20 June 2023
Burmese Rohingya Organisation UK, Chin Human Rights Organization, Human Rights Foundation of Monland, Kachin Women’s Association Thailand, Karen Human Rights Group, Karen Peace Support Network, Karen Women's Organization, Karenni Civil Society Network, Karenni National Women's Organization, Progressive Voice, RW Welfare Society
၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်
ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် ကဏ္ဍပေါင်းစုံ အကျပ်အတည်း၏ အကြောင်းရင်းကို အရေးပေါ်ဖြေရှင်းရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးပို့နိုင်ရန်အတွက် ဒေသခံအဖွဲ့အစည်းများ၏ ဦးဆောင်မှု အခန်းကဏ္ဍကို အားပေးထောက်ခံရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ကို မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အကူအညီပေးနေသည့် အလှူရှင်များအနေဖြင့် ဘေးဒဏ်သင့်ပြည်သူများအား အကောင်းဆုံးပံ့ပိုးကူညီနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အပါအဝင် ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ရှေ့တန်းမျက်နှာစာ၌ တုံ့ပြန်ဆောင်ရွက်သူများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပေးနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများကို ထောက်ပံ့ကူညီ၍ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ဖြန့်ဝေရေးကို ဦးစားပေး ဆောင်ရွက်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ထွက်ပြေး တိမ်းရှောင်လာခဲ့ရသော ဒုက္ခသည်များအား အကာအကွယ်နှင့် အကူအညီများ ပံ့ပိုးပေးရန်လည်း မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အကြံပြုတိုက်တွန်းသည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံရှိ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများနှင့် အကျပ်အတည်းကို ဖြေရှင်းရာတွင် လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ‘မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး မူဝါဒများကို ဗဟိုပြုသည့် ကျယ်ပြန့်လွှမ်းခြုံသော တုံ့ပြန်ရေးအစီအစဥ် တစ်ရပ်ကို ဖော်ဆောင်ရမည် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန်ကြိုးပမ်းချိန်မှစ၍ မြန်မာစစ်အုပ်စု၏ ကမ်းကုန်အောင် ဆိုးရွားစွာကျူးလွန်ထားသည့် ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးသာမက နိုင်ငံ၏နယ်နိမိတ်များကိုပါ ကျော်လွန်၍ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများအထိပါ အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုကြီးနှင့်အတူ ဒုက္ခခံစားရမှု ဂယက်လှိုင်းလုံးကြီး အသစ်တဖန် ပြည်လည်ဖြစ်ပေါ်ခဲ့ရသည်။ အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ နေရာဒေသ အများအပြားတွင် အထူးသဖြင့် ချင်း၊ ကရင်၊ ကရင်နီပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ တိုင်းဒေသကြီးများ၌ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၁.၅ သန်းကျော် ရှိလာပြီ ဖြစ်သည်။ ဤအစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှုနှင့် အကျပ်အတည်းက ထိုတူညီသောစစ်တပ်ကပင် နိုင်ငံအတွင်းနှင့် နယ်စပ်နယ်နိမိတ်တလျှောက်တွင် ပြင်းထန်သော တိုက်ခိုက်မှုများကို ဆယ်စုနှစ်များစွာတိုင် လုပ်ဆောင်နေခဲ့ခြင်းကြောင့် သိန်းနှင့်ချီသော တိုင်းရင်းသား ပြည်သူအသိုင်းအဝိုင်းများ အချိန်ကြာမြင့်စွာ ကြုံတွေ့ခံစားရသည့် ကာလရှည်ကြာ အချို့မှာမူ ဘဝသက်တမ်းတစ်လျှောက်လုံးပင် ခံစားခဲ့ရသော အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်ရမှုကို ထင်ဟပ်နေသည်။
ထို့အပြင် လောလောလတ်လတ် အနီးစပ်ဆုံးအနေဖြင့် အဖျက်အားကြီးသည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်းနှင့်ပြင်ပတွင် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးနေရမှု၏ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ လူပေါင်း ၁.၆ သန်းကျော် မုန်တိုင်းဒဏ် ရိုက်ခတ်ခြင်းခံခဲ့ရသည်။ အရေအတွက်အတိအကျမှာ ထိုထက်ပို၍ပင် များနိုင်သည်။ ချင်းနှင့် ရခိုင် ပြည်နယ်များ၊ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ အချို့အစိတ်အပိုင်းများတွင် သဘာဝဘေးအန္တရာယ်နှင့် လူကလုပ်သည့် စစ်အုပ်စု၏လုပ်ဆောင်နေဆဲ ရက်စက်ကြမ်းကြုတ်မှုတို့၏ ထပ်ဆင့်အကျပ်အတည်း ဆိုးများကြောင့် နောက်ထပ်သော ပြည်သူသောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အင်တာနက် ပိတ်ဆို့မှုနှင့် ကန့်သတ်မှု၊ နှင့် မြို့နယ် ၃၇ ခု၌ စစ်အုပ်ချုပ်ရေးသက်တမ်းတိုးထားခြင်းတို့ကြောင့် ဒေသခံ လူထုအသိုင်းအဝိုင်းများသည် မုန်တိုင်းရိုက်ခတ်မှုဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေကြရသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် ကြိုတင်ကာကွယ်နိုင်ခဲ့ပါလျက်နှင့် ခိုလှုံစခန်းများမှ ရိုဟင်ဂျာ ၄၀၀ ကျော်တို့ သေဆုံးခဲ့ရသည့်တစ်ချိန်တည်း၌ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နဂိုကပင် ယိုင်နဲ့စွာ နေထိုင်နေရသည့် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းဝန်းကျင်မှာလည်း ဆိုးရွားသော ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကြောင့် သို့မဟုတ် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်းနှင့်ပြင်ပရှိ ထိခိုက်လွယ်သော ပြည်သူများသည် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ အထူးသဖြင့် ရေ၊ အစားအစာ၊ အမိုးအကာ၊ ဆေးဝါးအထောက်အကူ၊ အဝတ်အထည်၊ ယာဥ်နှင့်၊ အွန်လိုင်းနှင့်ပြင်ပ သတင်းအချက်အလက်များ အပြည့်အဝ လက်လှမ်းမီ ရယူပိုင်ခွင့်တို့ အရေးတကြီး လိုအပ်လျက်ရှိနေသည်။ စစ်အုပ်စုသည် မိုခါဆိုင်ကလုန်းဒဏ်သင့် လူထုအသိုင်းအဝိုင်းများထံသို့ အသက်ကယ် အကူအညီများ ပေးပို့ခွင့်ပြုရန် အကြိမ်ကြိမ်တောင်းဆိုမှုများ ရှိနေသော်လည်း ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏ သွားရောက်နိုင်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ စိုးရိမ်ဖွယ်ရာအဆင့် ဖြစ်နေသည့် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်းတွင်လည်း စစ်အုပ်စုသည် နိုင်ငံရေးအရ အသာစီးရရန်အတွက် အကူအညီများကို ပိတ်ဆို့ခြင်း၊ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ နှင့် အမြတ်ထုတ်ခြင်းတို့ကို ပုံမှန် လုပ်ဆောင်နေခဲ့သည်။ ၎င်းသည် အကူအညီပေးရေးဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို မကြာခဏ ပစ်မှတ်ထားသကဲ့သို့ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများအပေါ် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် စီးနင်းလုယက်ခြင်းများလည်း လုပ်ဆောင်ခဲ့သည်။
တစ်ချိန်တည်းတွင် စစ်အုပ်စုသည် ၎င်းတို့၏ နေရပ်ပြန်ပို့ရေး “စမ်းသပ်စီမံချက်” တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်နေသည့် ထိခိုက်လွယ်သော ရိုဟင်ဂျာများ၏ အခြေအနေကို လက်နက်သဖွယ် အသုံးချလာခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကျန်ရှိနေသည့် ရိုဟင်ဂျာများအပေါ် စစ်အုပ်စုက ချမှတ်ထားသည့် တင်းကျပ်ဆိုးရွားသော ကန့်သတ်ချက်များအပြင် စစ်အုပ်စု၏ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ဆင်ရေးနှင့် မိုခါဆိုင်ကလုန်းအလွန် အခြေအနေများကြောင့် ရိုဟင်ဂျာများအတွက် လုံခြုံသော၊ လူ့ဂုဏ်သိက္ခာနှင့်အညီဖြစ်သော၊ ရေရှည်တည်တံ့သော မိမိဆန္ဒ အလျောက် နေရပ်ပြန်နိုင်သည့် အခြေအနေမျိုး ရှိမနေပေ။ စစ်အုပ်စုမှ စီစဥ်နေသည့် ဤနေရပ်ပြန်ရေး အစီအစဥ်သည် လူမျိုးသုဥ်း သတ်ဖြတ်မှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူများကို ပိုမို၍သာ ထိခိုက်စေမည် ဖြစ်သည်။
စစ်အုပ်စု၏ ယင်းကဲ့သို့သောလုပ်ရပ်က ၎င်းမှ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေသည့်အပြင် အကျပ်အတည်းကာလများအတွင်း လူသားချင်း စာနာထောက်ထားမှုအကူအညီများကို အမြတ်ထုတ်ပြီး လက်နက်သဖွယ်အသုံးချနေသည့် ၎င်း၏ ကာလရှည်ကြာ ကျင့်သုံးလာခဲ့သော အလေ့အထကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သက်သေပြ နေသည်။ “ကယ်ဆယ်ရေးပစ္စည်းများကို စိတ်ပါလက်ပါ (ဟန့်တား)” သည့်လုပ်ရပ်များကို အငတ်ဘေး ဆိုက်ရောက်စေရန် နည်းဗျူဟာတစ်ခုအဖြစ် ဆောင်ရွက်နေခြင်းသည် စစ်ရေးနည်းနာ တစ်ခုဖြစ်သည့် အပြင် စစ်ရာဇဝတ်မှုပင် မြောက်နိုင်သည်။ ယင်းသို့ဖြစ်နေသည့်တိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHAစင်တာ) အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများသည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသော လူထုအသိုင်းအဝိုင်းများထံသို့ လက်လှမ်းမီရောက်ရှိနိုင်ရန် စစ်အုပ်စုနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက် နေသည်။
အကျပ်အတည်း၏ ဇာစ်မြစ်ဖြစ်သကဲ့သို့ အဓိကဖန်တီးသူလည်းဖြစ်နေသည့် တရားမဝင်စစ်အုပ်စု မှတစ်ဆင့် သို့မဟုတ် ၎င်းနှင့်ပူးပေါင်းဆောင်ရွက်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးပို့ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ၊ အထူးသဖြင့် ‘မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး’ မူဝါဒများနှင့် လူသားဆန်မှုတို့ကိုသာ ပိုမိုချိုးဖောက်ရာ ရောက်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် မြန်မာပြည်သူများမှ ခိုင်မာအားကောင်းစွာ ငြင်းပယ်ထားသည့် စစ်အုပ်စုနှင်ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်တန့်ရန် ဆက်လက်ငြင်းဆန်နေခြင်းသည် စစ်အုပ်စုကို တရားဝင်မှုပေးနေခြင်းသာ ဖြစ်သည်။ ယင်းကဲ့သို့သော လုပ်ရပ်များသည် စစ်အုပ်စုကို ၎င်း၏အကြမ်းဖက် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်ရန် ပိုမိုအတင့်ရဲစေသည်သာမက ပဋိပက္ခများနှင့် ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ဒုက္ခများကိုလည်း ပိုမိုဆိုးရွားလာစေမည် ဖြစ်သည်။
အာဏာသိမ်းရန်ကြိုးပမ်းမှု မတိုင်ခင်တွင် ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းနှင့် ရခိုင်ပြည်နယ် တို့တွင် မြန်မာစစ်တပ်၏ ထိုးစစ်များနှင့် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လူပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်ပေါင်းများစွာ အုံလိုက်ကျင်းလိုက် ဝင်ရောက်ခိုလှုံခဲ့ရသည်။ အပေါ်ယံသက်သက် အသွင်ကူးပြောင်းရေးကို ၂၀၁၁ ခုနှစ်တွင် မြန်မာစစ်တပ်မှ စတင်ခဲ့ပြီးနောက် အလှူရှင်များသည် ငွေကြေးထောက်ပံ့မှုများကို မြန်မာနိုင်ငံအတွင်းသို့ အလုံးလိုက် ပြောင်းရွှေ့လိုက်သည့်အတွက် နိုင်ငံနယ်စပ်ဒေသရှိ ဒုက္ခသည်များမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရန် အကန့်အသတ်များနှင့် ကြုံတွေ့လာခဲ့ရသည်။ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်များသည် လူတစ်ဦးအတွက် တစ်လလျှင် အမေရိကန် ၁၀ ဒေါ်လာအောက်နှုန်းအထိနည်းသည့် ရိက္ခာလျှော့ချမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကလေးများပညာရေးအတွက် ရန်ပုံငွေများလည်း ဖြတ်တောက်ခံရပြီး မိဘများမှာ ဝင်ငွေနှင့် အလုပ်အကိုင် မရှိသောကြောင့် ကျောင်းလခနှင့် လိုအပ်သော ပစ္စည်းကိရိယာအဖိုးအခများ ပေးဆောင်ရန်အတွက်ပင် ရုန်းကန်နေကြရသည်။ ထိုအချိန်တွင်ပင် ကချင်ပြည်နယ်၌ ၂၀၁၁ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေသော မြန်မာစစ်တပ်၏ ဆက်လက်တိုက်ခိုက်မှုများကြောင့် ကချင်ပြည်သူများသည် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ (IDP) စခန်းများတွင် ကာလရှည်ကြာစွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့က မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံ့နယ်နိမိတ်ကို ကျော်လွန်ကာ အရှေ့တောင်အာရှဒေသတွင်းထိ စိမ့်ဝင်သက်ရောက်နေသည့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ထပ်ဖန်တလဲလဲသံသရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအားလုံးသည် မြန်မာစစ်အုပ်စုကသာလျှင် အစပျိုးခဲ့ပြီး၊ ယင်းကို ပိုမိုဆိုးရွားလာစေရန် လုပ်ဆောင်ရုံသာမက သက်ဆိုးရှည်စေရန်လည်း ၎င်းကပင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကို မိမိတို့အား ထပ်မံသတိပေးလိုက်ခြင်းပင် ဖြစ်သည်။ စစ်အုပ်စုသည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ နှင့် ဆယ်စုနှစ်များစွာချီ၍ တိုင်းရင်းသားလူထုအသိုင်းအဝိုင်းများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ဆန့်ကျင်သောရာဇဝတ်မှုများတို့ကို ကျူးလွန်လာခဲ့သည့်အပြင် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန် နောက်ပိုင်း နိုင်ငံတဝန်း ကျူးလွန်ထားမှုများအတွက် ၎င်းတို့အား မဖြစ်မနေ တာဝန်ခံခိုင်းရမည် ဖြစ်သည်။ မြန်မာစစ်အုပ်စုအား တရားမျှတမှုအတွက် မပေးဆပ်စေသ၍၊ နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၏ ဓားစာခံများနှင့် ရှင်ကျန်လွတ်မြောက်သူများအတွက် ပြန်လည်ကုစားမှုများ မဖော်ဆောင် ပေးနိုင်သေးသမျှကာလတွင် မြန်မာနိုင်ငံသည် ဒုက္ခသည်များနှင့် IDP များအတွက် လုံခြုံမှုကို အာမခံ ပေးနိုင်မည် မဟုတ်ပေ။
ဒေသခံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများပေးနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံခြားရောက် မြန်မာနွယ်ဖွားများ၊ တော်လှန်ရေး အတွင်းမှ ပေါ်ပေါက်သော ဒေသန္တရအုပ်ချုပ်ရေးအင်အားစုများ၊ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်သူများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ရှေ့တန်းမျက်နှာစာတွင် ရပ်တည်ကာ ဆိုင်ကလုန်းမုန်တိုင်းနှင့် စစ်အုပ်စု၏တိုက်ခိုက်မှု ကပ်ဘေး နှစ်ခုစလုံး၏ ဒဏ်သင့်ထားသော လူထုအသိုင်းအဝိုင်းများအတွက် အရေးပေါ်အကူအညီများကို ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနေသကဲ့သို့ လွန်ခဲ့သော နှစ်နှစ်ကျော်ကာလတွင် ထိခိုက်လွယ်သော IDP များနှင့် ဒုက္ခသည်များ ဆက်လက်ရပ်တည်နိုင်ရန်အတွက် အဓိကကူညီပေးခဲ့သူများလည်း ဖြစ်သည်။
ဒုက္ခသည်များနှင့် IDPs များ၏ အသံများကို နားစိုက်ထောင်ပြီး ၎င်းတို့၏အသံများ ပိုမိုခိုင်မာ အားကောင်းစေရန် လုပ်ဆောင်ပေးရမည်ဖြစ်ကာ ၎င်းတို့၏ စုဖွဲ့တည်ရှိမှုနှင့် အခန်းကဏ္ဍကို အသိအမှတ် ပြုရမည် ဖြစ်သည်။ တိမ်းရှောင်မှုကို လက်ခံပေးထားသည့် ဒေသခံအသိုင်းအဝိုင်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်သူများ၊ နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးနေသည့် တိုင်းရင်းသားအဖွဲ့အစည်းများသည် ၎င်းတို့၏လူထုအသိုင်းအဝိုင်းများကို ပံ့ပိုးကူညီရာ၌ ကျွမ်းကျင်မှု ရှိသူများဖြစ်ပြီး မကြာခဏဆိုသလိုပင် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသူများလည်း ဖြစ်သည်။ သို့ဖြင့် ၎င်းတို့ကို တတ်စွမ်းသမျှ အသိအမှတ်ပြုရမည်၊ ချီးကျူးဂုဏ်ပြုရမည်၊ ထောက်ပံ့ရမည် ဖြစ်သည်။
ဤကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ကို မိမိတို့မှ အောက်ပါအချက်များ တောင်းဆိုလိုက်သည် –
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်: [email protected]
PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.