17 May 2023
(၁) ဒီမနက် အိပ်ယာနိုးလို့ အီးမေးလ်ချက်၊ မက်ဆင်ဂျာချက် လုပ်တဲ့အချိန်မှာ မထင်ထားတဲ့ မက်ဆေ့ချ်တစ်ခုတွေ့လိုက်ရပါတယ်။ “ကိုမြင့်စန်း ဒီနေ့ ဆုံးသွားပြီ” တဲ့…။ ထိုင်းတောင်ပိုင်းရှိ ရဲဘော်တစ်ယောက်က မက်ဆေ့ချ် ပို့ထားပါတယ်။
ထင်မထားခဲ့ပါဘူး။ တလောက (၆ လလောက်ရှိပြီထင်) သူ နယ်စပ်ကနေ ထိုင်းထဲရောက်လာတယ်၊ ငှက်ဖျားမိလာလို့ ဆေးခန်းပြနေရတယ်။ အလုပ်တွေဆက်လုပ်နေပါတယ်… စသဖြင့် စကားပြောဖြစ်ပါသေးတယ်။
သူတို့အလုပ်တွေက တစ်ချိန်က ကိုယ်တို့လုပ်ဖူးတဲ့အလုပ်တွေဆိုတော့ မီဒီယာ သမားတွေနဲ့ သိပ်ပြောလို့ကောင်းတဲ့ အလုပ်မဟုတ်ဘူးဆိုတော့ ကိုယ်လည်း တော်ရုံနဲ့ စကားမပြောဖြစ်ပါဘူး။
ဒီလိုနဲ့ ဒီနေ့တော့ ခုနက သတင်းဆိုးဝင်လာပါတယ်။ ဒါဆိုရင် လွန်ခဲ့တဲ့ ၆ လလောက်က သူနဲ့စကားပြောခဲ့တာဟာ နောက်ဆုံးပဲလား…။
—————————-
(၂) (၈၈၈၈) ကာလတုန်းက သူက ရွာသူကြီး… ကျွန်တော်က အတွင်းရေးမှူး
သူနဲ့ကျွန်တော်က တစ်ရွာတည်းသားတွေ၊ ကျောင်းနေဖက်မဟုတ်ပေမယ့် (သူက အသက် ၁၀ နှစ်ခန့်ကြီး) အမြဲတန်းတွေ့နေတယ်လူတွေပေါ့။ သူတို့အိမ်က ကျွန်တော်တို့ငယ်ငယ်ကတက်ခဲ့တဲ့ မူလတန်းကျောင်းဘေးမှာ။ သူ့ အမက ကျောင်းအုပ်ဆရာမကြီး။ သူတို့ အိမ်ဘေးက ရေတွင်းဘေးမှာ မူလတန်း ကျောင်းသားဘဝက ဆော့ခဲ့ဖူးတာတောင် ပြန်သတိရမိ။ (အဲအိမ်ကြီးက အခုထိ အရင်တိုင်းရှိနေဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ ချိတ်ပိတ်သွားဟုသိရ)
ဒီလိုနဲ့ (၈၈၈၈) အရေးတော်ပုံဖြစ်တော့ အရင်ရွာသူကြီးတွေပြုတ်၊ ကြားကာလ အုပ်ချုပ်ရေးမှာ သူက ရွာသူကြီး၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ကျွန်တော်က ရွာအတွင်းရေးမှူးဆိုပြီး တာဝန်ပေးခံရ။
အဲဒီအချိန်မှာ သူက လောင်းလုံးမြိုနယ် စိုက်ပျိုးရေးဌာနမှာ ဝန်ထမ်းဖြစ်နေပြီ။ ဒီတော့ ကိစ္စအတော်များများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သူက သိတယ်။ ကျောင်းတက်တာနဲ့ စက်ဘီးစီးတာကလွဲပြီး ဘာမှစိတ်မဝင်စားတဲ့ ကျွန်တော်က ဘာမှမသိ။ သူဘေးကနေ အဖေါ်လိုက်ပေးရုံထက် မပိုပါ။
၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတော့ ကိုယ်က ကျောင်းသားတွေကို ဦးဆောင်ပြီး (တကယ်က မြို့ပေါ်ကကျောင်းသားတွေ ရွာကိုရောက်လာလို့ လမ်းပြကူညီရင်းနဲ့ ဦးဆောင်သူဖြစ်သွား- သူပုန်ကျောင်းသားတစ်ဦးရဲ့ မာရသွန်ခရီး ပထမ ပိုင်းမှာ သူ့အကြောင်း ဖေါ်ပြထားပါတယ်) ဝေဒီကတစ်ဆင့် ထားဝယ်မြစ်ကိုဖြတ်၊ ဗကပ နယ်ကိုကျော်၊ ကရင်နယ်ကိုအရောက် ချီတက်ခဲ့ပေါ့။
သူကတော့ အမေတစ်ခု သားတစ်ခုလိုဖြစ်နေတဲ့အတွက် သူ အမေကိုထားခဲ့ပြီး ခရီးဝေးသွားဖို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။
အဲနောက်ပိုင်း ဘာအဆက်သွယ်မှမရှိတော့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီအတွက် သူတာဝန်ယူလုပ်ဆောင်ဖူးတယ်လို့ ကြားမိပေမယ့် တစ်ခါမှမမေးဖြစ်ခဲ့ပါ။
ဒီလိုနဲ့ တော်လှန်ရေးခရီးရှည်ကို ၂၅ နှစ်တာ (လက်နက်ကိုင်တော်လှန်ရေး၊ မီဒီယာကိုင် တော်လှန်ရေး) ဖြတ်သန်းပြီးနောက် ၂၀၁၃ မှာ ကျွန်တော် ပြန်တော်ပြန်ခွင့်ရတော့ ရွာရောက် ရောက်ချင်း အိမ်မှာလာကြိုသူက ကိုမြင့်စန်း…
အဲဒီအချိန်မှာ သူက လောင်းလုံးမြိုနယ် NLD ခေါင်းဆောင်တစ်ဦးဖြစ်နေပြီ။ ဒါပမဲ့ သူ့စတိုင်က အရင်အတိုင်း ရွာသူကြီးပုံကနေ မပြောင်းသေး။ သူ့ဆိုင်ကယ်ပေါ် ကျွန်တော်ကိုတင်ပြီး ရွာက အမှတ်တရနေရာတွေ၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို လိုက်ပို့ပါတယ်။
အဲချိန်က ကြံ့ခိုင်ရေးလွှမ်းမိုးဆဲ ပါလီမန်ဆိုပေမယ့် ရွာမှာတော့ ၉၉ % က NLD ဖြစ်နေပြီ။ နောက် ၂၀၁၅ ရွေးကောက်ပွဲရောက်တော့ သူက NLD ကိုယ်စားလှယ်အဖြစ်အရွေးခံရပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့ရဲ့ လယ်/ဆည် ဝန်ကြီးဖြစ်လာပါတယ်။
—————————-
(၃) ၂၀၁၉ မှာတွေ့ဆုံခြင်းဟာ နောက်ဆုံးတွေ့ခြင်းလား…
နောက်ပိုင်း တစ်နှစ်တစ်ခေါက်လောက် ပြည်တော်ပြန်စဉ်အတွင်း တစ်ခါတရံတွေ့ဖြစ်ပေမယ့် သူက ဝန်ကြီးဆိုတော့ အလုပ်များနေပြီ။ မှတ်မှတ်ရရ နောက်ဆုံးတွေ့ဖြစ်တာ ၂၀၁၉ ကျွန်တော် ရန်ကုန်မှာ မီဒီယာ တာဝန်ထမ်းနေစဉ်က။
NLD ပါတီညီလာခံအတွက် နယ်က ပုဂ္ဂိုလ်တွေရောက်နေစဉ် တနင်္သာရီတိုင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ချင်လို့ဆိုပြီး ကျွန်တော်လိုက်သွားတော့ ဝန်ကြီးက ဟိုတယ်မှာ မတည်းပဲ ဘုန်းကြီးကျောင်းမှာ တည်းနေလေရဲ့…
သူ ကျွန်တော်ကိုခေါ်သွားတဲ့ လက်ဖက်ရည်ဆိုင်ကလည်း တကယ့်လမ်းဘေးဆိုင်လေး…။ ရန်ကုန်မှာ roof top ဘားတွေ လှည့်ပတ်ထိုင်နေတဲ့ ကျွန်တော့်အတွက် သိပ်အဆင်မပြေလှ။ “ခင်ဗျားက ဝန်ကြီးလုပ်ပြီး ကြည့်ပျော်ရှုပျော် ဈေးပေါတဲ့ ဟိုတယ်ခန်း၊ တည်းခိုခန်းလေး တည်းပါလား” ဆိုတော့… နိုင်ငံရေးလုပ်နေတာ၊ ပြည်သူ့အတွက် လုပ်နေတာ ဘုန်းကြီးကျောင်းမှာ တည်းတာပဲကောင်းပါတယ်တဲ့…
အဲ… ဒီလူက အရက်မသောက်တတ်ဘူး။ မင်းသမီးခစန်း အာဇာနည်ကုန်း မြေနေရာအတွက် (သူက လယ်/ဆည် ဝန်ကြီးဆိုတော့) ထားဝယ်မှာဆွေးနွေးရင်း သူ့ရဲ့ ဝန်ကြီးအိမ်ဆီ (လွှတ်တော်ဘေးနားမှာ ဝန်ကြီးအိမ်ယာရှိပါတယ်။ နေပြည်တော်စတိုင် လယ်ကွင်းမှာ မြေဖို့ပြီး အသစ်ဆောက်ထားတဲ့အိမ်တွေ) ညဖက်ကြီး ကျွန်တော် ရောက်သွားပါတယ်။
“ဝန်ကြီး ရေနွေးကြမ်းနဲ့တော့ မဖြစ်ဘူး။ သူများလက်ဆောင်ပေးထားတာတွေ ခင်ဗျားဆီမှာရှိတယ်လို့ ကျွန်တော်သတင်းရထားတယ်” ဆိုပြီး အစ်လိုက်တော့ တကယ့် ဝီစကီ အကောင်းစား ပုလင်းထုတ်ပေးတယ်။ သူက လုံး၀ မသောက်ဘူး။
ရိုးရိုးကြီး- လူပျိုကြီးဆိုပါတော့။ နောက်- သူနဲ့ပတ်သက်ပြီး လူပြောများတာတစ်ခုကတော့ သူ လယ်-ဆည် ဝန်ကြီးတာဝန်ယူထားစဉ်မှာ လယ်ထဲကိုယ်တိုင်ဆင်းပြီး (ပုဆိုးကို ခါးတောင်းကျိုက်ပြီး) လယ်သမားတွေနဲ့အတူ စပါးစိုက်ပြခြင်းပါ။
အရင်ခေတ်က ဝန်ကြီးတွေ လယ်ကန်သင်းပေါ် ကော်ဇောခင်းသွားနေစဉ်မှာ ငါတို့ဝန်ကြီးက လယ်ထဲ ကိုယ်တိုင်ဆင်းပြီး လယ်သမားတွေနဲ့အတူရှိတယ်လို့ အတော်များများက ဂုဏ်ယူကြပါတယ်။ ဒါပေမဲ့ အချို့ကတော့ ဝန်ကြီးဆိုတာ လယ်ထဲဆင်းစရာမလိုဘူး။ စီမံခန့်ခွဲမှုလုပ်တတ်ဖို့ပဲ လိုတယ်လို့ ဝေဖန်ပါတယ်။
နောက်တစ်ချက်သတိထားမိတာက… ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း လယ်-ဆည် ဝန်ကြီးလည်း သွားလေရာ ပါတာပေါ့။ ဒါပေမဲ့ သူက မြန်မာလို (ဒေသအခေါ် ဂံလို) မပြောပဲ ထားဝယ်စကားချည်းပြောနေလို့ ဒေါ်အောင်ဆန်းစုကြည် နားမလည်။ ဘေးကတစ်ယောက်က ဘာသာပြန်ပေးနေရတာကို လိုက်ဖ် လွှင့်တဲ့ FB မှာ တွေ့မိတော့ ကျွန်တော်ပြုံးမိ။
ဆိုလိုတာက ဒီလို ရိုးသား-ကြိုးစားတဲ့ ကျွန်တော်တို့ရွာက ကျွန်တော့်အကိုကြီး လယ်-ဆည် ဝန်ကြီးပါ။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က နောက်တစ်ကြိမ် အာဏာသိမ်းတော့ ကိုယ်လည်း ကိုယ့်ဝတ်ကျင်း ကိုယ်ပြန်ပြေးရ။ သူလည်း (၂၀၂၀ မှာ အမတ်အဖြစ် ထပ်အရွေးခံရ) ပါတီတာဝန်တွေ ထမ်းဆောင်ရင်း၊ အရှောင်အတိမ်းလုပ်ရင်းနဲ့ အဆက်အသွယ်မရတော့။
နောက်ပိုင်း တနင်္သာရီတိုင်း PDF အစည်းဝေးတွေ၊ ရန်ပုံငွေရှာရေးကိစ္စ အွန်လိုင်း အစည်းဝေးတွေ လုပ်တော့ အခြားမြို့နယ်က အမတ်တွေကို တွေ့ရပေမယ့် ကျွန်တော်တို့မြို့နယ်က အမတ်တွေ မတွေ့လို့ မေးကြည့်တော့ အင်တာနက် မမိတဲ့ တောထဲမှာ ရောက်နေတယ်လို့ပြောပါတယ်။
နောက်တော့လည်း သူတာဝန်နဲ့သူ အလုပ်ရှုပ်နေတယ်။ မီဒီယာသမားနဲ့ စကားမပြောချင်လို့ မဆက်တာဖြစ်မယ်ဆိုပြီး ကိုယ်လည်း တကူးတက လိုက်မမေးမိတော့ပါ။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကတော့ သူ “ထိုင်းကိုရောက်နေပြီ၊ အလုပ်တွေ ပြန်လုပ်နေပြီ။ တောထဲမှာ ငှက်ဖျားမိလာလို့ ဆေးခန်းတော့ ပြနေရတယ်” စသဖြင့် ကြားရပြီး သူနဲ့ ဗီဒီယို ကော ပြောဖြစ်ပါတယ်။
နောက်တော့လည်း ထုံးစံအတိုင်း နိုင်ငံရေးကိစ္စ၊ လ၀ ကိစ္စတွေကို ဝင်မပါချင်တာနဲ့ ကိုယ်လည်း အဆက်အသွယ်မလုပ်ဖြစ်ပါဘူး။
ဒီလိုနေရင်းကနေ ဒီမနက် အထက်ဖေါ်ပြပါ သတင်းဆိုးကို ကြားလိုက်ရတာပါပဲ။
ကျွန်တော်တို့တောခိုစဉ်က အမေနဲ့ရွာကိုမခွဲနိုင်လို့ အိမ်မှာကျန်နေခဲ့တဲ့ ရဲဘော်ကြီးဟာ အသက် ၆၀ ကျော် ဝန်ကြီးဖြစ်နေကာမှာ တောခိုရတယ်ဆိုတော့ လူငယ်တွေလို တောထဲမှာ ဘယ်သွားနိုင်၊ လာနိုင်ပါ့မလဲ…။
ပြီးတော့ ငှက်ဖျား။ ရွာက လူတွေမှာ ငှက်ဖျားအတွေ့အကြုံကလည်းမရှိ။ ကွီးနီး-ပါရာ-တက်ထရာဆိုတဲ့ ၈၈ ကျောင်းသားတွေရဲ့ ဆောင်ပုဒ်ကို သူတို့ကြိုသိမထားကြ။ ပြီးတော့ မဟာမိတ်ဆက်ဆံရေးကလည်း အရင်လိုပဲ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ကြားရ။
ဒီဒဏ်ရာ ဒဏ်ချက်တွေကို ၂၀ ကျော်လူငယ်တွေခံနိုင်ပေမယ့် ၆၀ ကျော် ဝန်ကြီး ဘယ်ခံနိုင်ပါတော့မလဲ…။ အဲဒီ ငှက်ဖျားကနေ ဘယ်လိုလုပ် ကင်ဆာဖြစ်သွားမှန်းတော့ မသိ။ ဒီနေ့တော့ သူ ကွယ်လွန်သွားရှာပြီ။
ဘယ်လောက် ရင်နာဖို့ကောင်းသလဲ…။ ဝန်ကြီးတစ်ဦးက သူများနိုင်ငံရဲ့ အလုပ်သမား တန်းလျားတခုမှာ လူမသိ-သူမသိ ကွယ်လွန်သွားရှာ။ သူ့အလောင်းပေါ်မှာတော့ NLD အလံ လွှမ်းခြုံထားတာ တွေ့လိုက်ပါတယ်။
ပထမ အကြိမ် တော်လှန်ရေးခရီးမှာ အမေနဲ့ရွာကို မခွာနိုင်လို့ တောမခိုပဲ ကျန်နေခဲ့သူ…
ဒုတိယ အကြိမ်တော်လှန်ရေးမှာတော့ ဘယ်လိုမှနေမရတော့လို့ အသက်ကြီးမှ အရဲစွန့် တောခိုခဲ့ရသူ…
တတိယ အကြိမ်တော်လှန်ရေးတော့ မလိုချင်တော့ဘူး…။ ဒီလို ဘဝတွေပျက်၊ အသက်တွေ ဆုံးရှုံးတာ မလိုချင်တော့ဘူး…
ဒီတစ်ကြိမ်တော်လှန်ရေးမှာ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်တိုက်မယ်လို့ သူ့ ရဲဘော်တွေက ကတိပေးကြောင်း ရဲဘော်ကြီးအား တိုင်တည်ရင်း…
ရဲဘော်မြင့်စန်း ကောင်းရာသုကတိ လားပါစေ…။
ထက်အောင်ကျော် @ ရဲဘော်ဝင်းထိန်
(17- 5- 2023).
View the original
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.