၉၀၁ မှ တော်လှန်မိခင်များ

27 April 2023

၉၀၁ မှ တော်လှန်မိခင်များ

လက်နက်စက်ရုံများ တည်ရှိရာ မကွေးတိုင်း၏ PDF စခန်း တစ်ခုတွင် သားသည်မိခင်များက အရေးကြီးသည့် အခန်းကဏ္ဍအသီးသီးတွင် တာဝန်ယူထားကြသည်။

ပြီးခဲ့သည့် ဆောင်းကာလ နိုင်ငံအလယ်ပိုင်း မကွေးတိုင်း ကျေးလက်ဒေသ စစ်သင်တန်းတစ်ခုတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်နွေဦးကို တော်လှန်ရေးသမား အမျိုးသားငယ်များကြားတွင် တွေ့ရသည်။

တစ်လကျော်ကြာ ပင်ပင်ပန်းပန်း ကျော်ဖြတ်ရသည့် ထိုသင်တန်းတွင် သူလည်း အများနည်းတူ မနက်ပိုင်း ၅ နာရီထိုးတိုင်း အပြေးလေ့ကျင့်ခန်းလုပ်ရသည်၊ လက်နက်ငယ်များ ပစ်ခတ်နည်းလည်း လေ့လာရသည်၊ အိမ်မှ ထွက်လာကတည်းက တော်လှန်ရေးတာဝန်ယူရန် ဆုံးဖြတ်ထားသည်ဟု သူက ဆိုသည်။

“ထွက်လာပြီဟေ့ဆိုတည်းက ကိုယ်နိုင်တာ၊ ကိုယ်လုပ်တတ်တာမှန်သမျှ ကိုယ်လုပ်မယ်ဆိုပြီးတော့ တွေးပြီးသားပဲ။  ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်လို့ ထင်တယ်” ဟု ဒေါ်နွေဦးက ပြောသည်။

သူက ၁၉ နှစ်အရွယ် သားဖြစ်သူရှိနေရာ မြို့သစ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စခန်းသို့ ကားတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် တစ်ကိုယ်တော် ခရီးနှင်ခဲ့သူလည်း ဖြစ်သည်။ စခန်းတွင် သူ၏ တော်လှန်ရေးအမည်မှာ ဒေါ်နွေဦး ဖြစ်လာသည်။

ဤသို့ဖြင့် ၂၀၂၁ စစ်တပ် အကြမ်းဖက် အာဏာသိမ်းမှုကို လက်နက်ကိုင် ခုခံသူများကြားထဲတွင် ဒေါ်နွေဦးကဲ့သို့ သားသည်မိခင်တချို့လည်း ပါဝင်နေသည်ကို တွေ့ရသည်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် တပ်ရင်း ၉၀၁မှ တပ်ဖွဲ့ဝင်များ သင်္ကြန်ကာလ ဧပြီလအတွင်း စတုဒီသာကျွေးမွေးရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – People’s Defence Force Myothit Battalion – 901

ဘာအတွက် အသက်ရှင်နေတော့မှာလဲ

သားဖြစ်သူ၏ အမည်မှာ စက်ကလေးဖြစ်သည်။

တိုက်ခိုက်ရေးသင်တန်းမှာ ကြမ်းတမ်းပင်ပန်းသဖြင့် သူက သူ့မိခင်ကို မတက်စေချင်၊ သို့သော်လည်း  စိတ်ဓာတ်ပြင်းပြလွန်းသည့် မိခင်ဖြစ်သူကို တားမရချေ။

“သေနတ်ပစ်တတ်တယ်။ တခြားသူတွေနဲ့ တန်းတူလိုက်ပစ်နိုင်ပြီ။ ပထမဆုံးသင်တန်းကတော့ ပြီးသွားပြီ။ နောက်ထပ်သင်တန်းတွေတော့ မတက်ခိုင်းတော့ပါဘူး” ဟု သားဖြစ်သူ စက်ကလေးက ပြောသည်။

စက်ကလေး PDF နယ်မြေသို့ သွားစဉ်က အသက် ၁၈ နှစ်ပင် မပြည့်သေးပေ၊ သားကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည်မှာ သုံးနှစ်နီးပါးသာ ရှိသေးချိန်တွင် သားငယ်က ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များရာလမ်းကို ရွေးချယ်ထွက်ခွာသွားသည့်အခါ တုန်လှုပ်ရသည်။

နောက်ပိုင်းတွင် ဒေါ်နွေဦးလည်း ဈေးရောင်းသည့်အလုပ်ကို ပစ်ချလိုက်တော့သည်။

“သူတို့အသက်တွေ၊  ပျော်ရွှင်မှုတွေ စတေးပြီး လုပ်နိုင်သေးရင် အန်တီလည်း ဘာအတွက် အသက်ရှင်နေတော့မှာလဲ တွေးပြီးတော့ ဆုံးဖြတ်ပြီး ကိုယ့်သားလေးနဲ့ ကျောချင်းရင်ချင်း ကပ်ပြီး တိုက်ပွဲကို မနိုင်မချင်း ဆင်နွှဲမယ်ဆိုတဲ့စိတ်နဲ့ လိုက်လာခဲ့တာ” ဟု သူက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြို့သစ်မြို့နယ် PDF  အမှတ် (၉၀၁) တပ်ရင်းသည် မကွေးတိုင်းတွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေသည်။ မြို့သစ်သည် နေပြည်တော်-မကွေး ကားလမ်းပေါ်တွင် တည်ရှိသည်။ အနီးဝန်းကျင်တွင် နတ်မောက်၊ တောင်တွင်းကြီး စသည့် ထင်ရှားသည့်မြို့နယ်များ ဝန်းရံထားသည်။

ဒေါ်နွေဦး နှစ်ရက်ကြာ ခရီးနှင်အပြီး စခန်းသို့ရောက်ချိန် ရဲဘော်စက်ကလေးက အခြားမဟာမိတ်အဖွဲ့တစ်ခု၏ စစ်ရေးပြအခမ်းအနားကို တက်ရောက်နေသည်။

“စခန်းဆီကို ပြန်လာတဲ့အချိန် အမေ ရောက်နေတယ်ဆိုတဲ့ အသံလည်းကြားရော ကျွန်တော် တစ်ခါမှ မပြေးနိုင်တဲ့ စခန်းကုန်းပေါ်ကို ပြေးတက်ပြီးတော့ နေတဲ့အဆောင်ရှေ့မှာ အမေက မတ်တတ်ရပ်နေတာ။ နောက်မှာလည်း ရဲဘော်သူငယ်ချင်းတွေ အများကြီးရှိတယ်။ အများကြီးရှိနေတဲ့အချိန်မှာ ဘယ်လိုမှ မနေနိုင်တော့လို့ ပြေးဖက်ပြီး မျက်ရည်တောင် ကျမိတယ်” ဟု သူက ပြောသည်။

အသက် ၁၉ နှစ်ဝန်းကျင်အရွယ် ရဲဘော် စက်ကလေး ။ (ဓာတ်ပုံ-ပေးပို့)

လက်နက်ကိုင်တော်လှန်ရေးထဲ တွန်းပို့ခံရခြင်း

စစ်တပ် အာဏာမသိမ်းမီက စျေးသည် ဒေါ်နွေဦးတို့သားအမိ နိုင်ငံရေးလှုပ်ရှားမှုနှင့် မနီးစပ်ခဲ့ကြပေ။

မဲစာရင်း မှားယွင်းသည်ဟု အကြောင်းပြကာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ လက်မခံနိုင်ကြောင်းပြသသည့် ဆန္ဒပြပွဲများတွင် စက်ကလေးတို့သားအမိ တက်တက်ကြွကြွပါဝင်ခြင်းဖြင့် သူတို့၏ တော်လှန်ရေးခရီးလမ်း အစပြုခဲ့သည်။

တောရောမြို့ပါမကျန် ထောင်သောင်းချီသည့် လူထုဆန္ဒပြပွဲများကို စစ်တပ်က ပစ်ခတ်နှိမ်နင်းသည့်အခါ မြေလတ်ဒေသမှ စက်ကလေးတို့ နယ်မြို့လေးတွင်လည်း ဆန္ဒပြပွဲများ တဖြည်းဖြည်း ပါးလျသွားသည်။

နယ်မြို့ကျဉ်းလေးအတွင်း များပြားလှသည့် စစ်တပ်သတင်းပေးများကြားတွင် စက်ကလေးက တော်လှန်ရေးသတင်းစကားဖြန့်ဝေသည့် စာရွက်များ လိုက်ကပ်သည်။ ထို့ပြင် တော်လှန်ရေးအတွက် နိုင်ရာကဏ္ဍက ထောက်ပို့လုပ်သည်။

သို့သော်လည်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ မြေလှန်မီးရှို့ ဖျက်ဆီးမှုများ၊ ကလေးပါမချန် ပစ်ခတ်သတ်ဖြတ်နေသည့် စစ်တပ်၏ လုပ်ရပ်များက စက်ကလေးကို လက်နက်ကိုင်တော်လှန်ရေးထဲ တွန်းပို့လိုက်သည်။

မိခင်က သားဖြစ်သူကို စိုးရိမ်စိတ်ကြောင့် တောထဲ လိုက်လာမည်ဟု ဆိုသည့်အခါ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် လိုက်မလာစေလိုခဲ့ပေ။

သို့သော်လည်း အနေအစားဆင်းရဲသည့် တောတောင်ထဲ မိခင်ကို တွေ့ရသည့်အခါ အင်အားဖြစ်ရသည်။

စက်ကလေးအတွက်သာမက မိဘရင်ခွင်နှင့် ဝေးနေရသည့် စခန်းက ရဲဘော်အားလုံးအတွက် အိမ်လွမ်းဝေဒနာ ဖြေသာရာရခဲ့သည်။ ရဲဘော်အားလုံးကလည်း ဒေါ်နွေဦးကို “အမေ” ဟု တရိုတသေ ခေါ်ကြသည်။

ကလေးမိခင် ဆေးမှူး PDF 

PDF ၏ မြို့သစ်တပ်ရင်းအမှတ် ၉၀၁ တွင် ဆိုဖီယာဟု သူ့ကိုယ်သူ အမည်သစ်ပေးထားသည့် အမျိုးသမီးကလည်း ကလေးအမေဖြစ်သည်။

သို့သော်လည်း အသက် ၃၀ အရွယ် ဆေးမှူးဆိုဖီယာ၏ ကလေးက သူနှင့်အတူ ရှိမနေပေ။

ဒေါ်နွေဦး စခန်းကို ရောက်လာခြင်းက ဘုရားပေးသည့် လက်ဆောင်ဟု သူက မှတ်ယူထားသည်။

“တကယ့်ကို ဘုရားသိကြားမသလိုမျိုးပဲ။ အမေရောက်လာသလိုမျိုးပဲ ”ဟု ဆေးမှူးဆိုဖီယာက ဆိုသည်။

ဆိုဖီယာမှာ သူ၏ လူမမည်ကလေးနှစ်ယောက်ကို ဆွေမျိုးများထံ အပ်နှံခဲ့ပြီး တောတောင်ထဲ ရောက်နေသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သည်။

စိုက်ပျိုးရေးသိပ္ပံတွင် လက်ထောက်ကထိကဖြစ်သည့် ဆိုဖီယာက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းဖြင့် တော်လှန်ရေးတွင် စတင်ပါဝင်ခဲ့သည်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ပစ်ခတ်မှုကြောင့် ပထမဆုံး သွေးမြေကျခဲ့ရသည့် မြသွဲ့သွဲ့ခိုင် ကြွေလွင့်ခဲ့ရချိန်တွင်တော့ ဆန္ဒပြခြင်းဖြင့် လူထုလိုလားချက်များ မရနိုင်ကြောင်း သေချာသွားသည်ဟု သူက ဆိုသည်။

 လူမမည်သားသမီးနှစ်ဦး၏ မိခင် PDF ဆေးမှူး။ (ဓာတ်ပုံ-ပေးပို့)

သူ အိမ်မှ ထွက်သည်နှင့် ၉ နှစ်အရွယ် သားဖြစ်သူနှင့် တီတီတာတာ ပြောတတ်စ ၂ နှစ်အရွယ် သမီးငယ်တို့ လုံခြုံရေးအတွက် မိသားစုနှင့် အိမ်နီးချင်းများကို အဆက်အသွယ် ဖြတ်တောက်ထားသည်ဟု သူက ပြောသည်။

“သားလေးတွေ သမီးလေးတွေ လုံခြုံရေးကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ထိန်းချုပ်ရတာပေါ့။ အသံလေးကို မကြားရတာ နှစ်နှစ်ပြည့်တော့မယ်။ အငယ်မလေးဆိုရင် နှစ်နှစ်ကျော်လောက်ကတည်းက ထားခဲ့ရတာဆိုတော့ ငါတို့ပြန်လာရင်တောင် ငါ့သမီးလေးက မှတ်မိပါဦးမလား တွေးမိတယ်” ဟု ဆိုဖီယာက ငိုရှိုက်ရင်း ဖွင့်ဟသည်။

အာဏာသိမ်းပြီး နောက်တစ်လတွင် ဆိုဖီယာ၏ အစ်ကိုဖြစ်သူက လက်နက်ကိုင်ရန် အိမ်မှ ထွက်ခွာသွားသည်။ ထို့နောက် ၆ လအကြာတွင် သူတို့လင်မယားလည်း အစ်ကိုဖြစ်သူရှိရာ မြို့သစ်စခန်းသို့ လိုက်လာခဲ့သည်။

ဆိုဖီယာအစ်ကိုက မြို့သစ် အမှတ် (၉၀၁) တပ်ရင်းတွင် တပ်ရင်းမှူးအဖြစ် တာဝန်ယူထားသည်။

မိခင်ဖြစ်သူမှာ ၂၀၂၂ တွင် ကွယ်လွန်သွားသည်၊ ဖခင်ဖြစ်သူမှာလည်း  ၎င်းတို့မောင်နှစ်မနှစ်ဦးကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၂၂ နှစ်ကုန်တွင် ထောင် ၄ နှစ် ချခံထားရသည်။

အသက် ၇၅ နှစ်အရွယ် ဖခင်မှာ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

နိုင်ငံရေးရပ်တည်ချက်မတူညီသဖြင့် တော်လှန်ရေးကာလတွင် ဖခင်ဖြစ်သူနှင့် အဆက်အသွယ်မရှိသော်လည်း မနိုင်လျှင် နိုင်ရာမဲလေ့ရှိသည့် စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဖခင် ထောင်ချခံရခြင်းဖြစ်သည်ဟု ဆိုဖီယာက ဆိုသည်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် တပ်ရင်း (၉၀၁) မှ တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ – People’s Defence Force Myothit Battalion – 901

မကွေးတိုင်းမှ တော်လှန်မှုများ

တော်လှန်ရေးအားကောင်းသည့် မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်မြေထိစပ်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသသည်လည်း စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံလိုသည့်အဖွဲ့ အများအပြားပေါ်ပေါက်ခဲ့သည်။

၂၀၂၁ ဇူလိုင် ၂၄ တွင် မကွေးတိုင်းအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို မဟာမိတ်အဖြစ် စုစည်း၍ မကွေးတိုင်းဒေသကြီးတပ်မတော် (MDA) အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

မကွေး၊ မင်းဘူး (စကု)၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ချောက်၊ ဆင်ပေါင်ဝဲ ၊ မင်းလှ၊ စလင်း၊ ငဖဲ၊ ပွင့်ဖြူ၊ မြို့သစ်နှင့် စေတုတ္တရာမြို့နယ်များ ဖြစ်ကြသည်။

အလားတူ စစ်ကောင်စီ၏ လက်နက်ထုတ်စက်ရုံ (ကပစ) ၂၅ ခုအနက် ၁၅ ခုသည် မကွေးတိုင်းအတွင်း တည်ရှိသည်။  ခြေလျင်တပ်ဖွဲ့သုံး လက်နက်များ၊ ကျည်ဆန်များ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက်ကြီးများအထိ ထုတ်လုပ်နေသော ထိုစက်ရုံများသည် နိုင်ငံအနှံ့  ၂ နှစ် ကျော်ကြာ စစ်ဆင်နေရသော စစ်ကောင်စီအတွက် မရှိမဖြစ် အရေးပါသည်။

မကွေးတိုင်းသည် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပါဝင်နေသည်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ) အဖွဲ့ဝင်လည်းဖြစ်၊ ဒေသအခြေစိုက် Z Fighter-guerrilla force ၏ တာဝန်ရှိသူလည်းဖြစ်သော ကိုနေမင်းက စစ်ကောင်စီအခြေစိုက်တပ် အများအပြား အထိုင်ချထားသော မကွေးတိုင်းတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ခရိုင်တပ်ရင်းများလည်း စစ်ရေးလှုပ်ရှားနေသည်ဟု ဆိုသည်။

“မင်းဘူးခရိုင်ဆိုတော့ ကပစနယ်မြေတွေ ပါနေတာပေါ့။ ငဖဲတို့၊ ပွင့်ဖြူတို့၊ စလင်းတို့ဆိုလည်း အခံတပ်တွေရှိတယ်။ ဆော၊ လောင်းရှည်နဲ့ စေတုတ္တရာဘက်က ရွာ ၇ ရွာလောက်ထိ နယ်မြေ စိုးမိုးနိုင်တယ်။ တိုက်ပွဲဖော်ဆောင်တာကတော့ သူတို့ တိုးလာရင် ဖြစ်မှာပေါ့” ဟု သူက ဆိုသည်။

မတ် ၂၃ ရက်က စလင်းအနောက်ဘက်ပိုင်းသို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ရခိုင်ပြည်နယ်၊ အမ်းဘက်နှင့် ဆက်စပ်နေသော ရခိုင်ရိုးမတောင်ခြေ စေတုတ္တရာ၊ ဆော၊ လောင်းရှည်နေရာအနီးနားတစ်ဝိုက်တွင်လည်း အင်အား ၃၀၀ နီးပါးကို ဖြန့်ကြက်တပ်စွဲထားကြောင်း သိရသည်။

၂၀၂၂ ဩဂုတ်လက မကွေးတိုင်းအတွင်း တွေ့ရသော ခရိုင် PDF တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- မကွေးခရိုင် PDF တပ်ရင်း ၁)

အမေ အစားရသလို 

မိဘရင်ခွင် ခိုလှုံရင်း အေးအေးချမ်းချမ်း ပညာသင်ကာ ဝါသနာပါရာ လေ့လာလိုက်စားနေရမည့်အစား အာဏာရှင်တော်လှန်ရေးအတွက် တောတောင်ထဲ စုဝေးနေထိုင်နေသည့် လူငယ်များကို တွေ့ရသည့်အခါ ဒေါ်နွေဦးရင်ထဲ ဝမ်းသာဝမ်းနည်းဖြစ်ရသည်။

သူက စခန်း၏ အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် ‌စားဖိုဆောင်ကို စီမံသည်။ ဟင်းသီးဟင်းရွက်က အဓိကဟင်းလျာဖြစ်သည်။ လူထုထောက်ပံ့မှု ရရှိပါက ရံဖန်ရံခါ အသားဟင်း ချက်ပြုတ်နိုင်သည်၊ ဒေါ်နွေဦးက အသီးအရွက်ကိုပင် တတ်စွမ်းသမျှ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပြင်ဆင်ကျွေးမွေးသည်။ ထို့ပြင် ညဘက် ဘုရားဝတ်တက်ရေး ဦးဆောင်သည်။

လေးဘက်နာရောဂါနှင့် နှလုံးအားနည်းသည့်ရောဂါအခံကြောင့် သောက်နေကျဆေးဝါးများ တစ်ပါတည်း ယူလာခဲ့ရသည့်တိုင် လူငယ်များနှင့်အပြိုင် တက်ကြွနေသည့် ဒေါ်နွေဦးက  ကိုယ်တိုင် တိုက်ပွဲအတွေ့အကြုံ မရှိသေး။ သို့တိုင် သေနတ်သံများ၊ လက်နက်ကြီးသံများက မကြာခဏ ကြားနေရသည့်အလျှောက် နေ့နေ့ညည သတိကပ်နေရသည်ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးများကို နှစ်ပေါင်းများစွာ တိုက်ခိုက်လာသည့် စစ်ရေးအတွေ့အကြုံ ကြီးမားသည့်  မြန်မာစစ်တပ်ကို စတင် ခုခံတော်လှန်စဉ်က အမဲလိုက်ရာတွင် သုံးသော တူမီးသေနတ်များ၊ လက်လုပ်မိုင်းများ အသုံးပြုခဲ့ကြသည်။

နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် မောင်းပြန်သေနတ်၊ ဗုံးတပ်ဒရုန်းကဲ့သို့ တိုက်ခိုက်ရေးပစ္စည်းအချို့ အသုံးပြုလာနိုင်သည့်တိုင် လက်နက်ကွာဟချက် ကြီးမားနေဆဲဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် လက်လုပ်သေနတ်များကို အဓိကအားပြုနေရဆဲဖြစ်သည်။

နိုင်ငံအနှံ့ ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက မြို့နယ် ၃၃၀ အနက် ထက်ဝက်ကျော်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်ဟု စစ်ခေါင်းဆောင်က အာဏာသိမ်းမှု ၂ နှစ်ပြည့်ရန် ရက်ပိုင်းအလိုက ထုတ်ဖော်ပြောထားသည်။

ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ မြို့နယ် ၄၀ ကို ဖေဖော်ဝါရီ ၂ တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တိုက်ပွဲများလည်း ပိုစိပ်လာသည်။

စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးရာ ရွာများကို ခပ်စိပ်စိပ် မီးရှို့သည်။ ဓားစာခံ ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သည်။

ထိုသို့ လက်နက်ကိုင်တော်လှန်သူများသာမက ပြည်သူများပါမချန် အငြိုးတကြီးဖြင့် မီးကုန်ယမ်းကုန် ထင်တိုင်းကြဲနေသည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက တော်လှန်ရေးအဖွဲ့များ၏ ထက်သန်နေသည့် ခုခံလိုစိတ်ကို လျော့ပါးမသွားစေခဲ့ပေ။

မြို့သစ် PDF စခန်းရောက် ဒေါ်နွေဦးက သားနှင့်အတူ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ဆိုသည်။

“ကိုယ့်အသက်ကို လှူပြီးပြီဆိုတော့ ဘယ်လောက်ကြီးပဲ ကြမ်းနေပါစေ မတွေးတော့ဘူး။ ကြုံလာသမျှကို ရင်ဆိုင်ပြီးတော့ အနိုင်ရအောင် တိုက်ပွဲဝင်မှာ” ဟု ဒေါ်နွေဦးက ပြောလိုက်သည်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia