25 May 2023
ချက်ချင်းထုတ်ပြန်ရန်
၂၀၂၃ ခုနှစ် မေလ ၂၅ ရက်
ကမ္ဘာကြီးအနေဖြင့် CDM လှုပ်ရှားမှုကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ ဆက်လက်ဖြစ်ပွား နေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်ငြား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက်နှင့် စစ်အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရန်အတွက် ရဲရင့်စွာ တိုက်ပွဲဝင်နေကြသော CDM တွင်ပါဝင် သူများကို နိုင်ငံရေးထောက်ခံအားပေးမှုနှင့် ရုပ်ဝတ္ထုအထောက်အပံ့များ ပံ့ပိုးပေးရမည်ဟု မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၁၉ ဖွဲ့မှ ယနေ့ထုတ်ပြန်သော အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။
“အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု – မြန်မာ့နွေဦးတော်လှန်ရေး၏ အုတ်မြစ်တစ်ခု၊ စစ်အုပ်စု အာ ဏာသိမ်းရန် ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက်ကွယ်မှ အင်အားစု” ဟုအမည်ရသည့် အစီရင်ခံစာတွင် CDM သည် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းသော စစ်အုပ်စု၏လုပ်ရပ်ကို အောင်မြင်စွာ ကာကွယ်တားဆီး နိုင်သည့် လှုပ်ရှားမှုမှသည် ပြည်သူအားလုံးအတွက် တန်းတူညီမျှမှု၊ အားလုံးပါဝင်မှု၊ နှင့် တရားမျှတမှုတို့ကို အာမခံပေးသည့် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံအသစ်တစ်ခု တည်ဆောက်ရေးသို့ ဦးတည်နေသည့် ခုခံတော်လှန်ရေး၏ အုပ်ချုပ်ရေးဆိုင်ရာအစုအဖွဲ့များကို ကျောထောက်နောက်ခံပေးထားသော လှုပ်ရှားမှု တစ်ရပ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲလာပုံကို အဓိကမီးမောင်ထိုးတင်ပြထားသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့၌ CDM တွင်ပါဝင်သူများ၊ HRD များတို့နှင့် ဆွေးနွေးတိုင်ပင် ပြီးနောက် CDM များ၏ လက်ရှိအခြေအနေ၊ ၎င်းတို့၏ မျှော်လင့်ချက်နှင့် လတ်တလော လိုအပ်ချက်များ နှင့်ပတ်သက်ပြီး အနှစ်ချုပ်ဖော်ပြနိုင်ရန် ဤအစီရင်ခံစာအတွက် CDM တွင်ပါဝင်သူများ၊ HRD များနှင့် တွေ့ဆုံမေးမြန်းမှု ၂၀ ကျော် ပြုလုပ်ခဲ့သည်။
CDM သည် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ခုခံတော်လှန်သည့် ပထမဆုံး ထုတ်ဖော် ပြသမှု ဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်သည်။
အာဏာသိမ်းရန်ကြိုးပမ်းသည့် ပထမဆုံးရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူ့ ဝန်ဆောင်မှုနယ်ပယ်၏ အောက်ခြေမှ ထိပ်ဆုံးအဆင့်ရှိ ပြည်သူ့ဝန်ထမ်း သိန်းပေါင်းများစွာက သပိတ် မှောက်ကာ အများပြည်သူဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများနှင့် အစိုးရလုပ်ငန်းများတွင် တာဝန် မထမ်းဆောင်ဘဲ နေခဲ့ကြသည့်အတွက် စစ်အုပ်စုအား အာဏာထိန်းချုပ်နိုင်ခြင်း မရှိစေရန် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ခဲ့သည်။
CDM တွင်ပါဝင်သူများနှင့် ၎င်းတို့၏မိသားစုများအတွက် အခက်အခဲများ၊ အကြမ်းဖက်ခံရမှုများနှင့် စွန့်လွှတ်စတေးရမှုများ များစွာရှိသည့်တိုင် CDM သည် နှစ်နှစ်ကျော်ကြာသည်အထိ ဆက်လက်၍ တက်ကြွ ခိုင်မာနေဆဲဖြစ်သဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ကျရှုံးစေခဲ့ခြင်း ဖြစ်သည်။
ဤအစီရင်ခံစာတွင် အားလုံးပါဝင်မှု၊ မတူကွဲပြားမှု၊ အလွှာပေါင်းစုံကဏ္ဍပေါင်းစုံပါဝင်မှုတို့ အပါအဝင် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသည့် CDM ၏ အောင်မြင်မှုများအကြောင်း နှင့် မျိုးဆက်နှင့်ချီပြီး လူမျိုးရေး၊ ဘာသာရေး သွေးကွဲမှုများကို မျိုးစေ့ချပေးသည့် စစ်တပ်၏ သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာကို တစ်လျှောက်လုံး ခံခဲ့ရသော နိုင်ငံတဝန်း လူမျိုးစုအချင်းချင်းအကြား သွေးစည်းညီညွတ်မှု ဖော်ဆောင်နိုင်ခြင်း တို့နှင့်ပတ်သက်၍လည်း အသေးစိတ်ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ခုခံတော်လှန်ရေး၏ အုပ်ချုပ်ရေးအစုအဖွဲ့များကို CDM က ကျောထောက်နောက် ခံပေးထားပြီး မြန်မာပြည်သူလူထုအတွက် မရှိမဖြစ်သော ဝန်ဆောင်မှု လုပ်ငန်းများကို ထောက်ပံ့ပေးနေသည့် NUG ၏ ဝန်ကြီးဌာနများရှိ ဦးဆောင်မှုအပိုင်းကို CDM တွင်ပါဝင်သူ အများအပြားက ပါဝင်ဆောင်ရွက်နေကြသည်။ ဥပမာပြရလျှင် CDM တွင်ပါဝင်သော ဆရာဝန်များနှင့် သူနာပြုများသည် လူနာများကို လျှို့ဝှက်စွာဖြင့် သီးသန့်ဆက်လက်ကုသပေးနေချိန်တွင် ပညာသင်ကြားသူ များကလည်း တက္ကသိုလ်များ တည်ထောင်ခြင်းအပြင် လွတ်မြောက်နယ်မြေများနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (ERO) များ ထိန်းချုပ်ထားသည့် ဒေသများရှိ ကိုယ်ထူကိုယ်ထ ကျောင်းများတွင် ဆက်လက်၍ ပညာသင်ကြား ပေးလျှက်ရှိသည်။ မီးရထားဦးစီးဌာနမှ တာဝန်ရှိသူများကလည်း မီးရထား လုပ်ငန်းပြေးဆွဲမှုကို ပြင်ဆင်ပြောင်းလဲရန် အစီအစဥ်ရေးဆွဲပြီး ကြားကာလ မီးရထားစီမံကွပ်ကဲရေးဌာန တည်ထောင်လျက်ရှိသည်။
စစ်အုပ်စုမှ အာဏာထိန်းချုပ်နိုင်စွမ်း မရှိစေရန် CDM လှုပ်ရှားမှုက အောင်မြင်စွာ ကာကွယ် တားဆီးနိုင်သော်လည်း ၎င်းတို့သည် ကြီးမားသော ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြ ရသည်။ CDM တွင်ပါဝင်သူများသည် သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ညှဥ်းပန်းနှိပ်စက် ခံရမှုနှင့် အစိုးရဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားခံရမှုတို့နှင့် ကြုံတွေ့ကြရသည်။
မြန်မာ့နွေဦးတော်လှန်ရေးကို ဆက်ထိန်းထားရာတွင် CDM လှုပ်ရှားမှုကို ထောက်ခံပံ့ပိုးပေးရမည့် အရေးကြီးသည့်အချိန်တွင် အလှူရှင်အဖွဲ့အစည်းအများအပြားသည် နွေဦးတော်လှန်ရေးအတွင်း CDM တွင် ပါဝင်သူများ၏ ပူးပေါင်းပါဝင်မှုကို နိုင်ငံရေးနှင့်နွှယ်သည်ဟု တံဆိပ်ကပ်ပြီး CDM တွင်ပါဝင်သူများကို ငွေကြေးထောက်ပံ့ရန် တွန့်ဆုတ်နေကြသည်။
ဤအစီရင်ခံတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် CDM တွင်ပါဝင်သူများအပေါ် ၎င်းတို့၏ ရှုမြင်ပုံသဘောထားကို ပြန်လည်ဆန်းစစ်ရန်နှင့် CDM တွင်ပါဝင်သူများကို အောက်ဖော်ပြပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကြေညာစာတမ်း၊ အပိုဒ် ၁ ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ HRD များအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုထားသည် –
“လူတိုင်းတွင် တစ်ဦးချင်းဖြစ်စေ၊ အခြားသူများနှင့် ပူးပေါင်း၍ဖြစ်စေ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ် ခွင့်များကို နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် တိုးတက်မြင့်မားစေရန် လုပ်ဆောင်ခွင့်၊ ကာကွယ်စောင့် ရှောက်ခွင့်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသည်။”
CDM တွင် ပါဝင်သည့် ကျောင်းဆရာမတစ်ဦးဖြစ်သူ စုက “အနှောင့်အယှက်တွေ၊ ခြိမ်းခြောက်မှုတွေ ကြားထဲကနေပဲ ကျမတို့ဟာ ဒီတော်လှန်ရေး မအောင်မြင်မချင်း မြန်မာစစ်တပ်ကို ခုခံတော်လှန်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ကျမတို့ ကြိုးစားရုန်းကန်နေတာ ကျမတို့ရဲ့ ရပိုင်ခွင့်ကို ကာကွယ်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ နောက်မျိုးဆက်သစ်တွေအတွက်လည်း ဖြစ်ပါတယ်။ ဒါမှသာ စစ်အာဏာရှင် စနစ်ဆိုးကြီး ကျမတို့ဆီကနေ လုယူသွားတဲ့ လွတ်လပ်မှုတွေကို သူတို့တွေ ရရှိခံစားနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
“ဖက်ဒရယ်ဒီမိုကရေတစ်နိုင်ငံအသစ် တည်ဆောက်ဖို့အတွက် ကျမတို့တွေ ဆက်လက်ရှင်သန်ကြရမှာဖြစ်ပြီး အလုပ်တွေကို ဆက်လုပ်သွားဖို့လည်း စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းမှ ဆက်ဆိုသည်။
ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဒေါ်ခင်ဥမ္မာက “နိုင်ငံတကာအသိုင်းအဝိုင်းက CDM မှာ ပါဝင်သူတွေကို လုံလောက်တဲ့အထောက်အပံ့တွေ ပံ့ပိုးမနေဘူးဆိုတဲ့အမြင်တွေ မြန်မာနိုင်ငံအသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ CDM လှုပ်ရှားမှုဟာ ကမ္ဘာ့အကြမ်းဖက်ဆုံး စစ်ဘက်အဖွဲ့အစည်း တစ်ခုကို အဆုံးသတ်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် တိုက်ပွဲဝင်နေတဲ့ နွေဦးတော် လှန်ရေးရဲ့ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ CDM တွေရဲ့ ပြတ်သားတဲ့ရပ်တည်ချက်နဲ့ အနစ်နာခံစတေးမှု တွေသာမရှိခဲ့ရင် မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ်မှုအောက်ကို ကျရောက်သွားခဲ့နိုင်ပြီး သန်းရွှေလက်ထက်က အမှောင်ခေတ်ကာလတွေဆီ ကျမတို့ ပြန်ရောက်သွားမှာပါ။ နှစ်နှစ်ကြာပြီးနောက်မှာ စစ်တပ်ရဲ့ အာဏာသိမ်း ဖို့ ကြိုးစားမှုဟာ ကျရှုံးနေပါပြီ” ဟု ဆိုသည်။
“CDM တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကြေညာစာတမ်းမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတိုင်း လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်ပြီး ရရှိခံစားနိုင်ရေး အတွက် ကြိုးစားနေကြတာဖြစ်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နွေဦးတော်လှန်ရေးအပေါ် သူတို့ရဲ့ ရှု မြင်ပုံနဲ့ ထောက်ခံအားပေးတဲ့ပုံစံကို ပြန်လည်ဆန်းစစ်ပြီး CDM တွေကို နိုင်ငံတကာအဓိပ္ပာယ် ဖွင့်ဆိုချက်အရ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအဖြစ် အသိအမှတ်ပြုဖို့ လိုပါမယ်”ဟု သူမက ဆက်ဆိုသည်။
FORUM-ASIA ၏ Human Rights Defenders Programme Manager ဖြစ်သူ Benny Agus Prima က “စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြတဲ့ CDM မှာပါဝင်သူတွေဟာ HRD တွေရဲ့ သက်ရှိထင်ရှားပြယုဂ်ပါပဲ။ ဒီလှုပ်ရှားမှုကို ဆက်လက်ထိန်းထားဖို့နဲ့ ရေရှည်တည်တံ့စေဖို့ အတွက် ပုံစံမျိုးစုံနဲ့ အကူအညီတွေ စဥ်ဆက်မပြတ်ရှိဖို့ အရမ်းကို အရေးကြီးပါတယ်။ အခြေအနေ ရှုပ်ထွေးမှုက အချိန်နဲ့အမျှ ပိုမြင့်တက်လာနေတဲ့အတွက် အထိန်းအကွပ်မရှိ ကြုံသလို အကျပ်အတည်းကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ နည်းဗျူဟာက ရည်ရွယ်ထားတဲ့ပန်းတိုင်နဲ့ ဝေးကွာစေမှာ ဖြစ်ပါတယ်။ ဒီနွေဦး တော်လှန်ရေးကို “နွေဦးအိပ်မက်” တစ်ခုသက်သက် မဖြစ်သွားအောင် ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။
“အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု – မြန်မာ့နွေဦးတော်လှန်ရေး၏ အုတ်မြစ်တစ်ခု၊ စစ်အုပ်စု အာဏာသိမ်း ရန် ကြိုးပမ်းမှု ကျရှုံးရခြင်း၏ နောက်ကွယ်မှ အင်အားစု” အစီရင်ခံစာ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာကို ဤနေရာတွင် download ရယူနိုင်ပါသည်။
ဤအစီရင်ခံစာကို အောက်တွင်ဖော်ပြထားသည့် အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း ပေါင်း ၁၉ ဖွဲ့ က ပူးတွဲထုတ်ဝေသည်။ ၎င်းအဖွဲ့အစည်းများအနက် လေးဖွဲ့မှာ အမည်ဖော်ပြထားခြင်း မရှိပါ။
၁။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ
၂။ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့
၃။ မြန်မာ့အမျိုးသမီးသမဂ္ဂ
၄။ အနာဂတ်သံလွင်
၅။ မျိုးဆက်လှိုင်း
၆။ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း
၇။ ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ
၈။ ကရင်လူ့အခွင့်အရေးအဖွဲ့
၉။ ကရင်နီအမျိုးသမီးအစည်းအရုံး
၁၀။ ကယန်းအမျိုးသမီးအစည်းအရုံး
၁၁။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ
၁၂။ ရှေ့ပြေးအသံအဖွဲ့
၁၃။ နယ်စပ်ဒေသရောက်တိုင်းရင်းသူအမျိုးသမီးများကယ်ဆယ်ရေးအဖွဲ့အစည်း
၁၄။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (ရှမ်းပြည်နယ်)
၁၅။ တောင်ပိုင်းလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.