03 March 2023
RFA Burmese | 2023.03.03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်အား တွေ့ရစဉ်။ Photo: Citizen Journalist
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ဟာ သမီးနဲ့ သမက် ဆုံးရှုံးခဲ့တဲ့နေ့မှာပဲ နောက်ထပ် သမီးတစ်ဦးနဲ့ ဇနီးသည်ပါ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
သူ့ရဲ့ သမီးအငယ်နဲ့ သမက်က ဖေဖော်ရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ရေဦးမြို့နယ် ထဲက ရွာတစ်ရွာမှာ ယမ်းပေါက်ကွဲမှုကြောင့် ရုတ်တရက်ရှေ့ဆင့်နောက်ဆင့် ဆုံးပါး ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းမှာတော့ ခင်ဦးမှာရှိတဲ့ ဇနီးဒေါ်နီလာနဲ့ သမီးအကြီး ဒေါ်အိနန္ဒာအောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
ဒေါက်တာဝင်းအောင်ကတော့ လွတ်မြောက်နယ်မြေတစ်နေရာမှာရောက်နေလို့ အန္တရာယ်မရှိပေမယ့် အတော်လေး စိတ်ထိခိုက်နေတယ်လို့ ပါတီဝင် လုပ်ဖော်ကိုင်ဖက် တွေက ပြောပါတယ်။
“NLD ကို နိုင်ငံရေး မြင်ကွင်းကနေ ဖယ်ရှင်းပစ်ဖို့အတွက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကစပြီးတော့ အခု NLD အောက်ခြေက မြို့နယ်၊ တိုင်းက ပုဂ္ဂိုလ်တွေအားလုံးကို ခေါင်းမဖော်ရဲအောင် ဖိနှိပ်သတ်ဖြတ်ထောင်ချနေတာ ဖြစ်ပါတယ်”
ဒေါက်တာဝင်းအောင်တို့ မိသားစုတစ်စုလုံး နိုင်ငံရေးလုပ်နေတယ်လို့ စစ်ကောင်စီတပ်က ယူဆပြီး ဖမ်းတာ ဖြစ်နိုင်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အပြင်မှာ သူတို့တော်လှန်ရေးဘက်က သမီးငယ်နဲ့ သမက်နဲ့က ယမ်းချက်တာ ပေါက်ကွဲမှုဖြစ်တာဆိုတော့ အဲမှာ သူတို့ဆုံးတာဆိုတော့ အဲဒီကိုထွက်မယ်ထင်လို့ သူတို့ဖမ်းတယ်ထင်တာပဲ။ အဓိကကတော့ ကျနော် ထင်တာကတော့ အချိန်ကိုက် ဖမ်းတယ်ဆိုတော့ နိုင်ငံရေးမှာ သူတို့မိသားစုတွေ လုပ်နေတယ်ဆိုတဲ့ သဘောကြောင့် ဖမ်းတာနေမှာပေါ့”
ကျန်တဲ့မသန်စွမ်းသားကိုတော့ နီးစပ်ရာက ကြည့်ရှုစောင့်ရှောက်ပေးနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။
ဒေါက်တာဝင်းအောင်ရဲ့ မိသားစုကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက စစ်ကောင်စီဟာ အဆိုးရွားဆုံး ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ ဝေဖန်ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်။ နောက်ပြီးတော့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို နေရာတိုင်းမှာ သူတို့က သဲကြီးမဲကြီးနဲ့ အမဲလိုက်သလို လိုက်နေခဲ့တယ်ပေါ့နော်။ ဒေါက်တာ ဝင်းအောင်ရဲ့ မိသားစုဝင်ကိစ္စဆိုရင်လည်း ဒါ အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ အပြစ်မဲ့မိသားစုဝင်တွေ ကို ဖမ်းခေါ်သွားတယ်။ အကြမ်းဖက်စစ်ကောင်စီဟာလေ ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေတယ်လို့ပဲ ကျနော့်အနေနဲ့ ပြောပါရစေဗျာ”
ဒေါက်တာဝင်းအောင်ရဲ့ဇနီးနဲ့ သမီးအကြီး ဖမ်းဆီးခံရတဲ့နေ့မှာပဲ ခင်ဦးမြို့က NLD ပါတီထောက်ခံသူ မခိုင်နဲ့ သူ့ရဲ့ အသက်ခုနစ်နှစ်အရွယ် သားဖြစ်သူပါ အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာ ဝန်ကြီးဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အပြစ်ရှိလို့ ဖမ်းတာဖြစ်နိုင်တယ်လို့သာ ဖြေဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက – သူတို့အနေနဲ့ NLD ပါတီကို ပစ်မှတ် ထားတာ မဟုတ်ဘဲ NLD ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးအရေးယူတာလို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ RFA က မေးမြန်းတဲ့အချိန်မှာ တုံ့ပြန်ခဲ့ဖူးပါတယ်။
NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ စစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ အသံလွှင့်နေတဲ့အချိန်မှာ NLD ပါတီဝင်တွေအပေါ် ဖိနှိပ်တာတွေ ပိုလုပ်လာတယ်လို့ ပြောပါတယ်။
“သူတို့အနေနဲ့ NLD ပါတီကို ရန်ငြိုးအကြီးကြီးထားပုံရတယ်။ အထူးသဖြင့် မင်းအောင်လှိုင်ပေါ့နော်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း အငြိုးကြီးကြီး ထားပြီးတော့ မတရားချုပ်နှောင်၊ မတရားအပြစ်တွေ ပေးတဲ့ဟာတွေ တွေ့ရပါတယ်။ အခုလည်း သူတို့က ဒီအတုအယောင် ရွေးကောက်ပွဲလုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ အသံလွှင့်နေတယ် ပြောနေတဲ့အချိန်မှာ ဒီ NLD ပါတီရဲ့နေအိမ်တွေ၊ သူတို့ရဲ့မိသားစု နေအိမ်တွေကို ချိပ်ပိတ်တာတို့၊ မိသားစုတွေကို ဖမ်းဆီးတာတို့၊ နှိပ်စက်တာတို့ ပိုပိုပြီး လုပ်လာတာကို တွေ့ရတယ် ”
NLD ပါတီကဖွဲ့ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနကတော့ စစ်အာဏာသိမ်း နှစ်နှစ်အတွင်း လွှတ်တော်အမတ်သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပြီး ၁၂၃၂ ဦး အဖမ်းခံထားရတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက RFA ကို ဖြေဆိုထားပါတယ်။
သေဆုံးတဲ့အထဲ စစ်ကြောရေးစခန်းတွေမှာ ၁၆ ဦး၊ ထောင်ထဲမှာရှစ်ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၅၉ ဦးနဲ့ ကြိုးပေးကွပ်မျက်ခံရသူ တစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ ပါတီဝင် ၆၀၅ ဦးရှိပြီး အဲဒီအထဲမှာ ဒေါက်တာဝင်းအောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်၂၀၆ ဦးနဲ့ ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအယူအဆမတူလို့ ဖမ်းဆီးသတ်ဖြတ်တာဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်နွှယ်နေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်ပါတယ်။
“အုပ်စုတစ်စုကို သုတ်သင်ရှင်းလင်းနေတာ ကျနော်တို့တွေ့ရပါတယ်။ ဥပမာ- ဒီအုပ်စုတစ်စုဟာ အကယ်၍ NLD ကဖြစ်တယ်ဆိုရင် သူတို့ဆက်ဆံတဲ့ပုံစံက တူတယ်။ ဘယ်လိုတူလဲဆိုတော့ ဒီလူကိုစည်းရုံးလို့ရမလား မရရင် သတ်ဖြတ်တဲ့အဆင့်ထိ သူတို့လုပ်ပစ်လိုက်တယ်။ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာထက် ပိုလာပြီ။ ဒီလိုနိုင်ငံရေးအတွေးအခေါ်ရှိတဲ့သူ အားလုံးကို သုတ်သင်ရှင်းလင်းတယ်ဆိုတာက လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပြန်ပြီး ဆက်စပ်လို့ရတယ်လို့ မြင်တာပေါ့နော်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်အား ၂၀၂၀ ရွေးကောက်ပွဲကာလတွင် တွေ့ရစဉ်။ (Photo: Nld Khin U)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်အား ၂၀၂၀ ရွေးကောက်ပွဲကာလတွင် တွေ့ရစဉ်။ (Photo: Nld Khin U)
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီအနေနဲ့ NLD ပါတီကို နိုင်ငံရေးမြင်ကွင်းက ဖယ်ရှားချင်နေတာကြောင့် အခုလိုမျိုးတွေလုပ်နေတာလို့ ပြောပါတယ်။
“ဒါကတော့ဗျာ စစ်ကောင်စီရဲ့ သဘောထားကတော့ အထူးပြောစရာမရှိတော့ပါဘူး။ NLD ကို နိုင်ငံရေး မြင်ကွင်း ကနေ ဖယ်ရှင်းပစ်ဖို့အတွက် အခုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကစပြီးတော့ အခု NLD အောက်ခြေက မြို့နယ်၊ တိုင်းက ပုဂ္ဂိုလ်တွေအားလုံးကို ခေါင်းမဖော်ရဲအောင် ဖိနှိပ်သတ်ဖြတ်ထောင်ချနေတာ ဖြစ်ပါတယ်”
၁၉၈၂ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်က ဆေးပညာဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာဝင်းအောင် ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူပါ။
သူဟာ ၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံတိုက်ခိုက်ခံရတဲ့ ဒီပဲယင်းအရေးအခင်းမှာ ဖမ်းဆီးခံရပြီး ကလေးထောင်မှာ ခုနစ်လခွဲ ထိန်းသိမ်းခံခဲ့ရသလို ၂၀၀၅ ခုနှစ်မှာလည်း ထပ်မံအဖမ်းခံ ရပြီး နိုင်ငံရေးအမှုတွေနဲ့ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
အခု တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်နေတာတွေကြောင့် လက်ရှိမှာ ဒေါက်တာဝင်းအောင်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာဝင်းအောင်ဟာ မိသားစုအရေး စိတ်ထိခိုက်နေတာကြောင့် သတင်းဌာနတွေကို ကိုယ်တိုင်မဖြေကြားနိုင်သေးဘူးလို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.