်လို ဖြစ်ချင်ခဲ့တာက ဆောင်း ဝတီရဲ့အိပ်မက်ပါပဲ။
ဆောင်းဝတီဟာ အနုပညာခရီးလမ်းအစမှာတော့ သီးလေးသီးအဖွဲ့မှာပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ဟားငါးကောင်ရဲ့မင်းသမီး အဖြစ် အနုပညာခရီးလမ်း(၁၀)နှစ်တိုင်ခဲ့ပါပြီ။
ကြီးကျယ်ခမ်းနားလှတဲ့ မီးရောင်တွေအောက်မှာမဟုတ်ပေမယ့် စစ်အာဏာရှင်ကိုအနုပညာလက်နက်နဲ့တော်လှန်ရင်း အာဏာ ရှင်စနစ်အမြစ်ပြတ်တဲ့အထိပါဝင်သွားဖို့ ဆောင်းဝတီတစ်ယောက်ဆုံးဖြတ်ထားပါတယ်။
“ တော်လှန်ရေးခရီးကိုရှေ့ဆက်ပြီး ကူရင်းလှူရင်း အနုပညာနဲ့တော်လှန်ရင်း ပြည်သူကို အရက်စက်ဆုံးသတ်ဖြတ် ၊ အရိုင်းစိုင်း ဆုံးစော်ကားခဲ့တဲ့ အာဏာရူးကိုအမြစ်ပြတ်တဲ့အချိန်ထိ တစ်တောင့်တစ်နေရာကနေ ပြည်သူနဲ့အတူတူ ဆုံးခန်းတိုင်အထိ တော်လှန်သွားမှာပါ။” လို့ ဆောင်းဝတီက ပြောပါတယ်။
တော်လှန်ရေးခရီးပြီးဆုံးတဲ့အခါ ဆောင်းဝတီအဖြစ်ချင်ဆုံးဆန္ဒကတော့ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် နိုင်ငံ တကာလှည့်လည်ပြီးတော်လှန်ရေးအောင်ပွဲအငြိမ့်မှာ ကပြဖျော်ဖြေချင်တာကတော့ ဆောင်းဝတီရဲ့အဖြစ်ချင်ဆုံးဆန္ဒပါပဲ။
အာဏာသိမ်းမှုကို အနုပညာနဲ့တော်လှန်နေရတဲ့ဆောင်းဝတီက “ပြည်သူတင်ထားတဲ့မင်းသမီးဖြစ်လို့ အာဏာရူး အမြန်ကျ ဆုံးဖို့ ဆုံးခန်းတိုင်အောင် ပြည်သူနဲ့တသွေးထဲတသားထဲ တော်လှန်ရလို့အားရပါတယ်။” လို့ဆိုပါတော့တယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.