လက်နက်ကြီးကျည်ထိသူ ၁၇ ဦးထဲမှ တစ်ဦး၏ ရုပ်အလောင်းကို ကမန်းကတန်းသယ်ယူ ဆုတ်ခွာလာမှု မှတ်တမ်းပုံက နိုင်ငံတကာဆုရခဲ့ပြီး ရိုက်ကူးသူတွင် စစ်မြေပြင်အကြောင်း ပြောစရာများစွာရှိနေသည်။
“အလောင်းတစ်လောင်းပဲ ပါလာတော့တယ်။ ပါလာတဲ့အလောင်းကိုပဲ ရဲဘော်တွေ တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းပြီး သယ်ကြတာ” ဟု စစ်မြေပြင်ဓာတ်ပုံဆရာ မောက်ခမ်းဝါက ဆိုသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဆောင်းအကုန် ညနေခင်းနေရောင်ခြည်က လယ်ကန်သင်းရိုးတစ်လျှောက် ဖြာကျနေချိန် သွေးအလိမ်းလိမ်း ပေကျံနေသော ရုပ်အလောင်းတစ်ခုကို ပခုံးပေါ် ထမ်းသယ်လာသည့် ယူနီဖောင်းဝတ်လူငယ်ကို ရှေ့ဆုံးတွင် တွေ့ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံ တပ်ဆင်ထားသည့် ဦးထုပ်ကို သူက ဆောင်းထားသည်။ နောက်ဘက် ခပ်လှမ်းလှမ်းတွင် လူငယ် ရဲဘော် ၃ ဦးလည်း လိုက်ပါလာသည်။
အသက် ၂၈ နှစ်အရွယ် လူငယ် ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရိုက်ကူးခဲ့သည့် “Retrieving the Dead” ဟု အမည်ပေးထားသော အထက်ပါ ကရင်နီဒေသ စစ်မြေပြင်မြင်ကွင်း ဓာတ်ပုံတစ်ပုံသည် သတင်းနှင့် မှတ်တမ်းဓာတ်ပုံလောကတွင် ဂုဏ်သိက္ခာကြီးမားသည့် World Press Photo ၏ ၂၀၂၃ ခုနှစ် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။
နှစ် ၇၀ နီးပါး သက်တမ်းရှိသည့် နယ်သာလန်အခြေစိုက် World Press Photo Foundation က နှစ်စဉ်ဆုများ ရွေးချယ်ပေးအပ်လေ့ရှိရာ မောက်ခမ်းဝါ၏ ဓာတ်ပုံမှာ အရှေ့တောင်အာရှနှင့် သြစတြေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးသည့် ဆုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ထိုနေ့ နံနက်အစောပိုင်းက ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှ ထွက်လာသည့် အင်အား ၂၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များက အဘက်ဘက်မှ ဝိုင်းဝန်း ပိတ်ဆို့ထားနိုင်ပြီး မြေပြင်တွင် အသာစီးရနေခဲ့သည်။
“လမ်းမကြီးအတိုင်း သွားနေတဲ့ xxx တွေကို ကျွန်တော်တို့က အိမ်ကြားတွေထဲကနေ ပစ်တယ်။ လယ်ကန်သင်းရိုးဘေးကနေ ငုံ့ပြီး၊ ပုန်းပြီးတော့ အပေါ်ကို တက်ပစ်တယ်၊ ဟိုဘက်ကနေ ပတ်ပြီး ပစ်တယ်၊ ဒီဘက်ကနေ ဝိုက်ပြီး ပစ်တယ်၊ နည်းမျိုးစုံနဲ့ ဝိုင်းပစ်ကြတာ” ဟု ထိုနေ့က ရှေ့တန်းတွင် ဓာတ်ပုံရိုက်ကူးနေခဲ့သည့် မောက်ခမ်းဝါက ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များက သံချပ်ကာယာဉ် နှစ်စီး၊ ထရပ်ကား ငါးစီး အကာအကွယ်ယူကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ထိုစစ်ကြောင်းက လမ်းမကြီးအတိုင်း ဝါရီဆူးပလိုင်ရွာဘက်သို့ ဦးတည်လျက်ရှိပြီး လမ်းဘေးဝဲယာ တစ်ဖက်စီတွင် လယ်ကွင်းများရှိသည်။ ထိုလမ်းဘေးဝဲယာ လယ်ကွင်းများတွင် ကရင်နီပူးပေါင်းတပ်များ နေရာယူထားပြီး စစ်ကောင်စီတပ်ကို နှစ်ဖက်ညှပ်ထားနိုင်သည်။ ထို့ပြင် စစ်ကောင်စီတပ် ဦးတည်ရာ ဝါရီဆူးပလိုင်ရွာထိပ်တွင်ပါ ကြိုတင်စောင့်ဆိုင်းပိတ်ဆို့ထားနိုင်သဖြင့် အသာစီးရနေခြင်းဖြစ်သည်။
ဒေသအခြေစိုက် ကာကွယ်ရေးတပ်များဘက်က တစ်နေကုန် အသာစီးရနေခဲ့ပြီး ညနေ ငါးနာရီခန့်တွင် မိုးဗြဲမြို့အထွက် တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဝါရီဆူးပလိုင်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန် တိုက်ပွဲအခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။
ကြမ္မာငင်သည့် ရဲဘော်များ
ပိတ်မိကာ ပစ်ခတ်ခံနေရသည့် မိုးဗြဲမှ လာသည့် စစ်ကောင်စီတပ်သားများကို ခေါ်ထုတ်ရန် အနီးအနားရှိ အခြေစိုက်တပ်များမှ လက်နက်ကြီးများ တစ်မိနစ်လျှင် အလုံး ၂၀ ခန့် ဆက်တိုက်ပစ်ခတ်နေရာ ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ဆေးကုနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးအနီး ဝိုင်းအုံနေသည့် ရဲဘော်အုပ်စုထဲ ကွက်တိကျပြီး ၁၇ ယောက် ပွဲချင်းပြီးသေဆုံးသည်။
ထိုဆေးကုသည့် နေရာတစ်ဝိုက်တွင် ကယားပြည်နယ် ခေါ် ကရင်နီဒေသအခြေစိုက် ပူးပေါင်းတပ်များမှ အယောက် ၃၀ ခန့်လည်း နေရာယူထားရာ ထိုပေါက်ကွဲမှုသည် အနီးကပ်ဆုံးဖြစ်ခဲ့သည်။
ပေါက်ကွဲမှုဖြစ်သည့်နေရာသည် မောက်ခမ်းဝါ အပါအဝင် ရဲဘော် ၆ ဦးခန့် နေရာယူထားသည့် လယ်ကွင်းနှင့် လမ်းမကြီး ခြားလျက် ပေ ၂၀ ခန့် ကွာဝေးသော်လည်း ထိုအဖြစ်အပျက်ကို မောက်ခမ်းဝါ မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
ထိုနေရာတွင် ရှိနေသူအားလုံး ရှော့ခ်ဖြစ်သွားသည် (ထိတ်လန့်တုန်လှုပ်သွားသည်)၊ ၎င်း၏ မှတ်ဉာဏ်ထဲတွင် ထိုမြင်ကွင်းများ ယနေ့အချိန်အထိ စွဲထင်နေသေးကြောင်း မောက်ခမ်းဝါက ပြောသည်။
“မျက်နှာတွေ ပြဲတဲ့သူကပြဲ၊ ခေါင်းပြုတ်သွားတဲ့လူက ပြုတ်၊ မျက်လုံးကျွတ်တဲ့လူက ကျွတ်၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး လက်တွေခြေတွေ ပြတ်တဲ့သူက ပြတ်ပေါ့။ အဲဒီအဖြစ်အပျက်ကြီး ဖြစ်သွားတဲ့အချိန်မှာ အဲဒီမှာရှိတဲ့ ရဲဘော် အယောက် သုံးလေးဆယ်ဟာ ရှော့ခ်ဖြစ်သွားတယ်” ဟု မောက်ခမ်းဝါက ပြောသည်။
“ဘဝမှာ ကင်မရာခလုတ်ကို နှိပ်ဖို့ အားမရှိတဲ့ကိစ္စ တစ်ခါမှ မဖြစ်ဖူးဘူး။ ဒါပေမဲ့ အဲဒီ ၁၅ မိနစ်လောက်အတွင်းမှာ ကျွန်တော် ခလုတ်ကို မနည်းကြိုးစားပြီး နှိပ်ပြီး ပုံရိုက်နေရတဲ့ အနေအထားဖြစ်နေတာပေါ့”
တိုက်ပွဲအတွေ့အကြုံနည်းပါးသော အသက် ၁၈ နှစ်ခန့်သာ ရှိသေးသည့် ထိုရဲဘော်များ ရုတ်တရက် သွေးပျက်နေကြသဖြင့် ပိုမိုလုံခြုံမည့်နေရာသို့ ရွှေ့ရန် လက်ဖြောင့်တပ်သား (Sniper Man) တစ်ဦးနှင့်အတူ စီစဉ်ကြရသည်။
“အဲဒီအချိန်မှာ သူတို့ဟာ သူတို့သူငယ်ချင်းအလောင်းကိုတောင် မသယ်နိုင်တော့ဘဲ ပြန်မယ်၊ ပြန်မယ် ဆိုပြီး ဖြစ်ကုန်ကြတဲ့အနေအထားမှာ ကျွန်တော်ရယ်၊ Sniper man ရယ် နှစ်ယောက်က ဦးစီးပြီးတော့ ပိတ်မိပြီး သွေးပျက်သွားတဲ့ ရဲဘော်တွေကို ပြန်ခေါ်ထုတ်ရတယ်” ဟု မောက်ခမ်းဝါက ဆိုသည်။
လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ ရှိနေသဖြင့် ဟိုဘက်သည်ဘက် လမ်းမကြီးအတိုင်း ကူးသွားရန် မဖြစ်နိုင်ပေ။ လမ်းပေါ်တွင် တံတားကျဉ်းလေးတစ်ခုရှိသဖြင့် ထိုတံတားအောက်ဘက် မြောင်းအတိုင်း ကူးရသည်။
သေဆုံးရဲဘော် ၁၇ ယောက်အနက် အနီးစပ်ဆုံး ရဲဘော်တစ်ဦး၏ ရုပ်အလောင်းကိုမူ ခက်ခက်ခဲခဲ သယ်ယူလာနိုင်ခဲ့သည်။ အဆိုပါ ရုပ်အလောင်းမှာ GZ 21 PDF (Loikaw) မှ အသက် ၂၃ နှစ်အရွယ် ဆေးတပ်သား မြတ်မင်းခန့် (ခေါ်) ပေါ်လော့လော်၏ ရုပ်အလောင်း ဖြစ်သည်။
ထိုရုပ်အလောင်းကို အခြားရဲဘော်များက ၎င်းတို့ဆုတ်ခွာရာလမ်းအတိုင်း လက်ဆင့်ကမ်း ထမ်းယူခဲ့သည့် မြင်ကွင်းဓာတ်ပုံမှာ မောက်ခမ်းဝါ၏ World Press Photo ဆုရ ဓာတ်ပုံပင်ဖြစ်သည်။
သူငယ်ချင်းကို မထားခဲ့နိုင်
ထိုနေ့က တိုက်ပွဲတွင် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆိုအခြေစိုက် PDF တပ်ဖွဲ့များ၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် KGZ, Gz21, JPDF, အလယ်ပိုင်းတိုင်းအထူးတိုက်ခိုက်ရေးအဖွဲ့ စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ရဲဘော်များ ပြန်ဆုတ်လာသည့် မြင်ကွင်းကို မောက်ခမ်းဝါက ၎င်း၏ လက်မောင်းတွင် ပတ်ထားသည့် GoPro ကင်မရာဖြင့် ရုပ်သံမှတ်တမ်းယူထားနိုင်ခဲ့ပြီး ၉ မိနစ်ခန့် ကြာမြင့်သည့် ထိုရုပ်သံကို Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည်။
ပူးပေါင်းတပ်ဖွဲ့ဝင်များက အုတ်တံတားငယ်တစ်ခုအောက်မှ နံရံပေါင်နှစ်ဖက်ကို အားပြုဆုတ်ခွာလာသည်၊ တချို့ကလည်း ကျဆုံးရဲဘော်များ၏ သေနတ်များကိုပါ လွယ်ထားပြီး ၎င်းတို့၏ မျက်နှာတွင် ထိတ်လန့်သွေးပျက်နေဟန်ကို ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ရသည်။
ဆုတ်ခွာလာသည့် ရဲဘော်အချို့ထံမှ “အလောင်းပါအောင်ယူမယ်နော်” ဟု သုံးကြိမ်မက မေးမြန်းပြောဆိုနေသံကိုလည်း ကြားရသည်။ “ယူမှရမှာပေါ့ အလောင်းကတော့၊ မြန်မြန်လာ၊ မြန်မြန်လာ … အလောင်းသယ်ပေးပါ” ဟု တစ်ဖက်ကလည်း ပြန်လည်ပြောဆိုနေသည်။
ထိုရဲဘော်များအနက် ခပ်ငယ်ငယ် GZ 21 PDF ရဲဘော်တစ်ဦးက ၎င်းနှင့်အတူ ထိုင်နေရင်း ရဲဘော် မြတ်မင်းခန့် ထိမှန်သွားပုံကို ရှင်းပြနေစဉ် ဘေးမှ PDF ရဲဘော်များက စိတ်အေးအေးထားရန် ပြောပြနေသည်။
“ကျွန်တော့် သူငယ်ချင်းအရင်းကြီးကွာ“ ဟု ထိုရဲဘော်က ဆို့နင့်ကြေကွဲစွာ ပြောသည်။
“ဘယ်သူကျန်သေးလဲ”
“တစ်ယောက်မှ မကျန်ဘူး”
“ဒါဆို လစ်မယ်” စသည့် အပြန်အလှန်ပြောဆိုသံများ၊ ခပ်ဝေးဝေးမှ လက်နက်ကြီးကျသံများကို ထိုရုပ်သံထဲတွင် မှတ်တမ်းတင်ထားသည်။
ညနေခင်း နေရောင်ခြည်အောက်တွင် ကျဆုံးရဲဘော် ရုပ်အလောင်းကို လယ်ကန်သင်းရိုးတစ်လျှောက် ပခုံးပြောင်းကာ ခပ်သွက်သွက် ထမ်းယူလာကြပုံ မြင်ကွင်းမှာ ရှင်းလင်းပြတ်သားလျက်ရှိသည်။
လယ်ကန်သင်းရိုးတစ်လျှောက်တွင် ရဲဘော်တချို့က ကာပစ်ပေးနေကြသည်။
ထိုရဲဘော်များထံ “ပေါ်လော့လော်တော့ ကျသွားပြီ၊ ပေါ်လော့လော်တော့ သေသွားပြီ” ဟု လှမ်း၍ အသိပေးပြောဆိုနေသံကိုလည်း ကြားရသည်။
ခန္ဓာအောက်ပိုင်းတစ်ခုလုံး သွေးရွှဲနေသည့် ရဲဘော်မြတ်မင်းခန့်၏ အလောင်းကို အလှည့်ကျ ထမ်း၍ ပြန်လာကြစဉ် ကင်မရာခလုတ်နှိပ်သံကိုလည်း တဖျပ်ဖျပ် ကြားနေရသည်။
မောက်ခမ်းဝါ ရိုက်ကူးထားသည့် ဓာတ်ပုံက အသက်ဝင်လွန်းသည်၊ အရောင်များကလည်း ပုံ၏ အလယ်ဗဟိုတွင် တည်ရှိသော အဓိကကျသည့် ပုံရိပ်ကို အာရုံစိုက်စေရန် အထောက်အပံ့ပေးနေသည်ဟု ဆုရွေးချယ်သည့် ဒိုင်လူကြီးများက မှတ်ချက်ပြုသည်။
“ဤဓာတ်ပုံသည် ကျရှုံးမှုကို ဂုဏ်သိက္ခာရှိရှိ တည်ငြိမ်စွာ လက်ခံဖြေရှင်းခဲ့သည့် ခမ်းနားမှုအကြောင်း မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျဆုံးရဲဘော်၏ အိမ်အပြန်လမ်းတွင် ဆုတ်ခွာလာသူတို့၏ ငြိမ်သက်တိတ်ဆိတ်မှု၊ မြက်ပင်များပေါ် နင်းလာသည့် ဖိနပ်များ၏ ရှပ်တိုက်သံ စသည်တို့ကိုပင် ဓာတ်ပုံမှတစ်ဆင့် ကြားယောင်ခံစားနိုင်သည်။ ကျဆုံးရဲဘော်ကို ဂရုစိုက်မှု၊ အလေးအမြတ်ပြုမှု၊ လေးစားမှုတို့သည် ဒိုင်များ အံ့သြမှင်တက်မိသည့် အကြောင်းအရာများ ဖြစ်သည်” ဟု ဖော်ပြထားသည်။
“မိမိယုံကြည်ရာတစ်ခုအတွက် အသက်ပေးတိုက်ခိုက်နေသူများ ရှိနေသည့် ကမ္ဘာကြီး၏ အခြေအနေကို အဆိုပါ ဓာတ်ပုံက အားလုံးအတွက် သတိပေးနေသည်” ဟုလည်း မှတ်ချက်ပေးထားသည်။
World Press Photo ၏ ၂၀၂၁ ခုနှစ် ပြိုင်ပွဲတွင်လည်း မြန်မာဓာတ်ပုံသမား ၂ ဦး ဆုရရှိထားသည်။
အမည်မဖော်လိုသော ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူးခဲ့သည့်၊ “လောက်လေးခွ” ဟု အမည်ပေးထားသည့် ဓာတ်ပုံမှာ ဆန္ဒပြသူများကို ခေတ်မီလက်နက်ဖြင့် သတ်ဖြတ်သည့် စစ်တပ်ကို ပြည်သူများက လက်လုပ် လောက်လေးခွနှင့် ခုခံနေသည့် မြင်ကွင်းပင်ဖြစ်သည်။
ဓာတ်ပုံဆရာ Ta Mwe ၏ “Uprising in Myanmar” ဟု အမည်ပေးထားသည့် အဖြူအမဲ ဓာတ်ပုံများလည်း ဆုရပြီး ထိုအထဲတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ဈာပနများ၊ ဆန္ဒပြသူတို့က ဒိုင်းကာများဖြင့် ခုခံပုံများ ပါဝင်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ပြည်သူ ရွေးကောက် တင်မြှောက်ထားသည့်အစိုးရထံမှ အာဏာကို ၂၀၂၁ ဖေဖော်ဝါရီလတွင် သိမ်းယူပြီး လူထုခေါင်းဆောင်များကို ထောင်သွင်း အကျဉ်းချခဲ့သည်။
စစ်အာဏာသိမ်းမှုကို မခံနိုင်သဖြင့် ဆန္ဒပြသည့် ပြည်သူကိုပင် စစ်တပ်က လမ်းပေါ်တွင် ပစ်ခတ် သတ်ဖြတ်သောကြောင့် အာဏာသိမ်းအပြီး ၂ လ မပြည့်မီအချိန်တွင်ပင် ပြည်သူတို့၏ လက်နက်ကိုင် ခုခံတော်လှန်မှု စတင်ခဲ့သည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ငါးနာရီခန့်သာ ခရီးနှင်ရသည့် နိုင်ငံအရှေ့ပိုင်းရှိ ကရင်နီဒေသတွင်လည်း အာဏာသိမ်းအပြီး ၃ လအကြာတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်။
ကရင်နီဒေသ၏ ရာနှင့်ချီသည့် တိုက်ပွဲများအနက် တော်လှန်ရေးအင်အားစုဘက်က တစ်ရက်တည်းတွင် အသေအပျောက်အများဆုံးတိုက်ပွဲမှာ ၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာအနီးအတွင် ဖြစ်ပွားသော အဆိုပါ တိုက်ပွဲဖြစ်သည်။
ထိုစဉ်က ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှ စစ်ကောင်စီတပ်က တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ ကယားပြည်နယ် ဒီးမော့ဆိုမြို့သို့ လက်နက်ကြီး၊ အတွဲလိုက်ပစ်ဒုံးကျည်နှင့် လေကြောင်းဗုံး သုံးကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။
ကရင်နီပူးပေါင်းတပ်များ၏ ခုခံမှုနှင့် ရင်ဆိုင်လိုက်ရသည့် စစ်တပ်သည် ကားဖြင့် နာရီဝက်သာ သွားရသည့် အဆိုပါခရီးကို တစ်လကြာ စစ်ကြောင်းထိုးခဲ့ရသည်။ မတ်လလယ်ပိုင်းတွင် မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခဲ့သည်။
ထိုကာလ နေ့စဉ်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၀၀ ကျော်ရှိကာ အချို့မှာ သုံ့ပန်းအဖြစ် အဖမ်းခံရသည်။ ကရင်နီပူးပေါင်းတပ်များဘက်က ၄၀ ခန့် သေဆုံးကာ အများအပြား ဒဏ်ရာရသည်။
ကရင်နီဒေသတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် မတ်လကုန်အထိ တော်လှန်ရေးတပ်များဘက်က ၂၅၂ ဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
သေနတ်မကိုင်ဘဲ ကင်မရာကိုင်၍ တော်လှန်သူ
လက်ရှိတွင် အာရုံစိုက်အခံရဆုံးဖြစ်သည့် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်မှစ၍ ကမ္ဘာကြီး၌ ခေတ်အဆက်ဆက် အဖြစ်အပျက်များ ဒုနဲ့ဒေးရှိသည်။ ထိုအဖြစ်အပျက်များထဲတွင်မှ မှတ်တမ်းတိတိကျကျ ဖော်ပြနိုင်သည့် အဖြစ်အပျက်သည်သာ သမိုင်းဝင်ဖြစ်သည်။
“ကရင်နီပြည်နယ်ဆိုတာ ကမ္ဘာကြီးနဲ့ ယှဉ်ရင် တကယ့်ကို အစက်အပျောက်လေးတစ်ခုပေါ့နော်။ ဒီအစက်အပျောက်လေးတစ်ခုမှာမှ မတရားမှုကို အသက်နဲ့ လဲပြီး ခုခံနေတဲ့လူတွေ ရှိတယ်ဆိုတဲ့ကိစ္စကို ကျွန်တော် ပြောချင်တဲ့အတွက် မှတ်တမ်းတင်ရိုက်ကူးတဲ့အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်” ဟု မောက်ခမ်းဝါက ဆိုသည်။
အသက် ၂၈ နှစ်အရွယ် မောက်ခမ်းဝါသည် ကရင်နီပြည်နယ် လွိုင်ကော်မြို့ဇာတိဖြစ်ပြီး ၎င်း၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ဗီဒီယို၊ ရုပ်ရှင် ရိုက်ကူးသူ ဖြစ်သည်။
နာမည်ကြီးဒါရိုက်တာများဖြစ်သည့် ဒါရိုက်တာကြည်ဖြူသျှင်၊ ခရစ္စတီးနားခီတို့နှင့် အလုပ်တွဲလုပ်ခဲ့ဖူးပြီး ခရစ္စတီးနားခီ၏ “ထာဝရနှောင်ကြိုး” ဇာတ်ကားတွင် အလုပ်သင်လက်ထောက်ဒါရိုက်တာ ဖြစ်ခဲ့သည်။
တက္ကသိုလ်တက်စဉ်ကတည်းက အပျော်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ဓာတ်ပုံပညာရပ်ပိုင်းတွင် Narrative နှင့် Portrait Photography တို့ကို ကျွမ်းကျင်ခဲ့သူဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် Yangon Photo Festival ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် ဒုတိယဆု ရရှိခဲ့သည်။
ကျောင်းသားဘဝတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တွင် ပါဝင်လှုပ်ရှားခဲ့ပြီး စစ်အာဏာသိမ်းချိန်၌လည်း ရန်ကုန်တွင် ပေါ်ပေါက်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်ခဲ့သည်။
မောက်ခမ်းဝါသည် ၂၀၂၁ စက်တင်ဘာတွင် ဇာတိမြေသို့ ပြန်လာပြီး စစ်မြေပြင်တွင် ဓာတ်ပုံရိုက်ခဲ့သည်။
“ဓာတ်ပုံဟာ ကျွန်တော့်အတွက်တော့ အနုပညာဖန်တီးမှုတစ်ခုဖြစ်တယ်။ ကျွန်တော့် စိတ်ထွက်ပေါက်တစ်ခုဖြစ်တယ်။ ကျွန်တော့်ဘဝရဲ့ အဓိပ္ပာယ်တစ်ခုဖြစ်တယ်ပေါ့နော်။ ရုပ်ရှင်ကလည်း ဒီအတိုင်းပဲ” ဟု မောက်ခမ်းဝါက ဆိုသည်။
ရှေ့တန်းတွင် သေနတ်မကိုင်ဘဲ ကင်မရာဖြင့် မှတ်တမ်းတင် တိုက်ပွဲဝင်နေသည့် မောက်ခမ်းဝါသည် တစ်နှစ်တွင် ၈ လခန့်မှာ ရှေ့တန်းတွင်သာ ဖြတ်သန်းခဲ့သည်ဟု ဆိုသည်။
“သေနတ်တွေ ပစ်နေတဲ့ ရဲဘော်တွေရဲ့ဘေးမှာ ကျွန်တော် ကင်မရာကိုင်လေ့ရှိတယ်။ ရဲဘော်တွေကလည်း သူ့အလုပ် သူလုပ်တယ်။ ကျွန်တော်ကလည်း သူတို့ကို ဓာတ်ပုံတွေရိုက်တယ်။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်တယ်။ သူတို့ ဆုတ်ပြီဆို ကျွန်တော်ကလည်း အသည်းအသန်ဆုတ်ရတယ်။ သူတို့ တက်ပြီဆို ကျွန်တော် အသည်းအသန်တက်ရတယ်။ သူတို့ မိုင်းကွင်းထဲ ဝင်ပြီဆို ကျွန်တော်လည်း ပါသွားရတယ်။ ကျွန်တော် လမ်းတစ်ဝက်မှာ ကြောက်လို့ ပြန်သွားလို့မရဘူး” ဟု မောက်ခမ်းဝါက ဆိုသည်။
မီးကျိုးမောင်းပျက် လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သည့်၊ ယခင်က တိုက်ပွဲတစ်ခုရှိလျှင် ဘုရားပွဲလှည့်သလို စုဖွဲ့မှုမရှိ အမိန့်ပေးစနစ်မကောင်းခဲ့သည့် ကရင်နီဒေသတော်လှန်ရေးသည် နှစ်နှစ်ခန့် ကြာမြင့်လာသည့်အခါ လက်နက်ပိုင်ဆိုင်မှုနှင့် စုဖွဲ့အမိန့်ပေးမှု များစွာ တိုးတက်လာပြီဖြစ်သည်။
ထိုဖြစ်စဉ်ကို စစ်မြေပြင်ဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် မောက်ခမ်းဝါက မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသည်။
စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကိုလည်း တော်လှန်ရေးအားကောင်းသည့် ကရင်နီအပါအဝင် အခြားဒေသများတွင် အလူးအလဲခံနေရသည်မှာ ကမ္ဘာက အသိပင်။
World Press Photo တွင် ဆုရခြင်းဖြင့် ကရင်နီဒေသ ခုခံတော်လှန်ရေးနှင့် ပတ်သက်၍ မှတ်တမ်းတစ်ခု ဝင်သွားသည့်အတွက် ဝမ်းသာရသော်လည်း တစ်ဖက်တွင် ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအနေဖြင့် ထိုစဉ်က ကျဆုံးသွားသည့် ရဲဘော်များအတွက် ဝမ်းနည်းရကြောင်း မောက်ခမ်းဝါက ပြောသည်။
မောက်ခမ်းဝါသည် Loikaw PDF တွင် ပြန်ကြားရေးတာဝန်ယူထားပြီး ၎င်း၏ဓာတ်ပုံများကို တပ်ဖွဲ့၏ ပြန်ကြားရေးလုပ်ငန်းနှင့် အလှူငွေရှာသည့် လှုပ်ရှားမှုများတွင် အသုံးပြုလျက်ရှိသည်။
ရှေ့တန်းစစ်မြေပြင်တွင် ဓာတ်ပုံရိုက်ကူးသူဖြစ်သောကြောင့် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခံရနိုင်သည်၊ မောက်ခမ်းဝါအနေဖြင့် သေရမည်ကို ကြောက်သည်။ ထိုအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း ပြောသည်။
သို့သော် စိတ်လှုပ်ရှားမှု၊ စူးစမ်းချင်စိတ်နှင့် အတွေ့အကြုံကို ခုံမင်စိတ်တို့က ကြောက်စိတ်များကို ဖုံးအုပ်သွားပြီး ၎င်း၏ ကင်မရာရိုက်ကွက်တွင် နိုင်ငံတကာတန်းမီမီ အနုပညာဆန်ဆန် ဓာတ်ပုံများ ကျန်ရစ်နေခဲ့သည်ကို သဘောကျသည့်အတွက် မောက်ခမ်းဝါသည် စစ်မြေပြင်တွင် ရှိနေတတ်သည်။
“အဲဒီစိတ်တွေကြောင့် ရှေ့တန်းသွားဖြစ်ခဲ့တယ်၊ တိုက်ပွဲတွေ အလီလီရောက်ဖြစ်ခဲ့တယ်။ မိုင်းကွင်းတွေ ဖြတ်ခဲ့တယ်၊ လက်နက်ကြီးကွင်းတွေ ဖြတ်ခဲ့တယ်” ဟု ဓာတ်ပုံဆရာ မောက်ခမ်းဝါက ပြောလိုက်သည်။