ရဲဝံ့စွန့်စား ကျန်းမာရေး စေတနာ့ဝန်ထမ်း အမျိုးသမီးများ

03 June 2023

ရဲဝံ့စွန့်စား ကျန်းမာရေး စေတနာ့ဝန်ထမ်း  အမျိုးသမီးများ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက  အာဏာသိမ်းလာတာဟာ (၃) နှစ်ထဲကို ရောက်လာပြီ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းက ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို မလိုလားကြပါဘူး။ ဒါကြောင့်လည်း ယခုချိန်ထိပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ရရာ နည်းလမ်းနဲ့ မျိုးစုံ တွန်းလှန် ဆန္ဒပြကြပါတယ်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ နေရာမှာ CDM လှုပ်ရှားမှုက အထိရောက်ဆုံးလို့ ပြောရင်လည်း မမှားပါဘူး။ CDM လှုပ်ရှားမှုမှာ အစိုးရဌာန ပေါင်းစုံ၊ ကျောင်းသူ၊ ကျောင်းသားကအစ ပါဝင်ကြပါတယ်။ CDM လုပ်တဲ့ သူတွေကို စစ်ကောင်စီတွေက လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်တာကြောင့် CDMဝန်ထမ်းအများစုက ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆင်ပြေသလိုနေထိုင်နေရပါတယ်။

ဒီလို ထွက်ပြေးတိမ်း‌ရှောင်နေရတဲ့ CDM တချို့က ငြိမ်နေတာမျိုး မဟုတ်ဘဲ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြားထဲက  ပြည်သူ့အကျိုးကို ရရာလမ်းနဲ့ ဆက်လက်လှုပ်ရှားနေတာတွေ ရှိပါတယ်။ ဒီအထဲမှာရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အစိုးရ လက်လှမ်းမမှီနိုင်တဲ့ ‌ကျေးရွာတွေ၊ ဆေးပေးခန်း မရှိတဲ့ ရွာတွေကို ဆင်းပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အရဲစွန့်ပြီး ရဲရင့်စွာနဲ့ စေတနာ့ဝန်ထမ်းလုပ်ပေးနေတဲ့ CDM အမျိုးသမီးအချို့လည်းရှိနေပါတယ်။

သူတို့ သွားလာနေတဲ့ နေရာဒေသကတော့ လမ်းပန်းဆက်သွယ်ရေး သာယာဖြောင့်ဖြူးတဲ့ နေရာဒေသတော့ မဟုတ်ပါဘူး။ တောင်အထပ်ထပ်နဲ့ မြေကြီးလမ်း တစ်လှည့် ကျောက်တုံးလမ်း တစ်လှည့်နဲ့ သွားလာ လှုပ်ရှားကြရတာပါ။ ဒါတင်မကပါဘူး တစ်နေရာနဲ့ တစ်နေရာသွားလာဖို့ စစ်ကောင်စီတပ် ဂိတ်၊ တိုင်းရင်းသား နယ်မြေက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဂိတ် စတဲ့ စစ်ဆေးရေးဂိတ်တွေကို အဆင့်ဆင့် ကျော်ဖြတ်ရတာပါ။

လက်နက်ကိုင် ပေါများတဲ့ ဒေသလို့ ပြောလည်း မမှားပါဘူး။ ဒီလို အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြားထဲက ကျေးရွာဆင်း၊ နယ်လှည့်တဲ့ အမျိုးသမီးတွေရဲ့  ခံယူချက် ရဲစွမ်းသတ္တိနဲ့ ရင်တွင်းခံစားချက်တွေကို စုစည်း ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မမြမွန်

လုပ်ရတဲ့ အကြောင်းအရင်းကတော့ CDM လုပ်တော့ အလုပ်မရှိ ဝင်ငွေမရှိတာလည်း ပါတယ်။ အလုပ်တွေလျှောက်တာလည်း မရတော့။ ဒီတိုင်း နေနေလည်း ဘာမှမထူးလာဘူးလေ။ အာဏာရှင် ပြုတ်ကျဖို့၊ လူထုအတွက် အကျိုးဖြစ်စေတဲ့ဟာ မှန်သမျှ ရရာလမ်းမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့ရင်းနဲ့ လုပ်ဖြစ်တယ်။

လုပ်လာတာ (၂) နှစ်ထဲကို ရောက်လာပြီ။ တစ်ပတ်တစ်ခါ ရွာဆင်းတယ်။ ရောဂါစစ်ပေးတာ၊ လိုအပ်တဲ့ ဆေးပေးတာ အရေးပေါ်ဖြစ်ရင် ချိတ်ဆက်သင့်တဲ့ သူနဲ့ ချိတ်ဆက်ပြီး နီးစပ်ရာ ဆေးရုံတင်တာမျိုးတွေ လုပ်ပေးဖြစ်တယ်။

ကျမတို့က ရွာဆင်းရင်  ဆေးအိတ်တွေနဲ့ နယ်လှည့်ပြီး ဆင်းတယ်။ ကျမတို့ နေတဲ့ နေရာကနေ ရွာကို ဆင်းဖို့ ၃ နာရီလောက် ဆိုင်ကယ်နဲ့ ‌မောင်းရတယ်။ စစ်ဆေးဂိတ်တွေတော့ ဖြတ်ရတယ်။ သူတို့က စစ်ဆေးမေးမြန်းတာတော့ ရှိတာပေါ့။တစ်ခါဆို ကျမတို့ စစ်ဆေးတာ ပြီးတော့ လက်ဖက်ရည်ဖိုး ပေးခဲ့အုန်းဆိုပြီး တောင်းတော့ နှစ်ထောင်လောက် ပေးလိုက်ရသေးတယ်။ တခါတလေ စားစရာရှိရင် ပေးရတယ်။

ကိုယ့်လုံခြုံရေးက မကောင်းဘူး  အာမ မခံဘူးဆိုတာလည်း သိတယ်ပေါ့လေ သိသိရက်နဲ့ လုပ်နေကြတာပါပဲ။ တောထဲ တောင်ထဲမှာ သူများက တစ်ခုခုလုပ်သွားရင် လူမသိ သူမသိ သေသွားနေမှာ။ လမ်းခရီးကလည်း ကြမ်းတော့ တော်တော်အားခဲပြီးတော့ သွားရတာပေါ့။

ဒါပေမယ့် ကျမ ဒီအလုပ်ကို ဆက်မလုပ်ရင် ဆေးပေးခန်းမရှိတဲ့ ဒေသခံတွေ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ဆေးပေးခန်းလည်း မရှိ။ ဆေးရုံသွားဖို့ကလည်းဝေး လမ်းခရီးက ကြမ်းဆိုတော့။ ဒါကြောင့်လည်း ဒီအလုပ်ကိုတော့ ဆက်လုပ်နေအုန်းမယ်။ ဘာလို့ဆို အာဏာရှင် မပြုတ်သရွေ့ ကျမ လုပ်ငန်းခွင်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။

မအေးမိုး

ဘာကြောင့် ဆေးကုပေးဖြစ်လဲဆိုတော့ အရင်တုန်းက ကျမတို့ ဆန္ဒစပြတုန်းက ထိပ်ဆုံးမှာ ပါဝင်တာ။ တစ်လျှောက်လုံး လမ်းပေါ်ထွက် နောက်တော့ စစ်ကောင်စီဖက်က ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ ကျမနာမည်လည်း ပါတယ်။ ဖမ်းဝရမ်းပါတာ ကြားကြားချင်းမှာပဲ ကျမတို့ အုပ်စု လွတ်မြောက် နယ်မြေထဲကို သွားလိုက်တယ်။

ကျမ အရင် ရွာထဲဆင်းပြီး ဆေးကုတာ မလုပ်ခင်မှာက ကျမတို့ လက်နက်ကိုင်တဲ့ လူငယ် စခန်းမှာက ဆေးကုတာ။ ရဲဘော်တွေ နေမကောင်းတာ၊ ဖျားတာ နာတာ၊ ရှေ့တန်းတက်လို့ ဒဏ်ရာတစ်ခုခု ရလာတာမျိုးဆို ဆေးကုသပေးတာပေ့ါ။ မှတ်မှတ်ရရဆို ရှေ့တန်းတက်တဲ့ တစ်ဦးက ကျည်ထိသွားတယ် ဆေးခန်းကို သယ်ပြန်လာတဲ့ အချိန်မှာ သွေးထွက်လွန်နေပြီ မိုးကာနဲ့ အုပ်ပြန်လာတော့ အနံ့က အရမ်းဆိုးတယ်။

ကျမနဲ့ သူငယ်ချင်းတစ်ယောက်က လန့်လည်း လန့်တယ်။ သိုပေမယ့် ကြိုးစားပြီး ကံကောင်းသွားတာက အသက်ကယ်သွားနိုင်တယ်။ ကျမအတွက် မေ့မရတဲ့ အောင်မြင်မှုလို့လည်းပြောလို့ရတယ်။ ‌နောက်မှ အခြေအနေအမျိုးမျိုးနဲ့ ဒီနယ်လှည့်တဲ့ ဖက်ကို ပြောင်းလာတာ။

ဆေးကုဖို့ ရွာထဲဆင်းရင် စစ်ကောင်စီတပ် ၂ ဂိတ်လောက် ဖြတ်ရတယ်။ သူတို့ အသေစစ်တာ ဖုန်းတွေ အချက်လက်တွေကိုလည်း အကုန်ဖွက်ထားရတယ်။ သတိထားပြီး သွားလာရတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ အရမ်းမစစ်ဘူး။

ဖုန်းတွေ ဘာတွေ စစ်မှာလည်း ကြောက်ရသေးတယ်။ သွားခါနီး လာခါနီးဆို ဖျက်ရတယ်။ နာမည်လည်း ထွက်ထားတော့ ဖမ်းခံရမှာတော့ ကြောက်တယ်လေ။ မိသားစုတွေ မိဘတွေ ရှိသေးတယ်လေ။

လမ်းခရီးက ဘယ်လောက်ကြမ်းလဲဆိုတော့ ကျမတို့ ဆေးသွားကုတော့ ဆိုင်ကယ်နဲ့ သွားတာ ဆေးတွေရော၊ အပ်တွေရော အကုန်သယ်လာတာ။ တောင်အရမ်းမတ် ကျောက်တုံးနဲ့ မြေကြီးလမ်းမှာ သွားရတယ်။ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျ သွားသေးတယ်။ ဆိုင်ကယ်က မမှောက်ဘူး။ လူက ဆေးအိတ်တွေနဲ့ ပြုတ်ကျသွားတာ။

အဲ့တုန်းကဆို အရမ်းပင်ပန်းပြီး နာကျင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့တဲ့ထိ ပင်ပန်းတာ နာလည်း နာကျင်ရတယ်။ သူများကို မကုပေးရသေးဘူး ကိုယ့်ကို အရင်ကုသရတယ်။ စိတ်ဓာတ်တွေ ကျတဲ့ အချိန်တွေလည်း ရှိတယ်။

ဒါပေမယ့် ရွာက လူတွေကို တတ်နိုင်တဲ့ဖက်က လုပ်ပေးချင်တယ်။ လူတစ်ယောက်မှာ ကျန်းမာရေး မကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့တွေးပြီး ဆက်လုပ်ဖြစ်တာပေါ့။ ဒီအလုပ်ကိုတော့ လောလောဆယ်ထိတော့  ဆက်လုပ်သွား အုန်းမယ်။

နန်းအေး 

အာဏာမသိမ်းခင်မှာတော့ ဆေးရုံမှာ သားဖွားဆရာမ လုပ်တယ်။ အာဏာသိမ်းတော့ CDM လိုက်တာ အခုထိပဲ။

CDMဝင်ပြီး မကြာဘူး။ စစ်ကောင်စီက ဖမ်းတာ ဘာညာကြားတော့ ကြောက်တယ်။ အဖမ်းခံရရင် မလွယ်ဘူးလေ။  ရွာမှာ သွားရှောင်တာပေါ့။ CDM လုပ်တာအလုပ်အကိုင်လည်း မရှိတော့။ ဒီတိုင်းနေတာထက် ဘာလုပ်ရင်ကောင်းမှာလဲဆိုပြီး အမြဲစုံစမ်းတယ်။ နောက်မှ ကျေးရွာတွေမှာ ဆေးလိုက်ကုသပေးနေတဲ့ ဆေးအဖွဲ့နဲ့ ချိတ်ပြီးတော့ သူငယ်ချင်းတွေနဲ့ စုပြီး လိုက်ဆေးကုဖြစ်တယ်။ အလုပ်တူတူလုပ်ဖြစ်တယ်။

စိန်ခေါ်မှုကတော့ ကျမတို့  နယ်ထဲ ရွာထဲဆင်းဖို့ ဂိတ်က (၃) ခုလောက် ဖြတ်ရတယ်။ စစ်ကောင်စီတပ်ကော၊ တိုင်းရင်းသားထဲကကော စစ်တာ မေးတာတွေ လုပ်တယ်။ ဘယ်သွားမှာလဲ။ ဘာသွားလုပ်မှာလဲ။ ဘယ်ကနေလာတာလဲ။ အဲလို စစ်မေးတာ။ အသေးစိပ်မေးတာတွေ လုပ်တယ်။

ဆေးဖာတွေ၊ ဆေးဗူးတွေ ပါရင် ဘာလုပ်ဖို့လဲ။ သူတို့ မသင်္ကာရင် ဆိုင်ကယ်ပေါ်ကနေဆင်း၊ ကားပေါ်ကနေဆင်းခိုင်းပြီး စစ်တာမျိုး လုပ်တယ်။ သူတို့ အဲလို စစ်တော့ ကျမတို့ လွတ်လွတ်လပ်လပ်နဲ့ မသွားရဘူး။ ဆေးတွေဆို လုံလုံလောက်လောက် မသယ်ရဲဘူး။ လိုအပ်သလောက် မသယ်လာရဘူး။

ရွာ‌ရောက်တဲ့ အချိန်ကျင် ဆေးတွေ မလုံလောက်တာ၊ ဆေးအကုန်မပါတာတွေ ဖြစ်တယ်။ လူနာကို အမှန် ဆေး (၁၀) ရက်စာပေးရမှာကို (၅) ရက်စာပဲ ပေးရတာပေါ့။ ဆေးအလုံအလောက် မရ၊ အစိုးရ ဆေးပေးခန်းလည်း မရှိတော့ တချို့သော လူနာတွေဆို ဆေးမှီးတိုတွေနဲ့ မိမိကိုယ်ကို ပြန်ကုတာမျိုးတွေ လုပ်ရတယ်။ ကျမတို့လည်း ရွာတိုင်းကို လှည့်နေရတော့ နေ့တိုင်း မ‌ရောက်နိုင်တာမျိုး ရှိတယ်။

ကိုယ့်လုံခြုံရေးကတော့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။ စစ်ဆေးတဲ့ အခါမျိုးဆို ကြောက်နေပေမယ့် မကြောက်တဲ့ ပုံစံမျိုး ခပ်တည်တည်နေရတာပေါ့။ အဖမ်းပဲ ခံရတော့မှာလား။ တစ်ခုခုပဲ လုပ်ခံရတော့မှာလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ အပြည့်ပဲ။ စာရွက် စာတမ်းတွေပါ ယူလာတဲ့ အချိန်ဆို အရမ်းကြောက်ရတယ်။

နာမည်တွေလည်း ပါတော့ သူတို့ မိသွားမှာ ကြောက်တယ်။ ဖွက်ပြီး ယူသွားရတယ်။  အခက်အခဲရှိပေမယ့် ဒီအလုပ်ကိုတော့ ကျမတို့ အဖွဲ့လေး ရှိနေသရွေ့တော့ ဆက်လုပ်နေအုန်းမှာ။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia