အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန်ပြင်ဆင်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန်ပြင်ဆင်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ်(၅/၂၀၂၃)
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်
အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန်ပြင်ဆင်နေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
၁။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က နိုင်ငံတော်၏ အာဏာကို မတရားလုယူရန်ကြိုးစားခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုကို အကြမ်းဖက်အုပ်စု အဖြစ် ၂၀၂၁ ခုနှစ် မတ် လ ၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် ပြည်သူ့အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရကလည်း ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီနှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထပ်ဆင့်သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။
၂။ မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်သည် နွေဦးတော်လှန်ရေးကာလ (၂) နှစ်ကျော်ကာလအတွင်း ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများအပါအဝင် ပြည်သူလူထု (၃၁၂၄) ဦးကို နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်ခဲ့သည့်အပြင် အဆိုပါ သတ်ဖြတ်မှုများအတွင်း အရပ်သားပြည်သူ (၇၆၆) ဦး သေဆုံးခဲ့ရသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် (၆၄) ခုရှိခဲ့သည်။ မြန်မာစစ်တပ်နှင့် အပေါင်းအပါများသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီးတို့တွင် ၎င်းတို့ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များကို လုယက်ဖျက်ဆီးမှုများ၊ အရပ်သားများ ကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှုများဖြင့် ၎င်းတို့သည် အကြမ်းဖက်အုပ်စုသက်သက်သာ ဖြစ်ကြောင်းကို သက်သေပြလျက်ရှိသလို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုအချို့အတွက် နိုင်ငံတကာ ဥပဒေများဖြင့် တရားစွဲဆိုခံထားရသော အစုအဖွဲ့တစ်ခုလည်းဖြစ်ပေသည်။
၃။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသော၊ နိုင်ငံတကာဥပဒေများဖြင့် တရားစွဲဆိုခံထားရသော အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူထားသည့် အချိန်ကာလအတွင်း ထုတ်ပြန်သော အမိန့်များ၊ ညွှန်ကြားချက်များ၊ ဥပဒေများ အားလုံးသည် အလိုအလျောက်ပျက်ပြယ်ပြီး ဖြစ်သကဲ့သို့ ၎င်းတို့ဖွဲ့စည်းတာဝန် ပေးအပ်သော အဖွဲ့အစည်းများ အားလုံးသည်လည်း အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်းများအဖြစ်သို့ အလိုအလျောက် ကျရောက်ပြီး ဖြစ်သည်။ ထို့အပြင် ပြည်သူလူထုတစ်ရပ်လုံးကလည်း အကြမ်းဖက်စစ်တပ်၏ အာဏာလုယူမှုကို နည်းလမ်း မျိုးစုံဖြင့် ယနေ့အချိန်ထိ ဆန့်ကျင်လျက်ရှိပြီး ပြည်သူ့ဆန္ဒအမှန်ကို အတိအလင်း ပြသလျက်ရှိသည်။
၄။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စုက ပြဌာန်းသော ရွေးကောက်ပွဲဥပဒေသည် တရားဝင်မှုမရှိဘဲ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းတာဝန်ပေးအပ်သော ရွေးကောက်ပွဲကော်မရှင်သည်လည်း အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်းအဖြစ် ကျရောက်လျက်ရှိပေသည်။
၅။ ဥပဒေအဖြစ်သို့ ရောက်ရှိခြင်းမရှိဘဲ ပျက်ပျယ်ပြီးဖြစ်သော စာရွက်စာတမ်းတစ်ခုဖြစ်သည့် ရွေးကောက်ပွဲဥပဒေပါ သတ်မှတ်ချက်များကိုလိုက်နာပြီး အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်း တစ်ခု ဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်ထံတွင် သွားရောက်၍ မှတ်ပုံတင်ခြင်းသည် မည်သည့် အကြောင်းပြချက်များ ရှိစေကာမူ ပြည်သူ့ဆန္ဒကို သွေဖယ်ဆန့်ကျင်ပြီး အကြမ်းဖက်စစ်အုပ်စု၏ ဖြစ်တည်မှုကို အတိအလင်း လက်ခံလိုက်ခြင်းဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ်စု အလိုကျ အတူတကွ လိုက်ပါအသုံးချခံကာ ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုခြင်းပင် ဖြစ်ပေမည်။
၆။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်၍ အတင်းအကျပ် လုပ်ပွဲများပြုလုပ်ခဲ့ပါကလည်း အဆိုပါ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှ တဆင့် ပေါ်ပေါက်လာမည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များသည် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသော လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့များ ဖြစ်လာမည်မဟုတ်ဘဲ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်များ၊ ကိုယ်စားပြု ရုပ်သေးရုပ်များ၊ ရုပ်သေးအစုအဖွဲ့များသာ ဖြစ်လာမည်ဖြစ်သည်။
၇။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထုကလွှဲအပ်ထားသော အုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးနေသည့် တရားဝင် အစိုးရတရပ်ဖြစ်သည်နှင့်အညီ တရားမဝင်သော အကြမ်းဖက် စစ်အုပ်စု၏ လက်အောက်ခံအဖွဲ့အစည်းများ၊ အလိုတူအလိုပါ အဖွဲ့အစည်းများ၊ အားပေးအားမြှောက် ပြုသည့် အဖွဲ့အစည်းများအားလုံးကို အစိုးရနည်းနာဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် တာဝန်ရှိ သောကြောင့် အဆိုပါတာဝန်ကို တော်လှန်ရေးအပေါ်သစ္စာပြုကာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားလျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia