01 May 2023
၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့
ဤအထူးသုံးသပ်ချက်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခြင်း (သို့) ပယ်ဖျက်ခြင်း သို့ ဦးတည်ရမည်
လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (“အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (ANNI) တို့က ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ ၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) မှ လာမည့်အောက်တိုဘာလတွင် ပြုလုပ်မည့် ၎င်း၏အစည်းအဝေးတွင် မြန်မာစစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အထူးသုံးသပ်ချက် ပြုလုပ်သွားမည် ဆိုသည်ကို ကြိုဆိုလိုက်သည်။ ဤဆုံးဖြတ်ချက်ကို အလုပ်အဖွဲ့၊ ANNI နှင့် ၎င်းတို့၏ ဒေသန္တရ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများက GANHRI ဗျူရိုကို စစ်အုပ်စု၏ လူ့အခွင့်အရေးကော်မရှင်အား အဖွဲ့ဝင်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန်နှင့် ၎င်း၏ “B” အဆင့် သတ်မှတ်ချက်ကို ပယ်ဖျက်ရန် အကြိမ်ကြိမ်တောင်းဆိုမှုများပြီးနောက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
GANHRI သည် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးကွန်ရက်များအနက် အကြီးဆုံးတစ်ခုဖြစ်ပြီး နိုင်ငံအဆင့် လူ့အခွင့်အရေးဌာန (NHRI) ၁၂၀ ခုက အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ ၎င်း၏ဌာနချုပ်သည် ဆွစ်ဇာလန်ိနိုင်ငံ ဂျနီဗာမြို့တွင် အခြေစိုက်သည်။
GANHRI သည် “B” အဆင့်သတ်မှတ်ခံထားရေသော NHRI များ၏ အခြေအနေပြောင်းလဲမှုများက ပါရီအခြေခံမူများ လိုက်နာမှုအပေါ် ထိခိုက်စေပါက ထို NHRI များအပေါ် အထူးသုံးသပ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း တို့လုပ်ဆောင်နိုင်ရန် မကြာသေးမီကပင် ၎င်း၏ဥပဒေကို ပြင်ဆင်လိုက်သည်။ ယခင်တွင် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း အပြည့်အဝလိုက်နာသည့် “A” အဆင့်သတ်မှတ်ခံထားရသော NHRI များကသာလျှင် အထူးသုံးသပ်ခြင်းကို ခံခဲ့ကြရသည်။
လက်ရှိအချိန်တွင် တရားမဝင်စစ်အုပ်စုက ခန့်အပ်ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) သည် ၂၀၁၅ ခုနှစ်တွင် GANHRI ၏ အဖွဲ့ဝင်အဖြစ် “B” အဆင့် သတ်မှတ် ပေးအပ်ခြင်းကို ခံခဲ့ရသည်။ ဆိုလိုသည်မှာ MNHRC သည် ယုံကြည်ကိုးစားထိုက်သော NHRI အဖြစ် သတ်မှတ်ခံရရန် NHRIs များလေးစားလိုက်နာရမည့် အနိမ့်ဆုံးစံသတ်မှတ်ချက်ဖြစ်သည့် ပါရီအခြေခံမူများကို တစိတ်တစ်ပိုင်းသာ လိုက်နာခဲ့ခြင်း ဖြစ်သည်။ MNHRC ၏ “B” အဆင့်သတ်မှတ်ခံထားရခြင်းက တရားဝင်မှု မရှိသော စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော လူ့အခွင့်အရေးဌာနတစ်ခုကို ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခွင့် ရရှိစေသည်။
MNHRC ကို ဤအတိုင်း ၎င်း၏လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုက အမိန့်ပေးခဲ့ပြီး အာဏာလုယူရေး ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စုမှ ကျူးလွန်နေလျက်ရှိသော ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများအပေါ် MNHRC က မသိကျိုးကျွံပြု၍ အားပေးအားမြှောက်ပြုနေလျက်ရှိသည့်အပြင် ၎င်းသည် စစ်အုပ်စု၏ ကြီးလေးသော ရာဇ၀တ်မှုများကို နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုမှ ကာကွယ်ပေးရန် စစ်အုပ်စု၏ မသမာသော လုပ်ရပ်များအတွက် ခုခံပြောဆိုပေးနေသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး (UNOHCHR) ၏ မတ်လထုတ် (A/HRC/52/21) အစီရင်ခံစာတွင် “မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍနှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် စစ်တပ်၏ တင်းကျပ်သော ချုပ်ကိုင်မှုကို ခံထားရသဖြင့် လွတ်လပ်မှုနှင့် ယုံကြည်ကိုးစားထိုက်သည့် အစိတ်အပိုင်းများ ဖယ်ရှားခြင်း ခံထားရသည်” ဟု ဖော်ပြထားသည်။
MNHRC သည် ၎င်းစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းကပင် စစ်တပ်၏လုပ်ရပ်များကို ဖုံးကွယ်ပေးခဲ့ပြီး ယခုအခါတွင်လည်း အာဏာလုယူရေး ကြိုးပမ်းချိန်မှစ၍ ၎င်း၏ ကြေညာချက်များ၊ ၀က်ဘ်ဆိုဒ်များတွင် လက်ရှိစစ်အုပ်စု၏ ဝါဒဖြန့်မှုများကိုသာ ဆက်လက် လုပ်ဆောင်နေသည်။ ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၇ ရက်နေ့တွင် ၎င်းက စစ်အုပ်စုခေါင်းဆောင်စစ်ရာဇဝတ်သားမင်းအောင်လှိုင်မှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဆုံးဖြတ်ခဲ့မှုကို လူသားချင်းစာနာမှုလုပ်ရပ်အဖြစ် ဖော်ပြခဲ့သည်။ ထိုသူအများစုမှာ ထိန်းသိမ်းခံထားစဉ်အတွင်း နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ကြရသည်။
ယခုနှစ် မတ်လတွင် အလုပ်အဖွဲ့နှင့် ANNI တို့က GANHRI တွင် စစ်အုပ်စု၏လက်အောက်ခံ NHRI က အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်နေမှုနှင့်ပတ်သက်သော အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို GANHRI ဗျူရိုနှင့် နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (APF) တို့ကိုသာမက အမျိုးမျိုးသော ကုလသမဂ္ဂရုံးများနှင့် ဂျနီဗာမြို့ရှိ မစ်ရှင်များ သိရှိစေရန် သတင်းပါးခဲ့သည်။
ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “ဒါက ဖြစ်သင့်တာကြာလှပြီ ဆိုပေမယ့် GANHRI က မြန်မာစစ်အုပ်စုရဲ့ လူ့အခွင့်အရေးကော်မရှင်ကို အထူးသုံးသပ်ချက် စတင်လုပ်ဆောင်မယ် ဆိုတာကို ကျမတို့က ကြိုဆိုပါတယ်” ဟု ဆိုသည်။
“ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာ့အကြီးဆုံး လူ့အခွင့်အရေးကွန်ရက်ရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုတာဟာ အဓိပ္ပါယ်မရှိပါဘူး။ အထူးသုံးသပ်ချက်တစ်ရပ်စတင်ဖို့ ဆုံးဖြတ်လိုက်တာဟာ MNHRC ရဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်း မလိုက်နာမှုအပေါ် အားကောင်းတဲ့ တုံ့ပြန်ချက်တွေ လုပ်ဆောင်ရမယ် ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားတစ်ခုကို ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆက်ဆိုသည်။
“MNHRC က NHRI တို့ လိုက်နာရမယ့် နိုင်ငံတကာစံသတ်မှတ်ချက်တွေကို တောက်လျှောက်မပြည့်မှီနိုင်တဲ့အပြင် ဒီလူသတ်နေတဲ့ စစ်အုပ်စုကို ထောက်ခံအားပေးနေတာက သူတို့အနေနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေမှာ အလိုတူအလိုပါ ဖြစ်မှုက လုံလောက်တဲ့ အထောက်အထားတွေ ရှိနှင့်ပြီးသား ဖြစ်တယ်။ ဒီလိုအထူးသုံးသပ်ချက်က လူ့အခွင့်အရေးအဖွဲ့တွေနှင့် ကွန်ရက်တွေအားလုံမှာ MNHRC ရဲ့ပါဝင်မှုကို ဆိုင်းငံ့ထားဖို့ အပါအဝင် ထိရောက်တဲ့ လုပ်ဆောင်မှုမျိုးကို ဦးတည်သွားရမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
‘’GANHRI နှင့် APF တို့အပါအဝင် နိုင်ငံတကာအဖွဲ့တွေဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ခုခံတော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေ၊ စိုးရိမ်ပူပန်မှုတွေနှင့် အကြံပြုချက်တွေကို နားထောင်ရပါမယ်” ဟု ၎င်းက ဆက်ဆိုသည်။
ANNI ၏ အတွင်းရေးမှူးအဖွဲ့ဖြစ်သော လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာရှဖိုရမ် (FORUM-ASIA) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Mary Aileen D. Bacalso က “MNHRC ကို ရှေ့လာမယ့် သူတို့ရဲ့အစည်းအဝေးမှာ အထူးသုံးသပ်ချက် လုပ်ဆောင်မယ်ဆိုတဲ့ GANHRI-SCA ရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းတွေနဲ့ ကျမတို့ ANNI က ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကွန်ရက်တွေ၊ အဖွဲ့တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံပြီး သူတို့အနေနဲ့ မူအပေါ်ကို ရပ်တည်ပြီး MNHRC ရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ပယ်ဖျက်ဖို့အတွက် တစိုက်မတ်မတ် တိုက်တွန်းတောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
“အခု MNHRC အပေါ် ပြုလုပ်မယ့် အထူးသုံးသပ်ချက်က ပြန်လည်ကုစားရေး ကင်းမဲ့နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖာက်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုကို သေချာစေမှာြဖစ်သလို၊ ပါရီအခြေခံမူတွေကို အပြည့်အဝလေးစားလိုက်နာတဲ့ NHRI တစ်ခု ပေါ်ပေါက်ဖို့အတွက် လမ်းကြောင်း ဖောက်ပေးလိုက်တာလည်း ဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကိုလည်း ပံ့ပိုးပေးရာ ရောက်တယ်” ဟု ၎င်းက ဆက်ဆိုသည်။
အလုပ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မသဉ္ဖာရွှန်းလဲ့ရည်က “MNHRC ကို GANHRI က အထူးသုံးသပ်ချက် ပြုလုပ်လိုက်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ တရားမဝင် စစ်အုပ်စုအတွက် လူ့အခွင့်အရေးဌာနတွေကို အသုံးချပြီး အကာအကွယ်ယူလို့မရဘူး ဆိုတဲ့ ခိုင်မာတဲ့ သတင်းစကားကို ပေးလိုက်တာပဲ ဖြစ်ပါတယ်“ ဟု ဆိုသည်။
“အရပ်ဘက်လူထုအဖွဲ့အစည်းတွေက ပါရီအခြေခံမူတွေကို အပြည့်အဝလိုက်နာပြီး သီးခြားလွတ်လပ်တဲ့ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် (UHRC) တစ်ခု ဖွဲ့စည်းထူထောင်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထံ ဥပဒေမူကြမ်းတစ်ရပ်ကို အဆိုပြုတင်သွင်းခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ဆိုသည်။
“NUG အနေနဲ့ ဒီဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းနိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မှန်မှန်ကန်ကန် မြှင့်တင်ကာကွယ်ပေးမယ့် လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် အမြန်ဆုံးလုပ်ဆောင် ရမယ့်အချိန် ဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ANNI အကြောင်း
အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (ANNI) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာန (NHRI) များနှင့် ဆက်စပ်သည့်ကိစ္စများအရေးကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်၌ ANNI တွင် နိုင်ငံ သို့မဟုတ် နယ်မြေဒေသ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ခု ပါဝင်သည်။ ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ် မြှင့်တင်နိုင်ရန်အတွက် ထို NHRI များ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုခိုင်မာအားကောင်းလာစေရေးကို အလေးထားလုပ်ဆောင်နေကြသူများ ဖြစ်သကဲ့သို့ ထို NHRI များမှ ပါရီအခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHR-SCA ၏ အထွေထွေ လေ့လာဆန်းစစ်ချက် အပါအဝင် နိုင်ငံတကာစံနှုန်းများကို ပို၍ကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ ANNI ကွန်ရက်ကို ၎င်းတည်ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးထားသည်။
Website: http://l.forum-asia.org/ANNI
အလုပ်အဖွဲ့ အကြောင်း
လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (“အလုပ်အဖွဲ့”) က တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန အသစ်တစ်ခုဖြင့် အစားထိုးတည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခုပါသည်။ အလုပ်အဖွဲ့ကို ယခင်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ ဟုလည်းသိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိပါသည်။ အလုပ်အဖွဲ့သည် ၎င်း၏တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင်စစ်အုပ်စု၏ အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်များဖြစ်သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သော ကော်မရှင် ဖြစ်လာစေရန်အတွက် တစိုက်မတ်မတ် လုပ်ဆောင် လာခဲ့သည်။
Facebook: https://www.facebook.com/WGonNHRIBurma, Twitter: https://twitter.com/WG_MMNHRI
သတင်းထုတ်ပြန်ချက်ရယူရန် – မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.