မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )
125 ဆိုင်ကယ် အနက်ရောင်လေး တစ်စီးကို မောင်းပြီး ၄၅ မိနစ်ခန့် ဝေးတဲ့ တောင်ထိပ်တစ်နေရာကို ဖုန်းလိုင်းရဖို့ ၊ အင်တာနက် အသုံးပြုဖို့ နို့စို့အရွယ်ကလေးငယ်ကို စစ်ရှောင်တဲမှာ ချန်ပြီး နေ့စဉ် သွားလာလှုပ်ရှားနေသူက အသက် ၃၀ အရွယ် မူရီ။
တစ်နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်နဲ့ ငါးနှစ်အရွယ် သားလေးတစ်ဦးကို ကလေးထိန်းပေးသူ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ထားခဲ့ပြီး၊ သူမ နေထိုင်တဲ့ အရပ်ကို စစ်ဘေးရှောင်လာတဲ့ ဘဝတူ စစ်ရှောင်တွေအတွက် လိုအပ်တဲ့ အလှူရှင်တွေဆီ ချိတ်ဆက်ဆောင်ရွက်ပေးပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေသူပါ။
မူရီ က ကယန်းလူမျိုးတစ်ဦး ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်း ကရင်နီမှာ ပထမဦးဆုံး စစ်ဖြစ်ပြီး လုံးဝ ပြန်လာလို့ မရတာ ၂ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်တစ်ခုမှာ နေထိုင်သူပါ။
သူမဟာ အသက် ၈၀ အထက်နဲ့ ၅ နှစ်အောက် ကလေးငယ်များအတွက် အာဟာရများ ဝယ်ယူတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားသည်အထိ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ မွေးဖွားလာတဲ့ ကလေးငယ်များရဲ့ လိုအပ်ချက်ကို ( ဆေးဝါး၊ အာဟာရများ ) ကူညီဆောင်ရွက်ပေးခြင်း၊ ဘဝတူ စစ်ဘေးရှောင်များအတွက် ရပ်နီးရပ်ဝေးမှ အလှူရှင်များနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စတဲ့ ….စတဲ့ အချိန်ကုန် လူပင်ပန်းပြီး လုပ်အားခ မရှိတဲ့ ပရဟိတ အလုပ်ကို လုပ်ကိုင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
“ပါဝင်ချင်တာကပေါ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ဖြစ်ပေါ့။ တကယ်တမ်း ကိုယ့်ကိုယ်တော့ ငါ လုပ်နိုင်မှာ မဟုတ်ဘူးပေါ့ဆိုတဲ့ စိတ် မထားဘူးလေ။ အုတ်တစ်ချပ်ဖြစ်ဖြစ်၊ သဲတစ်ပွင့်ဖြစ်ဖြစ် ပါဝင်မယ်။ လှုပ်ရှားမယ်။ အယောက်တစ်ရာကို ငါ မကူညီနိုင်ချင်နေ ဆယ်ယောက်ကို ငါကူညီနိုင်စေရမယ်ဆိုတဲ့စိတ်ကို ထားပြီးတော့ အဲ့ကနေ ပါဝင်လှုပ်ရှားတာပေါ့။” လို့ နို့တိုက်မိခင် မူရီက သူမနဲ့အတူ ဘဝတူ စစ်ရှောင်တွေအတွက် အခုလို ပါဝင်လှုပ်ဆောင်ကူညီရခြင်းကို ပြောပြလာတာ ဖြစ်ပါတယ်။
သူမဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်မခွဲခြားပဲ လိုအပ်တဲ့နေရာတွေအတွက် အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ပံ့ပိုးကူညီနေတာပါ။
နာမည်ရ ပုဂ္ဂိုလ်တစ်ဦးမဟုတ်သလို၊ နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေထဲက အွန်လိုင်းနာမည်ရ တစ်ဦးလည်း မဟုတ်ပါဘူး။ စစ်ကြောင့် တိမ်းရှောင်ရတဲ့ သာမန်နို့တိုက်မိခင်ဖြစ်ပြီး ဘဝတူ စစ်ရှောင်တွေထဲက မိမိထက် ပိုလိုအပ်သူတွေကို ကြည့်ရင်း မနေနိုင်တာကြောင့် အခုလို အကူအညီတွေရနိုင်ဖို့ လိုက်လံဆောင်ရွက်ပေးလာတာ ဖြစ်ပါတယ်။
အလှူရှင်တွေနဲ့ စကားတစ်ခွန်းပြောရဖို့၊ စာတစ်စောင်ပို့ရဖို့အတွက် လသားအရွယ် နို့စို့ကလေးငယ်ကို ချန်ခဲ့ရတဲ့အပြင်၊ အမျိုးသမီးတစ်ဦးအတွက် ဝေးလံပြီးခက်ခဲတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ တောင်ပေါ်တစ်နေရာကို ဖုန်းလိုင်းရဖို့ သွားရတဲ့အခါ အချိန်မရွေး ပစ်ခတ်လေ့ရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ ရုတ်တရက် ရောက်လာပြီး ဗုံးကြဲတိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်တွေဟာလည်း သူမအတွက်ရော စစ်ရှောင်တဲမှာ ကျန်ခဲ့တဲ့ သူမရဲ့ ကလေးငယ်နဲ့ စစ်ရှောင်တွေအတွက်ပါ အမြဲတမ်း ထိတ်လန့်စိုးရိမ်ရတဲ့ လုံခြုံရေးစိန်ခေါ်မှု တစ်ခုပါ။ သို့ပေမယ့်လည်း မူရီဟာ ဒီလိုစိန်ခေါ်မှုတွေကြားကနေ ဘဝတူ စစ်ဘေးရှောင်တွေကို မိမိတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ စိန်ခေါ်မှုတွေကို မမှုပဲ ရုန်းကန်လှုပ်ရှားဆောင်ရွက်ပေးနေပါတယ်။
မူရီတစ်ယောက် ဘဝတူ စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ရပါတယ်။ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေကို ချိတ်ဆက်အကူအညီတောင်းပြီး ဖြည့်ဆည်းပေးသလို နီးစပ်တဲ့ အလှူရှင်တွေကိုလည်း ချိတ်ဆက်ဆောင်ရွက်ရင်း ဘဝတူစစ်ရှောင်သူတွေကို ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
အလှူငွေ ရရှိဖို့ ကြိုးစားရှာဖွေရာမှာတော့ “ဘယ်သူ့ကို လှူမလဲ၊ ဘယ်ဘာသာလဲ၊ ဘာလူမျိုးလဲ၊ ဘယ်ရွာကလဲ။ ဒီလူမျိုးဆိုရင်တော့ဖြင့်၊ ဒီရွာကဆိုရင်တော့ဖြင့် မပေးနိုင်ဘူး။” စတဲ့ မေးခွန်းတွေကို သူမအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လူမျိုး၊ ဘာသာ၊ နေရာဒေသတွေဟာ အရေးကြီးတဲ့ အရာမဟုတ်ဘဲ၊ ဒီလိုအချိန်မှာ အတူတကွ ဖေးမကူညီခြင်းဟာ တစ်ခုတည်းသော ငြိမ်းချမ်းရေးဖြစ်တယ်လို့ သူမက ပြောပါတယ်။
“ကျမတို့ဆီကို စစ်ရှောင်လာတဲ့သူတွေကလေ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါတယ်၊ ကုလားတွေလည်း ပါတယ်။ ဒါပေမယ့် ဒီမှာရောက်မှ ချစ်ခင်မြတ်နိုးကြတယ်။ ကူညီဖေးမကြတယ်။ သူတို့ (စစ်ရှောင်) ဘာပြောလဲသိလား။ တခါတခါကျတော့လည်း မင်းအောင်လှိုင်ကို ကျေးဇူးတင်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ တအားချစ်သွားကြတယ်ပေါ့နော။ ငြိမ်းချမ်းရေးဆိုတဲ့ တန်ဖိုး အရင်ကထက် အဆတစ်ရာ ပိုနားလည်တယ်ပေါ့။ ငြိမ်းချမ်းရေးဆိုတဲ့ဟာကို ငါတို့စိတ်ထဲမှာ လုံးဝအရေးကြီးတယ်ဆိုတဲ့ဟာ စိတ်ထဲမှာ စွဲသွားတယ်ပေါ့ အဲ့လိုမျိုး။” လို့ မူမားဂရက်က သူမ နေထိုင်တဲ့ စစ်ရှောင်စခန်းတစ်ခုက မြင်တွေ့နေရတဲ့ လက်တွေ့ဘဝကို ပြောပြလာတာပါ။
သူမကတော့ အတွေးထဲမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲမှုတစ်ခုကိုသာ စွဲကိုင်ပြီး မိမိလူမျိုးကိုသာမက တခြားသော သွေးချင်းလူမျိုးစုတွေအတွက်ကိုလည်း တတ်နိုင်သမျှဆောင်ရွက်ပေးနေပါတယ်။
အခုလက်ရှိမှာတော့ မူရီဟာ စစ်ကြောင့် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ရောက်ရှိလာတဲ့ ကယားလူမျိုးစုတွေအတွက် စစ်ရှောင်နေစဉ် လိုအပ်ချက်တွေကို အလှူရှင်တွေဆီကနေတစ်ဆင့် ကူညီချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။ ယခင် အာဏာသိမ်းပြီး စစ်ရှောင်ခါစအချိန်မှာတော့ မိမိနဲ့ လူမျိုးတူညီတဲ့သူတွေအတွက်သာ ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ လက်ရှိမှာ ထပ်မံရောက်ရှိလာတဲ့ တခြားသော လူမျိုးစုတွေအတွက်ပါ ထပ်မံကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
သူမရဲ့ လုပ်ဆောင်မှုအတွက် ထင်မှတ်မထားတာကတော့ အမျိုးသမီးတက်ကြွလှုပ်ရှားမှုအဖြစ် အသိအမှတ်ပြုမှု ဆုတံဆိပ်တစ်ခုကို ရရှိလာတာပါ။ ကရင်နီအမျိုးသမီးအစည်းအရုံးလို့ခေါ်တဲ့ KNWO အဖွဲ့အစည်းကနေ ပေးအပ်တဲ့ “ Women Human Right Defender ”( အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ) ဆိုတဲ့ အရာပါ။
“သူတို့ အဲ့လိုဆုပေးလိုက်တော့ ကိုယ်လည်း ပိုပြီးတော့ လှုပ်ရှားချင်တယ်လေ။ အသိအမှတ်ပြုတယ်ပေါ့နော ပြောရမယ်ဆိုရင်။ ကိုယ့်ကို အသိအမှတ်ပြုတဲ့အတွက် ကိုယ်ကလည်း အပြုသဘောဆောင်တဲ့ဟာပဲ ဆက်လက်လုပ်သွားမယ်ပေ့ါ။” လို့ သူမ ရရှိထားတဲ့ ဆုနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို ပြောပြလာတာ ဖြစ်ပါတယ်။
ကရင်နီအမျိုးသမီးများ အစည်းအရုံး KNWO အနေနဲ့ တော်လှန်ရေးကာလမှာ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေ၊ လူသားချင်းစာနာထောက်ထားမှုနဲ့အတူ လုပ်အားခမရရှိပဲ အမျိုးသားရေးအတွက် ပေးဆပ်တဲ့ အမျိုးသမီးတွေ၊ အန္တရာယ်တွေကြားက ထိလွယ်၊ ရှလွယ်တဲ့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုသောအားဖြင့်၊ အမျိုးသမီးတက်ကြွလှုပ်ရှားသူအဖြစ် စံပြုဆုကို ပေးအပ်ရွေးချယ်ရခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှုး – ၂ မော်ဖရေမြာ က ပြောပါတယ်။
“မြေပြင်မှာလည်း စစ်ဘေးရှောင် ထိလွယ်၊ရှလွယ်တဲ့ အုပ်စုနဲ့အတူ တစ်သားတည်း လုပ်ငန်းကိုင်ငန်းအပေါ်မှာ တကယ်အခက်အခဲ ရှိနေတဲ့အပေါ်မှာလည်း ကျမတို့က သူ့ရဲ့ ဝါသနာပါမှု၊ စိတ်ဝင်စားမှု၊ တက်ကြွစွာလုပ်ဆောင်မှု ပြီးရင် ဒီအခက်အခဲ၊ ဒီအန္တရာယ်ရှိတဲ့ကြားကနေ မိသားစုအတွက် မငဲ့ငြာဘဲနဲ့ အမျိုးသားရေးအတွက် ပေးဆပ်တဲ့ တက်ကြွတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့၊ သူ့ကို ကျမတို့က ရွေးချယ်တဲ့အထဲမှာလည်း ပါတာဖြစ်တယ်ပေါ့နော။” မော်ဖရေမြာက ဆုရရှိထားတဲ့ နို့တိုက်မိခင် မူရီနဲ့ ပတ်သက်ပြီး ပြောပြလာတာ ဖြစ်ပါတယ်။
မတူညီကွဲပြားတဲ့ မြို့နယ်အလိုက်၊ နေရာဒေသအလိုက် အမျိုးသမီးတွေကိုယ်တိုင်က ဦးစီးဦးဆောင်ပြီး မြေပြင်လိုအပ်ချက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ရင်း တက်ကြွလှုပ်ရှားစွာ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတွေကို ရွေးချယ်ခြင်းဖြစ်တယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။
အဆိုပါ ဆုပေးအပ်ခြင်း အစီအစဉ်ကိုတော့ KNWO ရဲ့ အလှူရှင်ရရှိမှု နှုန်းထားအပေါ် မူတည်ပြီး အမျိုးသမီး ၃၀ ဦးနဲ့အထက် ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မူရီလို ကန့်လန့်ကာနောက်ကွယ်ကနေ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးမြောက်များစွာ ရှိနေနိုင်ပါတယ်။ လုံခြုံရေးကြောင့်ဖြစ်စေ၊ မိမိရဲ့ ဆန္ဒကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် နာမည်မဖော်၊ လူသိရှင်ကြား မလုပ်ဆောင်နေကြပေမယ့် မိမိမှာ ရှိတဲ့ ခွန်အား၊ အစွမ်းအစတွေကို မျက်ကွယ်မပြုပဲ မူမားကရက်လို အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ဆက်လက်ပါဝင်နေကြမယ်ဆိုရင် ဒီတော်လှန်ရေးဟာ ယှဉ်တွဲနေထိုင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ ရလာဒ်နဲ့အတူ အေးချမ်းတဲ့ နေ့ရက်တွေကိုရရှိလာမှာ အမှန်ပါပဲ။
View the original