အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

15 March 2023

အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေငြာချက်အမှတ်(၄/၂၀၂၃)
၁၃၈၄ ခုနှစ်၊ တပေါင်း လဆုတ် ၁၀ ရက်
(၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်


အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

 

၁။ အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုမျိုးစုံကို ရည်ရွယ်ချက်ရှိရှိနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိရာ အထူးဆိုးရွားရက်စက်လှသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း အပါအဝင်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းတင် ခဲ့ရာတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ကျုးလွန်လာခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပိုမိုဆိုးဝါးစွာ ကျူးလွန်လာကြောင်း တွေ့ရှိရသည်။

၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းရန်ကြိုးပမ်းမှု စတင်ကတည်းက ပြည်သူများအပေါ်   အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း လူငါးဦးနှင့်အထက် သတ်ဖြတ်မှုကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်တွင် စစ်ကိုင်းကိုင်း ကနီမြို့နယ် ယင်းရွာတွင် အပြစ်မဲ့အရပ်သား (၃၄)ဦး ကို ရက်စက်စွာ သတ်ဖြတ်မှုဖြင့် စတင်ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြနေသည်။  ထို ၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူများ ငါးဦးနှင့်အထက်သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့ကြောင်း အထောက်အထားများ စုဆောင်းနိုင်ခဲ့သည်။  အရပ်သားပြည်သူ ငါးဦးနှင့်အထက် သတ်ဖြတ်မှုပေါင်း (၆၄) မှုတွင် ပြည်သူစုစုပေါင်း (၇၆၆) ဦး သတ်ဖြတ်ခံခဲ့ရသည်။ ထိုသတ်ဖြတ်ခံရသော ပြည်သူများအနက် အမျိုးသား (၄၈၂) ဦး၊ အမျိုးသမီး (၇၈) ဦး တို့ ပါဝင်ကြောင်းခွဲခြားနိုင်ခဲ့ပြီး ကျန်သူ (၂၀၆) ဦးတို့ကိုအလောင်းများမှာ ကျားမစစ်ဆေးရန်ပင် မလွယ်တော့သည့် အလောင်းများဖြစ်ခဲ့သည်။  ကျားမခွဲခြားနိုင်သော အလောင်းအရေအတွက် (၅၅၉) ဦးတွင် အသက် (၆၀) အထက် သက်ကြီးရွယ်အို (၄၂) ဦးနှင့် အသက် (၁၈) နှစ်အောက် ကလေးသူငယ် (၆၂) ဦးတို့ ပါဝင်နေကြောင်း တွေ့ရသည်။

၃။ အဆိုပါ ဖြစ်စဉ်များအနက် (၂၃-၁၀-၂၀၂၂) ရက်က  (ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာ) တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်စဉ် အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ပြည်သူ (၈၀) ဦးခန့် အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သတ်ဖြတ်မှုအများဆုံးဒေသသည် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့အတွင်း စစ်ကိုင်းတိုင်း‌ဒေသကြီးဖြစ်ပြီး ငါးဦးနှင့်အထက် သတ်ဖြတ်မှု (၄၆) ကြိမ်ဖြစ်ပွားပြီး ပြည်သူ (၄၄၉) ဦးသတ်ဖြတ်ခံခဲ့ရသည်။

၄။ ဆိုးရွားပြင်းထန်သည့်၊ လူမဆန်သည့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများသည် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်မှုများဖြစ်သဖြင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် နည်းလမ်း မျိုးစုံဖြင့် တားဆီးနိုင်ရေး၊ ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

၅။ နိုင်ငံတကာနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားပြင်းထန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ရပ်တန့်ရန်နှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရန်အတွက် အလျင်အမြန်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ ထို့အတူ အကြမ်းဖက်စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခြင်းခံရသော ဒေသများတွင် ကျေးရွာအလိုက် မီးရှို့ဖျက်ဆီးမှုများ၊ လေကြောင်းမှ တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ စသည့် ကျူးလွန်ခြင်းများကိုလည်း ခံစားကြရသဖြင့် ထိခိုက်သော ပြည်သူများအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလျင်အမြန် ဖြန့်ဝေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ


Download full statement in English | Burmese

View the original

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia