လက်ပံ တဲ့
နာမည်နဲ့ လိုက်အောင်ပဲ
နီစွေးလှပရဲရင့် နေလိုက်ပုံများ
ဆယ့်ခုနှစ်နှစ်ဆိုတဲ့ အရွယ်နဲ့တောင် မလိုက်ဘူး
ယောက်ျားရင့်မာကြီးတွေတောင်
မရွေးချယ်ရဲခဲ့တဲ့ဒီလမ်းကို
ဒီအရွယ် ကောင်မသေးသေးလေးက
ရဲရဲဝံ့ဝံ့ အရောက်လာခဲ့တယ်
ကြည့်လိုက်ရင် ဘာမထီဒီဇိုင်းနဲ့
သေချာပေါင်းကြည့်မှ ခက်ထန်တဲ့အပြုအမူတွေနဲ့
သူ့ရဲ့အားငယ်တတ်တဲ့စိတ်ကို ဖုံးထားပုံရတယ်
စစ်သင်တန်းလေ သိတဲ့အတိုင်းပဲ
ငရဲခန်းနေ့ရက်တွေကို ဒီအရွယ်လေးနဲ့ အကောင်းဆုံး ကျော်ဖြတ်
ငိုလိုက်ရီလိုက် ပြေးလိုက်လွှားလိုက် လဲလိုက်ထလိုက်နဲ့
ငါတို့ အလိမ်အညာ အကွေ့အကောက်အဆောင်_၆ ရဲ့အမျိုးသမီးတွေရဲရင့်ခဲ့တယ်
လူပေါင်းရာချီစားဖို့ စားဖိုဝင်ဆိုလည်းဝင်
ရိက္ခာထမ်း ဆိုလည်းထမ်း
ထင်းသယ် ဆိုလည်းသယ်
တောကြီးမျက်မဲရဲ့ရွှံဗွက်ကြားမှာ သူကအပြုံးမပျက်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး
ယောက်ျားလေး ရဲဘော်တွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ထုတ်လုပ်တယ်
ဂန်းတိုက်တယ်၊ မိုင်းထုတ်တယ်
စခန်းမှာ သူမလုပ်တဲ့အလုပ်ရယ်လို့ကို မရှိခဲ့ဘူး
စခန်းတစ်ခုလုံးမှာ သူကအထင်းဆုံး အလင်းဆုံး
ရှိတာလေးနဲ့လှအောင် ဝတ်တတ်စားတတ်
လှလိုက်တာလည်း စက်စက်ယို
မိန်းကလေးနည်းပြီး ယောက်ျားများတဲ့ ဒီတပ်ထဲမှာ
ဒီလို လှတပတလေးကို မကြိုက်ဘဲ ရှိပါ့မလား
ကြိုက်တဲ့သူများတော့ ပွေတယ်ရှုပ်တယ်လို့
တခြားသူတွေ ပြောပြောနေတဲ့ ဒီကောင်မလေးပေါ့
တစ်ချို့များဆို လက်လွဲပြောင်းယူကြတဲ့
ပြည်ထောင်စုအလံရယ်လို့တောင် နောက်ပြောင်ခဲ့ကြ
ဒါပေမဲ့လည်း ဒီကောင်မလေး အပြုံးမပျက်ခဲ့ဘူး
စိတ်မဆိုးခဲ့ဘူး
သူ့ဘဝရဲ့အဆိုးရွားဆုံး လောကဓံကိုတောင်
ဒီအရွယ်လေးနဲ့ ကြံ့ကြံ့ခံခဲ့တယ်
ဗမာစကားပုံတွေတော့ ရှိပါရဲ့
တစ်ရွာမပြောင်း သူကောင်းမဖြစ်
သေချင်တဲ့ကျား တောပြောင်း အစရှိသဖြင့်ပေါ့
သူကတော့သူကောင်းဖြစ်ချင်လို့ တစ်ရွာပြောင်းခဲ့ပုံရတယ်
ဆက်ဆက်ပြန်လာခဲ့ဖို့ မှာလိုက်ပေမဲ့
သူပြောင်းသွားတဲ့တပ်မှာ ပျော်ပုံရတယ်
ပိုလည်းလှလာတယ် အဲဒီမှာက လက်ပံပွင့်လေးကိုလည်း
အရိပ်တကြည့်ကြည့်ချစ်မယ့်သူလည်းရှိနေတော့
ပြန်လာဖို့တောင် မေ့နေပုံပါပဲ
အိမ်ကထွက်လာပြီးကတည်းက တပ်ဟာကိုယ့်မိသားစုပဲ
လက်ပံလေးဟာလည်း ကိုယ့်ညီမလေးပဲ
အဆင်ပြေလားလို့ သွားမေးတိုင်း ပြေတယ်လို့ပဲအမြဲညာခဲ့တယ်
ဒီနေ့ message တစ်စောင်ရောက်တယ်
မရေ လက်ပံပွင့်လေး ကြွေသွားရှာပြီတဲ့
ရှေ့တန်းကပြန်လာပြီး နားနေတာနှစ်ရက်ပဲရှိသေးတယ်
လေယာဉ်နဲ့ဗုံးလာကြဲလို့ ချစ်သူနှစ်ဦး
တော်လှန်ရေးကြီးကို နုတ်ဆက်သွားကြပြီတဲ့
ငါ့ညီမလေး အရမ်းနာကျင်သွားခဲ့သလား
အရမ်းကြောက်နေခဲ့သေးလား
ဘယ်လောက်တောင်မှ နာကျင်ခံစားပြီး ထွက်သွားလိုက်ရလဲ ကလေးငယ်ရယ်
တစ်ရွာပြောင်းလို့ သူကောင်းဖြစ်သွားတယ် ထင်ရပေမဲ့
တကယ်တော့
သေချင်လို့ တောပြောင်းသွားတဲ့ကျား ဖြစ်သွားတယ်
ဆက်ဆက်ပြန်လာခဲ့မယ်လို့ ပြောသွားတဲ့ လက်ပံပွင့်လေးရေ
အရွယ်နဲ့မလိုက်အောင် လောကဓံရဲ့ဒုက္ခကိုခါးဆီးခံသွားတဲ့ ညီမလေးရေ
ပင်ပန်းလွန်းလို့ လွတ်ချလိုက်တာလား
ဒီအခင်းအကျင်းကြီးကို ခံနိုင်ရည်မရှိတော့လို့
ချစ်သူလက်ကိုတွဲပြီး အဝေးဆုံးကို ထွက်သွားခဲ့တာလား
ပြန်လာမယ်ပြောပြီး ဘာလို့ပြန်မလာရတာလဲ
မေးခွင့်ရှိသေးရင် မေးလိုက်ချင်တယ်
အော်ဟစ် ငိုကြွေးလိုက်ချင်တယ်
မောင်းပြန်တစ်လက်ကို ကျည်တစ်ဘောက်လောက်ကုန်တဲ့အထိ ပစ်ဖောက်ပစ်လိုက်ချင်တယ်
ဘာလို့များ ဒီလက်ပံပွင့်ငယ်လေးက အခုလိုစောစောစီးစီး ကြွေလွင့်သွားရတာလဲ
ဆောင်းရိပ်ခို
View the original