အင်နိုးဆင့် ( သို့မဟုတ် ) အပြစ်မဲ့ကလေးငယ်

19 April 2023

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

“အပြစ်ကင်းပြီး ဖြူစင်တဲ့ ကလေးဘဝကို ပြန်လိုချင်မိတယ်”

အထက်ပါ စကားကို မရေရွတ်ဖူးတဲ့သူကတော့ မရှိသလောက်ပါပဲ။ လူငယ်လို့ ဖြစ်လာတဲ့အခါ၊ အသက်အရွယ်တွေ ရလာတဲ့အခါ၊ စိတ်ဓာတ်ကျဆင်းစရာ ပြသနာတွေကို ရင်ဆိုင်ရတဲ့အခါ အများစုကတော့ ကလေးဘဝကို ပြန်တမ်းတကြတာပါပဲ။

အပြစ်မဲ့ပြီး ဖြူစင်လှတဲ့ ကလေးငယ်လေး “အင်နိုးဆင့်” ကတော့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်စခန်း တစ်နေရာမှာ လမစေ့ပဲ ၇ လ သားနဲ့ မွေးဖွားလာသူပါ။

အသက် ၃၃ ဝန်းကျင်ရှိတဲ့ စစ်ဘေးဒုက္ခသည်ဖြစ်သူ အင်နိုးဆင့် ရဲ့ မိခင် မော်ပိုးမြာ ( နာမည်လွှဲ ) ထိတ်လန့်မှုတွေကြောင့် လမစေ့ပဲ သမီးငယ်လေး အင်နိုးဆင့် ကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ မွေးဖွားလာခဲ့တာပါ။

မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ မော်ပိုးမြာတို့ နေထိုင်တဲ့ နေရာအနီး ရုတ်တရက်ရောက်ရှိလာပြီး လေယာဉ်ပေါ်ကနေ ဗုံးတွေကျဲချခဲ့ပါတယ်။

“ဝုန်းဒိုင်း” ဆိုပြီး ကြောက်မက်ဖွယ်ရာ ဗုံးတွေရဲ့ ပေါက်ကွဲသံတွေကြောင့် သွေးနုသားနုဖြစ်နေတဲ့ ကိုယ်ဝန်သည် မော်ပိုးမြာဟာ ထိတ်လန့်ကြောက်ရွံ့လွန်းတာကြောင့် နောက်တရက်မှာပဲ ရေမွှာပေါက်ပြီး လမစေ့ပဲ ကလေးမွေးဖွားခဲ့ရတာပါ။ ကံကောင်းစွာနဲ့ သမီးငယ်လေး အင်နိုးဆင့်ကတော့ လောကကြီးထဲ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

“ဆေးခန်း ဒီနေ့အပ်တယ်၊ နောက်တစ်ရက် လက်နက်ကြီး (လေယာဉ်ကပစ်ခတ်တဲ့အရာ) ကျတော့ ရေမွှာပေါက်သွားရော။ သူ့ယောင်္ကျားလည်း နောက်တစ်ပတ်နှစ်ပတ်မှ မွေးမယ်ဆိုပြီးတော့ ထင်းသွားခုတ်လိုက်တာ။ ဖုန်းဆက်လို့လည်း မရဘူး။ အဲ့ဒါနဲ့ ကလေးက နာရီဝက်၊ တစ်နာရီလောက်ပဲ ညစ်ရပြီးတော့ ကလေးက မွေးရော သူ့ကလေးက မိန်းကလေးချောချောလေး” လို့ အင်နိုးဆင့်လေးနဲ့ မွေးမိခင်ကို ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပြလာတာပဲ ဖြစ်ပါတယ်။

အင်နိုးဆင့်လေးကို မိခင်နို့ တိုက်ကျွေးနေတဲ့ မွေးမိခင် မော်ပိုးမြာ ( နာမည်လွှဲ)

သမီးငယ်လေး အင်နိုးဆင့်ကို မမွေးခင်နေ့မှာ ကျဲချခဲ့တဲ့ ဗုံးကြောင့် အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့မှာ တိုက်ပွဲဖြစ်တာတွေမရှိပဲ စစ်ကောင်စီက လေးကြောင်းအသုံးပြုပြီး အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။

အန္တာရာယ်အမျိုးမျိုးကြားကနေ လောကကြီးထဲကို ရောက်ရှိလာတဲ့ အပြစ်မဲ့ကလေးငယ်လေးမို့ အင်နိုးဆင့် ( Innocent ) လို့ နာမည်ပေးခြင်းဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးက ဆိုပါတယ်။

အင်နိုးဆင့်ရဲ့ မိခင်ဖြစ်သူ မော်ပိုးမြာ ( နာမည်လွှဲ ) ဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာလေးတစ်ရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး သမီးလေး အင်နိုးဆင့်ကို ကိုယ်ဝန်လွယ်ထားရတဲ့ မော်ပိုးမြာ တို့ သားအမိအပါအဝင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို တိမ်းရှောင်နေရသူများ၊ ဒေသခံများအပါအဝင် သုံးသောင်းကျော်သော လူထုတွေဟာ ဘေးလွတ်ရာကို ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

လမစေ့ပဲ မွေးဖွားလာတဲ့ အင်နိုးဆင့်လေးကတော့ ကျန်းမာရေးကောင်းမွန်နေပေမဲ့ သွေးနုသားနု ဖြစ်နေသေးတဲ့ မွေးမိခင် မော်ပိုးမြာကတော့ လက်နက်ကြီးပေါက်ကွဲသံတွေကြောင့် ထိတ်လန့်နေဆဲဖြစ်ပါတယ်။ အဆိုပါထိတ်လန့်မှု နောက်ဆက်တွဲအနေနဲ့ နို့ရည်မထွက်နိုင်တဲ့အတွက် အင်နိုးဆင့်လေးကို မိခင်နို့ တိုက်ကျွေးနိုင်ဖို့ အခက်အခဲရှိနေတာပါ။

အရပ်သားတွေကို ပစ်မှတ်ထားတတ်တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေထဲမှာ
လေကြောင်းတိုက်ခိုက်မှုဟာ လူထုတွေအတွက် ခြောက်ခြားစရာ အန္တာရာယ်တွေထဲက တစ်ခု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဟာ ရုတ်တရက်ဆန်ပြီး ကြိုတင်မသိရှိထားနိုင်တာကြောင့် ဒေသခံပြည်သူတွေကတော့ အစဉ်အမြဲစိုးရိမ်ထိတ်လန့် နေကြရပါတယ်။ နေ့စဉ်စိုးရိမ်ထိတ်လန့်နေကြရတဲ့အတွက် စစ်ဘေးဒုက္ခသည်လူထုတွေဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြောက်ရွံမှုတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတာပဲ ဖြစ်ပါတယ်။

“ကလေးတွေလည်း စိတ်ဒဏ်ရာတော်တော်ရကုန်တယ်။ သူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်တော့ အခုခါကျတော့ ကလေးခါကျတော့ တစ်ယောက်မှ မလျှောက်လည်ရဲကြတော့ဘူးလေ။ လျှောက်လည်ရင်တောင်မှ သုံး-လေး အိမ် အဲ့လိုမျိုးပေါ့နော။ ငါး-ခြောက်အိမ် အဲ့လိုမျိုး မကျော်ရဲကြတော့ဘူးလေ။ ခနနေ လာကြဲလို့ရှိရင် ဘယ်လိုလုပ်မလဲပေါ့။ အချက်ပြပြီး လာကြဲတာမှ မဟုတ်ပဲ။ ဗြုန်းဒိုင်းရောက်လာပြီး ကြဲခါကျတော့ အဝေးကြီး မလျှောက်လည်ရဲကြတော့ဘူး။” လို့ အင်နိုးဆင့်နဲ့အတူ စစ်ဘေးဒုက္ခသည် တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးက သူမ မြင်တွေ့နေရတာတွေနဲ့ ပတ်သက်ပြီး ပြောပြလာတာ ဖြစ်ပါတယ်။

မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှု (၆၆) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲတွေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲတွေအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ မတ်လ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မတ်လအတွင်းမှာတော့ ကရင်နီပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ရတယ်လို့ KNDF ရဲ့ ဧပြီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၁၂ ရက်နေ့ လက်လှမ်းမီသမျှ စာရင်းအရ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၃၁၄၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အင်နိုးဆင့်တို့ သားအမိလိုပဲ ထိတ်လန့်ဖွယ်ရာ အန္တာရာယ်အမျိုးမျိုကို ရင်ဆိုင်နေရတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ အသက် ၆၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ မော်ကိုမြာ ( နာမည်လွှဲ ) ကလည်း လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်ပါတယ်။ အသက်ဘေးထိခိုက်လာမှာကို ကြောက်ရွံ့နေပေမယ့် ပြန်လည်လုပ်ဆောင်နိုင်စွမ်း မရှိတာကြောင့် အသက်ကို ဖက်နဲ့ထုပ်ကာ ကံကိုသာ ပုံရင်း စစ်ရှောင်ရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာပါ။

“သေကံပါရင်သေမယ်။ ရှင်ကံရှိရင် ရှင်မယ်လေနော။ ဒီလိုပဲ လျှောက်သွားနေနေရတာပဲ။ ဘုရားက ကျမတို့ကို ကြည့်မှာပါ၊ ကွယ်ကာမှာပါ လို့ပဲ အမြဲတွေးတယ်လေ။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကို သနားကြတာပဲ။ သူတို့ကို (စစ်ကောင်စီ) ဘာမှ ပြန်မလုပ်နိုင်ဘူးလေ။ ပျံနေတဲ့ဟာတွေနဲ့ပဲ သူတို့နိုင်တာလေ။ သေရင်လည်း အကုန်သေပေါ့။ ရှင်ရင်လည်း အကုန်ရှင်ကြမယ်ပေါ့။” လို့ မော်ကိုမြာက သူမ ကြောက်ရွံ့စွာ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ထိခိုက်နစ်နာမှု များပြားလာတဲ့အခါ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာဒေသတွေ၊ ဒါမှမဟုတ် စစ်ဘေးဒုက္ခသည်စခန်းလိုမျိုး အရပ်သားပြည်သူတွေ ရှိရာကို ပစ်မှတ်ထားပြီး လေကြောင်းအသုံးပြုပြီးသော်လည်းကောင်း၊ လက်နက်ကြီးတွေကို အသုံးပြုပြီး သော်လည်းကောင်း ပစ်မှတ်ထား တိုက်ခိုက်နေတာတာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် လမစေ့ပဲ မွေးဖွားလာခဲ့ရသူ အင်နိုးဆင့်

ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျုးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ကိုလည်း အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားတာ ရှိပါတယ်။

ဒီလိုလက်နက်အားကိုးနဲ့ ပြည်သူတွေကို သတ်ဖြတ်၊ ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေး မအောင်မြင်သေးသ၍ လက်နက်မဲ့ အရပ်သားပြည်သူအပေါ်မှာ အခုလို အနိုင်ကျင့်မှုတွေကို ကျူးလွန်နေအုံးမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေအပြင် မြန်မာပြည်အနှံ့က စစ်ဘေးကို တိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူတွေဟာ အင်နိုးဆင့်နဲ့ မွေးမိခင်တို့လိုပဲ စစ်ပွဲ ရှိနေသ၍ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် နေ့စဉ်နဲ့အမျှ ထိတ်လန့်စွာနဲ့ ဘဝကို ဆက်လက်ဖြတ်သန်းနေရဦးမှာပါပဲ။

မတ်လအတွင်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသော ပုံ


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia