စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေစဉ်မှာပင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးကိုလည်း ပူးတွဲလုပ်ဆောင်ရမည်ဟု တော်လှန်ရေးသမားတချို့က ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ် အာဏာသိမ်းပြီး ၅ ရက်အကြာတွင် ရန်ကုန်ဆင်ခြေဖုံး အထည်ချုပ်စက်ရုံများမှ အမျိုးသမီးများကို လမ်းပေါ်ထွက် ဆန္ဒပြရန် စည်းရုံးသူတစ်ဦးမှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ မမိုးစန္ဒာမြင့် ဖြစ်သည်။
ထူးခြားသည့် ထိုအခြေအနေတွင် လမ်းပေါ်ထွက်ရခြင်းမှာ ယခင် အလုပ်သမားအခွင့်အရေး တောင်းဆိုသည့် လှုပ်ရှားမှုများနှင့် မတူကြောင်း သူက ပြောသည်။
“လက်နက်ကိုင်စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ၊ သပိတ်မှောက်တဲ့ ကိစ္စမှာတော့ အိမ်ပြန်ဖို့ လမ်းကြောင်းကို ကျွန်မတို့ အပြည့်အဝ အာမမခံဘူး။ ဒါကြောင့် ကိုယ့်ရဲ့ မိဘတွေကိုလည်း ပြောခဲ့ဖို့ မှာခဲ့ဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး ဒီသပိတ်မှာ ပါဝင်ဖို့ဆိုတဲ့ စည်းရုံးရေးနည်းနာတစ်ခုကို ချမှတ်ခဲ့ရတယ်” ဟု မမိုးစန္ဒာမြင့်က ပြောပြသည်။
အထည်ချုပ်အလုပ်သမများ ဦးဆောင်သည့် ထိုလှုပ်ရှားမှုမှာ စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း သိန်းသန်းချီသည့် ပြည်သူများကို လမ်းမပေါ်သို့ ပေါ်ထွက်လာစေသော၊ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု ခေါ် နွေဦးတော်လှန်ရေး၏ ကနဦး အရေးအပါဆုံးသော ဆန္ဒပြပွဲတစ်ခု ဖြစ်လာသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးခံရသောအခါ ထိုအလုပ်သမများထဲမှ အများအပြားသည် လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ကူးပြောင်းသွားကြသည်။
၎င်းတို့သည် စစ်ကောင်စီ၏ လက်နက်ကိုင်တို့ကို ခုခံတိုက်ခိုက်နေရုံသာမက လူမှုနယ်ပယ်၊ တော်လှန်ရေးနယ်ပယ်အတွင်း အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု လျော့နည်း၊ ချုပ်ငြိမ်းသွားစေရန်လည်း တိုက်ပွဲဝင်နေခြင်းဖြစ်သည်ဟူသော အချက်ကို အများက သတိမထားမိကြသေးပေ။
ထဘီတန်းခံစစ်
ကနဦးဆန္ဒပြမှုများကို စစ်ကောင်စီတပ်က အကြမ်းဖက်တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ရက်များမကြာမီ ဖမ်းဆီးခြင်း၊ ရိုက်နှက်လူစုခွဲခြင်းတို့ကို ရင်ဆိုင်လာရချိန်တွင် စုဝေး၊ ချီတက် ဆန္ဒပြသူတို့က ရှေ့မတိုးနိုင်ဘဲ နောက်ဆုတ်ပေးနေရသည်။
၂၀၂၁ မတ် ၄ နံနက်ပိုင်းက ဖြစ်သည်။ ရန်ကုန် စမ်းချောင်း ကျွန်းတောလမ်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စခန်းတစ်ခုတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်များက ထဘီနှင့် အတွင်းခံဘောင်းဘီများကို ရပ်ကွက်နေ ပြည်သူများထံမှ အလှုခံနေကြသည်။
သပိတ်စစ်ကြောင်းရှိရာ ကျွန်းတောလမ်းထိပ်တွင် ထဘီတန်းများ ပြုလုပ်ပြီး ဆန္ဒပြသူများကို စစ်တပ်အကြမ်းဖက်ခြင်းမှ ဟန့်တားနိုင်ရန် လူငယ်များက ရည်ရွယ်သည်။
ဖိုဝါဒကြီးစိုးပြီး ဘုန်းကံ ဟူသည့် ရှေးရိုးစွဲအစဉ်အလာကို ယုံကြည်သူ စစ်သားများကို ထိုနည်းလမ်းဖြင့် ဟန့်တားနိုင်မည်ဟု လူငယ်များက ယုံကြည်ခဲ့ကြသည်။
ထဘီတန်းခံစစ်ဟု အမည်ပေးထားသော ထိုလှုပ်ရှားမှုတွင် အသက် ၂၅ အရွယ် မဘူးသီးလည်း ပါဝင်ခဲ့သည်။
အမျိုးသမီးအသုံးဆောင် အဝတ်အစားများအောက် ဝင်ပါက ဘုန်းနိမ့်သည့် အယူအဆမှာ ထဘီတန်းခံစစ် ပေါ်ပေါက်ခဲ့ပြီးနောက် အတော်အသင့် ပျောက်ကွယ်သွားခဲ့သည်ဟု မဘူးသီးက ပြောသည်။
“ဘာသာရေးမှိုင်းတွေ၊ အယူအဆမှိုင်းတွေ ဖြစ်နေတယ်ဆိုတာကို အကုန်လုံးကို ရှင်းပြတော့ တော်တော်များများကလည်း နားလည်တယ်။ လူငယ်တွေကလည်း နားလည်လာကြတယ်။ အရမ်းရှေးရိုးစွဲတဲ့ လူကြီးတွေကတော့ ရှိနေပေမဲ့ အခုဆိုရင် သိသာပါတယ်” ဟု ၎င်းက ပြောသည်။
ဖိုဝါဒကြီးစိုးသည့် မြန်မာပြည်လူ့အဖွဲ့အစည်းတွင် မဘူးသီးကဲ့သို့ စစ်တပ်ကို တော်လှန်လိုသူများအတွက် မိသားစု၏ ပစ်ပယ်မှုကို ခံရသည်မှာ အစဉ်အလာတစ်ခုပင်ဖြစ်သည်။
နံနက်လင်းသည်နှင့် ဆန္ဒပြပွဲသို့ ရောက်နေသည့် မဘူးသီးကို သူ့မိသားစုက အဆက်အသွယ်ဖြတ်လိုက်ရာ သပိတ်စခန်းများနှင့် မြေအောက်လှုပ်ရှားသူများ နေထိုင်ရာနေရာများမှာ သူ့နေအိမ် ဖြစ်လာခဲ့သည်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ဘဏ္ဍာရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေချိန်တွင် သူနေထိုင်ရာ နေအိမ်သို့ စစ်တပ်က လာရောက်ဖမ်းဆီးရာမှ ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိရာ ဒေသသို့ ထွက်ခွာခဲ့ရသည်။
ထို့နောက် စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေသည့် Black Bear Federal Force ၏ ဘဏ္ဍာရေးမှုးတာဝန်ယူခဲ့ပြီး ဘဏ္ဍာငွေရှာဖွေသည့် လုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည်။
ထိုသို့ လုပ်ကိုင်ရာတွင် ဖိုဝါဒကြီးစိုးသည့် စစ်တပ်အကောင့်တုများ၏ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်စော်ကားမှုများ၊ ငွေကြေးနှင့် ပတ်သက်သည့် စွပ်စွဲမှု၊ ကိုယ်ရေးကိုယ်တာကိစ္စ သတင်းမှားထုတ်လွှင့်ခြင်းတို့ကို ရင်ဆိုင်ခဲ့ရသည်ဟု မဘူးသီးက ပြောသည်။
“မဟုတ်မမှန်သတင်းတွေ လွှင့်ပြီးတော့ ပြောတာမျိုးတွေ ရှိတယ်။ မိန်းကလေးတစ်ယောက်နဲ့ မတန်အောင် ပြောခံရတာတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
“မိန်းကလေး ယောက်ျားလေး ခွဲခြားဆက်ဆံတာ ရှိတဲ့နေရာတွေ ရှိတယ်။ မိန်းကလေးဆိုရင် စစ်မတိုက်ရဘူးတို့၊ ထောက်ပို့ပဲ လုပ်ရမယ်တို့ ထောက်ပို့လုပ်ပြန်ရင်လည်း ဝိုင်းပြီးတော့ ပြောဆိုနေတာတွေ Gender ခွဲခြားမှုတွေ မလုပ်ကြတော့ဖို့ပေါ့”
ဖိုဝါဒကြီးစိုးသည့် စစ်တပ်အကောင့်တုများ၏ တိုက်ခိုက်မှုကိုသာမက ထောက်ပို့လုပ်ကိုင်နေသူ တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း၏ ပြောဆိုမှုကိုလည်း ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
မြေပြင်သပိတ်မှသည် လက်နက်ကိုင်တိုက်ပွဲအထိ
ရန်ကုန်၊ လှိုင်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၆ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အထည်ချုပ်အလုပ်သမများကို ဦးဆောင်လာသူများထဲတွင် မမေလေးလည်း ပါဝင်သည်။
ထိုနေ့မှ စတင်ကာ စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ယူနိုင်း (မြန်မာ) အလုပ်သမားသမဂ္ဂခေါင်းဆောင် မမေလေး ဆက်တိုက် ပါဝင်လာခဲ့ရာ စက်ရုံပိုင်ရှင်နှင့် စစ်တပ် ပူးပေါင်းပြီး ဆန္ဒပြအလုပ်သမားများကို ဖမ်းဆီးရန် ကြိုးပမ်းလာသဖြင့် ထိုနှစ် ဧပြီတွင် မြန်မာပြည်တောင်ပိုင်း လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခဲ့ရသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကျားသစ်နက်စစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် စစ်သင်တန်းတက်ရောက်ခဲ့သည်။
တောထဲတွင် ပင်ပန်းဆင်းရဲသော်လည်း အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး စစ်သင်တန်းများကို ကြိုးစား ဖြတ်ကျော်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“လက်နက်ကိုင်လမ်းစဉ်ကို ငါရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို မရရအောင် ကြိုးစားပြီးတော့ လုပ်ကိုင်ရမယ်။ ဒါတွေကို ကြိုးစားပြီး လုပ်ကိုင်မှသာ ငါတော်လှန်ချင်တဲ့ စစ်ကောင်စီကို တော်လှန်နိုင်မယ်ပေါ့။ အဲဒီလို စိတ်တွေနဲ့ပဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြိုးစားယူရတာပေါ့” ဟု ၎င်းက ပြောသည်။
သို့သော်လည်း စစ်သင်တန်းပြီးသည့်အခါတွင်တော့ စစ်တိုက်လိုသည့် မမေလေးကို အမျိုးသမီးဟူသည့် အကြောင်းပြချက်ဖြင့် ရုံးပိုင်းတွင်သာ တာဝန်ပေးခြင်းခံရသည်။
ထိုအချက်မှာ အမျိုးသမီးရဲဘော်များကို ခွဲခြားဆက်ဆံခြင်းဟု ခံစားရပြီး ရှေ့တန်းထွက်ခွင့်ရရန် မကြာခဏ တောင်းဆိုခဲ့ရာ ရုံးအဖွဲ့ဝင် မိန်းကလေးများကို အလှည့်ကျစနစ်ဖြင့် ရှေ့တန်းထွက်ခွင့်ပြုနေပြီဟု မမေလေးက ရှင်းပြသည်။
“မိန်းကလေးလဲ ရဲဘော်ပဲ လူတစ်ယောက်ပဲ၊ ယောက်ျားလေးလဲ ရဲဘော်ပဲ လူတစ်ယောက်ပဲ။ ဒီလို ခွဲခြားဆက်ဆံမှုတွေ မရှိစေချင်တော့ဘူး။ ကျွန်မတို့ ဒီမိန်းကလေးတွေ အနေနဲ့ကလည်း ငါက မိန်းကလေးပဲ၊ အားနွဲ့သူပဲ ယောက်ျားလေးတွေ လုပ်တာကို မလုပ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးမျိုး မတွေးဘဲနဲ့ သူတို့နဲ့ တန်းတူ ကြိုးစားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြေမြှုပ်သင်္ဂြိုဟ်ရမည့် ခွဲခြားဆက်ဆံမှု
စစ်အာဏာရှင်ကို အမျိုးသမီးများ လက်နက်ကိုင်တိုက်ခဲ့သည်မှာ ယခုမှ မဟုတ်ပေ။
လွန်ခဲ့သည့် ၃၅ နှစ်ကျော်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ခုခံတော်လှန်သည့် ကျောင်းသားတပ်မတော် (ABSDF) ၂၀၄ တပ်ရင်းတွင် အမျိုးသမီးတပ်ခွဲတစ်ခု ရှိခဲ့သည်။
ထိုတပ်ခွဲမှ အမျိုးသမီးအများအပြား နိုင်ငံအသီးသီးတွင် ရောက်ရှိ နေထိုင်နေကြပြီဖြစ်ပြီး တချို့က နွေဦးတော်လှန်ရေးအတွက် အချိန်ပေးလုပ်ကိုင်သူများ ဖြစ်လာသည်။
အမျိုးသမီးတပ်ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၅၀ ကျော်အရွယ် ဒေါ်နွယ်နီထွန်းသည် ရှစ်လေးလုံးအရေးတော်ပုံကာလက မွန်ပြည်နယ် မုတ္တမမြို့တွင် နဝမတန်း တက်ရောက်နေသူဖြစ်သည်။ ထိုစဉ်က အာဏာသိမ်းတပ်၏ ရန်ကြောင့် လွတ်မြောက်နယ်မြေသို့ သူ တိမ်းရှောင်ခဲ့ရသည်။
ယခုအခါ ဩစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့တွင် နေထိုင်ပြီး နွေဦး တီတီ၊ မမများအဖွဲ့ကို ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေးအတွက် ဘဏ္ဍာငွေ ရှာဖွေနေသည့် ဒေါ်နွယ်နီထွန်းက မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် အမျိုးသမီးများအပေါ် ခွဲခြားသည့် အစဉ်အလာမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် ဘာသာရေးယုံကြည်မှု ပြင်းထန်သူများတွင် တွေ့မြင်နေရဆဲဖြစ်ပြီး ထိုအစဉ်အလာကို စစ်အာဏာရှင်စနစ်နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ရမည်ဟု ပြောသည်။
“အဓိကကတော့ ကျွန်မတို့တွေ ပိုပြီးတော့ ပွင့်လင်းဖို့ လိုတယ်။ ပညာတွေ ပိုပြီးတော့ တတ်ဖို့ လိုတယ်။ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီးတော့ ရှိနေဖို့ လိုတယ်။ အမျိုးသမီးတွေ ပိုပြီးတော့ ယုံကြည်ချက်၊ ခံယူချက်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ ပိုပြီးတော့ မွေးမြူဖို့ လိုတယ်” ဟု ဒေါ်နွယ်နီထွန်းက ပြောသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် António Guterres ၏ မတ်လ ၆ ရက်နေ့ မိန့်ခွန်းတစ်ခုတွင် ကျား-မ တန်းတူညီမျှမှု မရှိသည့် အခြေအနေမှာ ပိုမို ဆိုးရွားလာနေသည်၊ တန်းတူညီမျှမှု ရရှိရန် နှစ်ပေါင်း ၃၀၀ အချိန်ထပ်ယူရဖွယ်ရှိသည်ဟု သတိပေးထားသည်။
ရာစုနှစ်ပေါင်းများစွာ အမျိုးသားကြီးစိုးမှု၊ ခွဲခြားဆက်ဆံမှု၊ ပုံသေကားကျ သတ်မှတ်မှုတို့ကြောင့် သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အမျိုးသမီးများ နေရာမရ ဖြစ်ကြသည်၊ ထိုနယ်ပယ်၏ နိုဗဲလ်ဆုရှင်များထဲတွင် အမျိုးသမီး ၃ ရာခိုင်နှုန်းသာ ပါဝင်သည်ဟု အထွေထွေအတွင်းရေးမှူးချုပ်က ထောက်ပြသည်။
ဖိုဝါဒကြီးစိုးသည့် မြန်မာ့လူ့အဖွဲအစည်းအတွက် အမျိုးသမီးအခွင့်အရေး တန်းတူရရှိရန် နွေဦးတော်လှန်ရေးအလွန်ကာလများအထိ တောင်းဆို တိုက်ပွဲဝင်ရန် လိုအပ်နေဦးမည်ဖြစ်သည်။
အသက်အရွယ်နှင့် ဖြတ်သန်းခဲ့သည့် ခေတ်ကာလများ ကွာခြားကြသော်လည်း အမျိုးသမီးအများအပြားက ၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေပုံကို ပိုမို ထောက်ပြလာကြသည်။
အာဏာသိမ်းတပ်ကို ခုခံတိုက်ခိုက်ရာတွင် အမျိုးသမီးအမြောက်အမြား တာဝန်ထမ်းဆောင်နေကြပြီး ၎င်းတို့ထဲတွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ CDM ဝန်ထမ်း စသဖြင့် မတူညီသည့် လုပ်ငန်းခွင်ပေါင်းစုံမှ ပါဝင်လာကြသည်။
အမျိုးသမီး အထည်ချုပ်အလုပ်သမားခေါင်းဆောင်များထဲတွင်လည်း လက်နက်ကိုင်တော်လှန်ရေးလုပ်ကိုင်နေသူ ရာဂဏန်းရှိနေသည်ဟု စစ်တပ် အာဏာသိမ်းစအချိန်က စက်ရုံထဲမှ အလုပ်သမများကို လမ်းပေါ်ထွက် ဆန့်ကျင်ရန် ဆွဲခေါ်လာသည့် မမိုးန္ဒာမြင့်က ပြောသည်။
အမျိုးသမီးအခွင့်အရေး တန်းတူရရှိရေးအတွက် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ရန် လိုအပ်သည်ဟု ပြောသည်။
“အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံခံနေရမှုတွေကို အမြစ်ဖြတ်ဖို့အတွက် ယခင်စနစ်ဆိုးကြီးကို ကျွန်မတို့တွေ တိတိကျကျ ကိုင်တွယ်ပြီးတော့မှပဲ စနစ်သစ်ကို ပြောင်းလဲမယ်။ ယခင်တုန်းက လုပ်ခဲ့တဲ့ အပေါ်ယံတွေ မဟုတ်ဘဲ နက်နက်နဲနဲ၊ ခက်ခက်ခဲခဲနဲ့ အားစိုက်ပြီး လုပ်ဖို့ လိုပါတယ်” ဟု မမိုးန္ဒာမြင့်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
View the original