02 March 2023
RFA Burmese | 2023.03.02
အသတ်ခံခဲ့ရသည့် ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က CDM သူနာပြုဆရာမ မမေဇွန်မိုး။ Photo: Citizen Journalist
ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်က အသက် ၂၈ နှစ်အရွယ် မမေဇွန်မိုးဟာ ပြည်တက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ ဘွဲ့ရပြီးနောက် သူနာပြုအလုပ်ကို ဝါသနာပါတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရန်ကုန် သူနာပြုသင်တန်းကျောင်းကနေ အောင်လက်မှတ်ရရှိခဲ့သူပါ။
အဲဒီအချိန်ကစလို့ အသတ်မခံရခင်အချိန်ထိ နာမကျန်းသူတွေကို ကူညီစောင့်ရှောက်တဲ့ သူနာပြုအလုပ်ကိုပဲ သူ လုပ်ကိုင်ခဲ့ပါတယ်။
အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မမေဇွန်မိုးဟာ စိတ်ထားနူးညံ့တဲ့ နှလုံးလှ သူနာပြုတစ်ယောက် ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင် တော့ ရပ်တည်ချက်နဲ့ ခံယူချက် ခိုင်မာပြတ်သားသူ ဖြစ်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အုတ်ဖိုမြို့နယ်က နေ အစောဆုံး CDM ဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။
“မိဘတွေလည်း တော်တော် စိတ်ထိခိုက်နေရှာတယ်။ သမီးက အဖမ်းခံရပြီး အဓမ္မကျင့်ခံရပြီး ဆုံးတယ်။ သူတို့လည်း ထွက်ပြေးနေရရှာတယ်”
ဒီကာလတွေအတွင်း သူက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတဲ့အခါ မကြာခဏ ဆေးလာကု ပေးလေ့ရှိတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက် ညက ပဲခူးရိုးမပေါ်က PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို မီးဖွားပေးပြီးအပြန် အုတ်ဖို မြို့နယ်အရှေ့ဘက် တိမ်ညွန့်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ မမေဇွန်မိုး အဖမ်းခံလိုက်ရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ ခမရ-(၆) က စစ်သား လေးဦးကနေ ငါးဦးအထိ နေ့စဉ်အထိုင်ချပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ပဲခူးရိုးမတောစပ်အနီး အဝတ်အစားမပါဘဲ နှိပ်စက်သတ်ဖြတ်ခံထားရတဲ့ မမေဇွန်မိုးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုတ်ဖိုမြို့နယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဓာတ်ဆီဘူး ငါးဘူး ဝယ်လာတယ် ထန်းပင်ကုန်းရွာကနေပြီးတော့၊ အဲစစ်(-)တွေက ဝယ်လာပြီးတော့မှ မသတ်သေးဘဲ အတင်းအဓမ္မကျင့်ကြံတယ်။ သူတို့အကုန်လုံး ကျင့်ကြံပြီးတော့မှ အဝတ်စားတွေ ချွတ်ခိုင်းပြီး မျက်လုံးပိတ်ပြီး ပြေးစမ်းဆို ပြေးခိုင်းတဲ့အခါမှာ ပစ်သတ်လိုက်တာပေါ့နော်။ ပစ်သတ်လိုက်ပြီးတော့မှ ချုံထဲသယ်ပြီး ဓာတ်ဆီငါးဘူးကို ဖျန်းပြီး ဝါးခြောက်တွေတင်ပြီး မီးရှို့တယ်။ မီးရှို့ခဲ့တော့ ခန္ဓာကိုယ်ရဲ့ လည်ပင်းကနေပြီးတော့ တင်ပါးဆုံအထိကို မီးက မလောင်ခဲ့ဘူး၊ မီးငြိမ်းသွားတယ်ပေါ့။ အဲဒီအသားစတွေကို သူတို့က မမြှုပ်ဘဲနဲ့ စစ် (-)တွေက ပြန်သွားတယ်။ ခွေးက ဆွဲဖော်ပြီးတော့ စားထားတယ်။ ကျနော်တို့က ဆရာမလေးအလောင်းရအောင် ပြန်ဖော်မယ်ဆိုပြီးသွားတော့ အသားစတွေ တွေ့ခဲ့တာပဲ၊ တစ်စချင်းစီဖြစ်နေပြီ။ နံရိုးတွေကလည်း ခွေးတွေက ကိုက်ဖြတ်ထားတာ တွေ့ရတယ်။ ဆရာမလေး အလောင်းနဲ့ အဝတ်စားအစတွေလည်း တွေ့ခဲ့တယ်။ ဆရာမလေးရဲ့ အတွင်းခံ ဘောင်းဘီတွေ ချွတ်ထားတာ တွေ့ခဲ့တယ်”
ဇန်နဝါရီ ၂၉ ရက် အဖမ်းခံရချိန်ကနေ အသတ်ခံရတဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ရက် ၂၀ နီးပါးအတွင်း အုတ်ဖိုမြို့နယ် စရဖရုံးခန်းထဲမှာ မမေဇွန်မိုး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာကို တစ်ဆင့်ပြန်သိရတယ် လို့လည်း သူက ပြောပါတယ်။
စစ်သားတွေက မမေဇွန်မိုးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ တိုင်း စီးပွားရေးဝန်ကြီး ဦးတင်ဦး ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်း လက်ခံမဖြေဆိုပါဘူး။
မမေဇွန်မိုးဟာ အာဏာသိမ်းပြီးစ အစောပိုင်းကာလတွေမှာ CDM လုပ်ရုံမက ဆန္ဒပြပွဲတွေမှာ တက်တက် ကြွကြွ ပါဝင်ခဲ့တာကြောင့် အုတ်ဖိုမြို့ အေးမြသာယာ အမှတ် (၈) ရပ်ကွက်က မမေဇွန်မိုးရဲ့ ဘိုးဘွားပိုင်နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။
စိတ်ထားကောင်းတဲ့ သူနာပြုတစ်ဦး ငယ်ငယ်ရွယ်ရွယ်နဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့အပေါ် စိတ်ထိခိုက် ကြေကွဲရတယ်လို့ အုတ်ဖိုမြို့နယ် ကာကွယ်ရေးတပ် တပ်ရင်း (၅) က အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ဆရာမလေး မမေဇွန်မိုးက ကျမတို့ တပ်ဖွဲ့ဝင်တွေပေါ်မှာ ကျန်းမာရေးအတွက်ဆိုရင် ရဲဘော်တွေ ရိက္ခာထမ်းရတဲ့ ခရီးသွားရတဲ့ဟာမျိုးတွေ ရှိပါတယ်၊ ဒါမျိုးတွေ သွားလာနေရတော့ ဖျားတာနာတာတွေ ရှိပါတယ်၊ ဆရာမလေးက နေ့ညအချိန်မရွေး အားတက်သရောကုသပေးပါတယ်။ ဒါတွေကို မြင်ရတော့ အမျိုးသမီးရဲဘော်တွေအပေါ်မှာရော ညီမလို၊ အစ်မလို ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်တိုင်ပင်ပင် နေပါတယ်။ အခုလို ဖြစ်သွားတော့ ကျမတို့လည်း အတော် စိတ်ထိခိုက်ရပါတယ်”
အဖမ်းခံရတဲ့နေ့က မမေဇွန်မိုးကိုလိုက်ပို့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
မမေဇွန်မိုးရဲ့ ခင်ပွန်း ကိုအောင်ဇင် ကလည်း ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက နိုင်ငံရေးပုဒ်မ ၅၀၅ (က) နဲ့ အဖမ်းခံရပြီး သာယာဝတီထောင်မှာ ထောင်သုံးနှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။ ဇနီးအသတ်ခံရတာကို ထောင်ထဲက ခင်ပွန်းကို အခုထိ မပြောပြရက်သေးဘူးလို့ မိတ်ဆွေတွေက ပြောပါ တယ်။
မိဘတွေမှာ မမေဇွန်မိုးအပါအဝင် သမီးနှစ်ယောက်သာ ရှိပါတယ်။ သမက်က ထောင်ထဲရောက်နေ ပြီး သမီးဖြစ်သူအသတ်ခံရချိန်မှာ စစ်သားတွေက အိမ်ကိုလာရှာတာကြောင့် မိဘတွေလည်း ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။
မမေဇွန်မိုးရဲ့ သတင်းကို ကြားချိန်မှာ ဖခင်ဖြစ်သူ စိတ်ထိခိုက်ပြီး သတိလစ် မေ့မြောသွားခဲ့တယ်လို့ မိသားစုနဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
“နေအိမ်ပေါ်က ဘွဲ့ဓာတ်ပုံလေးတွေတောင် ဖြုတ်ဖို့ အချိန်မရလိုက်ဘူး၊ မမေဇွန်မိုး အဖမ်းခံရပြီး စစ်သားတွေက အိမ်ကိုလာရှာလို့ မိဘနှစ်ယောက်စလုံး ပြေးနေရတယ်။ မိဘတွေလည်း တော်တော် စိတ်ထိခိုက်နေရှာတယ်။ သမီးက အဖမ်းခံရပြီး အဓမ္မကျင့်ခံရပြီး ဆုံးတယ်။ သူတို့လည်း ထွက်ပြေးနေရရှာတယ်။ သူ့အဖေဆို သူ့သမီးသတင်းကြားပြီး သတိလစ်သွားတယ်။ ကျနော်တို့လည်း ထောင်ထဲက အမျိုးသားဖြစ်သူကို အသိမပေးဘူး၊ ရှော့ခ်ဖြစ်သွားမှာ စိုးရိမ်လို့”
စစ်တပ်ဟာ ပဋိပက္ခတွေဖြစ်လာတဲ့အခါတိုင်း အမျိုးသမီးတွေအပေါ် အုပ်စုဖွဲ့ အဓမ္မကျင့်သတ်ဖြတ်တာကို စစ်လက်နက်သဖွယ် အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် ကျူးလွန်သူတွေ မဖြစ်မနေ တာဝန်ခံရမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တွဲဖက်အထွေထွေ အတွင်းရေးမှူး မနန်းမို့မို့ က ပြောပါတယ်။
“စစ်ပွဲရဲ့ ဓားစာခံလိုမျိုး စစ်လက်နက်လိုမျိုး အသုံးပြုတာ၊ တကယ်ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လာတာတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ အတိအလင်းကို ဖော်ပြထားတယ်၊ ဒီလိုကျူးလွန်တာသည် စစ်ရာဇဝတ်မှု ဖြစ်တယ်၊ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ဒီလိုမျိုး ကျူးလွန်တာကို ကျူးလွန်တဲ့သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုကို သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မဖြစ်မနေ ခံယူရမယ်”
စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့် မှတ်တမ်းတင်နေပြီး အဲဒီ အထဲက ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၄၀၀ ကျော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး (ICC) ထံ ပေးပို့ တိုင်ကြားထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ က ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလထဲမှာ RFA ကို ပြောပါတယ်။
CDM ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပုံစံမျိုးစုံနဲ့ ကျူးလွန်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၇၀ ခန့် သတ်ဖြတ်ခံရပြီး ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သလို ၉၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.