နွေဦးတော်လှန်ရေးကို ကင်မရာနှင့် မှတ်တမ်းတင်နေသူတို့သည် အသက်အန္တရာယ်နှင့် အချိန်မရွေး ရင်ဆိုင်နေရသူများ ဖြစ်လာသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ခြေထောက်တစ်ဖက် ပြတ်လုနီးပါးအထိ ဒဏ်ရာပြင်းထန်သော လူငယ်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး တော်လှန်ရေးအဖွဲ့များနှင့်အတူ မှတ်တမ်းဓာတ်ပုံ လိုက်လံရိုက်ကူးနေသူဖြစ်သည်။
လူငယ်မှာ နာကျင်မှုကြောင့် ညည်းညူရင်း ထမ်းစင်ပေါ်တွင် ရှိနေစဉ် တော်လှန်ရေးသီချင်းတစ်ပုဒ်ကို အော်ဟစ်သီဆိုသွားသည်။
“ဆေးရုံကို ခေါ်သွားတဲ့အချိန်မှာ ကင်မရာကို လုံးဝအလွတ်မခံဘူး။ ကင်မရာကို ကိုင်ထားတဲ့ပုံစံကို မြင်ရတယ်။ ငါရိုက်နေတယ်၊ လုံးဝလက်မလွှတ်ဘူးဆိုတဲ့ စိတ်ဓာတ်ကို တွေ့တယ်” ဟု ဒဏ်ရာရ လူငယ်နှင့် ရင်းနှီးသည့် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြင်းထန်သော ဒဏ်ရာကြောင့် ဆေးရုံအရောက်တွင် သေဆုံးသွားသည်။ ထိုနေ့က ဓာတ်ပုံမှတ်တမ်းရိုက်သူ လူငယ်နှင့်အတူ Black Wolf PDF အဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးခဲ့သည်။ ကင်မရာကိုင်ရင်း စစ်ကောင်စီကို တော်လှန်နေသူ လူငယ်မှာ စပိုက်ဒါ ခေါ် ကိုခန့်သီဟဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်များကို ဖော်ပြပေးနေသည့် Nway Oo Photography Facebook စာမျက်နှာ ပင်တိုင်ဓာတ်ပုံဆရာတစ်ဦးပင်။ စစ်မြေပြင်မှ ဓာတ်ပုံများအကြောင်း ပြပွဲလုပ်ရန် စီစဉ်နေခိုက် မမျှော်လင့်ဘဲ ကျဆုံးခဲ့ရသည်။
စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို လူမျိုးဘာသာမရွေး ဖမ်းဆီးနှိပ်စက်နေရာ နွေဦးတော်လှန်ရေး၏ ပုံရိပ်များကို ကင်မရာဖြင့် လိုက်လံမှတ်တမ်းနေသူများကိုလည်း အထူးပစ်မှတ်ထားလေ့ရှိသည်။ အလွတ်တန်းဓာတ်ပုံရိုက်ကူးသူများကိုပင် ဖမ်းဆီးသတ်ဖြတ်လေ့ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့တွင် အလွတ်တန်းဓာတ်ပုံသမားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဓာတ်ပုံဝါသနာရှင်များအကြား လူသိများထင်ရှားသည့် ကိုစိုးနိုင်မှာ အဖမ်းခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ စစ်ကြောရေးတွင် သေဆုံးခဲ့သည်ဟု ယူဆရပြီး အလောင်းပင် ပြန်မရခဲ့ပေ။
၎င်းမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သော အသံတိတ်သပိတ်အကြောင်း ဓာတ်ပုံများရိုက်ကူးနေစဉ် လသာမြို့နယ်အတွင်း စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း၌ပင် မန္တလေးမြို့တွင်လည်း ဓာတ်ပုံဆရာတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်။ ကိုအောင်ဝင်းထွဋ် (ခေါ်) ကိုအောင် (ဆောင်းနှင်းဖြူ) ဟု လူသိများသည့် ဓာတ်ပုံဆရာကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်တပ်က ဖမ်းသွားပြီးနောက် သုံးနာရီအကြာတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်။
ကင်မရာကိုင်ရင်း စစ်မြေပြင်ရောက်သွားသည့် ရန်ကုန်သားလူငယ်
စစ်ဗိုလ်ချုပ်ကြီးများ၏ တစ်ကျော့ပြန်အာဏာသိမ်းမှုကို လက်မခံနိုင်သဖြင့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည့် တစ်ခဲနက်သော လူထုလူတန်းစားအလွှာအသီးသီးတွင် အများစုမှာ Generation Z ခေါ် လူငယ်များဖြစ်ကြသည်။
အရပ်သားအစိုးရလက်ထက်တွင် ဒီမိုကရေစီစနစ်နှင့်အတူ လွတ်လပ်မှုအနှစ်သာရကို ထိတွေ့ခံစားခဲ့ရသည်ဖြစ်ရာ ရန်ကုန်မြို့မှ လူငယ်လေးတစ်ဦး စပိုက်ဒါသည်လည်း အာဏာရှင်စနစ် တစ်ကျော့ ခေါင်းထောင်လာမည်ကို မလိုလားပေ။ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီလတွင် စပိုက်ဒါမှာ အသက် ၁၆ နှစ်ပင် မပြည့်သေးပေ။ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စပိုက်ဒါတစ်ယောက် တက်ကြွစွာပါဝင်ခဲ့သည်။
ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲကြီးများ နေ့စဉ်ရက်ဆက် ပြင်းထန်လာသောအခါ အာဏာသိမ်းစစ်တပ်က စတင်အကြမ်းဖက်သည်။ ဆန္ဒပြလူအုပ်ကို ကျည်အစစ်သုံးကာ ပစ်ခတ်ဖြိုခွင်းသည်။ အထူးသဖြင့် အသက် ၂၀ ဝန်းကျင် Generation Z လူငယ်များကို အငြိုးတကြီးဖြင့် ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ကာ သတ်ဖြတ်သည်။
ငြိမ်းချမ်းစွာဆန္ဒပြပွဲများ ပစ်ခတ်ဖြိုခွင်းခံလာရပြီး လူငယ်များ ဦးခေါင်းကျည်ထိ သေဆုံးသည့်ဖြစ်စဉ်လည်း များသည်ထက်များလာခဲ့သည်။ ထောင်နှင့် သောင်းနှင့်ချီသော လူငယ်များ မိသားစု အိုးအိမ်နှင့် မြို့ပြဘဝကို စွန့်ခွာကာ တောခိုခဲ့ကြသည်။ ရက်စက်ကြမ်းကြုတ်သော လက်နက်ကိုင် စစ်တပ်ကို ခုခံတော်လှန်ရေးအတွက် လူငယ်များ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
စစ်အာဏာသိမ်းချိန်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တည်ရှိရာ နိုင်ငံမြောက်ပိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တည်ရှိရာ နိုင်ငံတောင်ပိုင်း၊ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KNPP) ရှိရာ နိုင်ငံအရှေ့ပိုင်းနှင့် ချင်းအမျိုးသားတပ်ဦး (CNF) ရှိရာ နိုင်ငံအနောက်ပိုင်းတို့၌ လက်နက်ကိုင်တော်လှန်ရေးကို ပါဝင်ဆင်နွှဲလိုသော လူငယ်များ အစုလိုက်အပြုံလိုက် ရောက်ရှိခဲ့သည်။
ထိုဒေသများတွင် ဗမာလူငယ် တော်လှန်ရေးတပ်သား တစ်သိန်းကျော်ကို စစ်ရေးလေ့ကျင့်ပေးကာ အခြေချ တပ်စွဲခွင့်ပေးခဲ့ကြောင်း၊ ထို့ပြင် စစ်ရေး၊ နိုင်ငံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများကိုပါ ပံ့ပိုးကူညီနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အထွေထွေအတွင်းရေးမှူးများကိုယ်တိုင် မကြာမီက Nikkei Asia မဂ္ဂဇင်း၌ ဆောင်းပါးရေးသားခဲ့သည်။
အပေါင်းအသင်းရောင်းရင်းများ တောခိုသွားချိန်၌ ဓာတ်ပုံရိုက်ရသည်ကို ဝါသနာထုံသော ကိုခန့်သီဟ ခေါ် စပိုက်ဒါက ရန်ကုန်မြို့၌ ကျန်ရစ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုများကြောင့် ဆန္ဒပြပွဲများ နည်းသည်ထက်နည်း ကျဲသည်ထက်ကျဲလာသည်။ လူငယ်များပင် ဦးဆောင်သည့် ပြောက်ကျားဆန္ဒပြပွဲများမှာမူ ဆက်ဖြစ်နေသည်။
စပိုက်ဒါက ထိုပြောက်ကျားဆန္ဒပြပွဲများကို ဓာတ်ပုံလိုက်ရိုက်သည်။ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်ရင်း မှတ်တမ်းဓာတ်ပုံလိုက်ရိုက်သည်။ ဆန္ဒပြပွဲသွားတိုင်း သူယူသွားလေ့ရှိသည်မှာ စပိုက်ဒါမန်းခေါင်းစွပ်ဖြစ်သည်။ လူငယ်များအကြိုက် နာမည်ကျော် Spider-Man (ပင့်ကူလူသား) ဇာတ်ကောင်ကို ကြိုက်လွန်းသည်ဖြစ်ရာ ထိုခေါင်းစွပ်ကို ကျောပိုးအိတ်အတွင်း အမြဲ ထည့်ထားတတ်သည်။ ထိုခေါင်းစွပ်ဝတ်ဆင်ကာ ဆန္ဒပြပွဲတွင် ပါဝင်လေ့ရှိသည်။
ထိုအချိန်မှစ၍ သူ့ကို စပိုက်ဒါဟု ခေါ်ကြတော့သည်။
ပြောက်ကျားဆန္ဒပြပွဲများအကြောင်း သတင်းဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကို သတင်းဌာနများထံ ပို့သည်။ အာဏာသိမ်းစစ်တပ်၏ အဆက်မပြတ် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် သတင်းသမားအများအပြား နယ်စပ်နှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဖြစ်ရာ ရန်ကုန်မြို့မှ အာဏာရှင်တော်လှန်ရေး ဆန္ဒပြလှုပ်ရှားများနှင့် ပတ်သက်၍ မှတ်တမ်းတင်ရန် သူ့လိုလူငယ်များကို အားကိုးအားထားပြုလာရသည်။
စစ်တပ်က အချိန်ပြည့် ကင်းလှည့်နေသော ရန်ကုန်မြို့ကြီးတွင် ပြောက်ကျားဆန္ဒပြပွဲ ပြုလုပ်ရန် မလွယ်ကူပေ။ မိနစ်ပိုင်းဆန္ဒပြပြီးနောက် အမြန်လူစုခွဲရသည်။ လုံခြုံရေးအရ ယုံကြည်ရသူအချင်းချင်း အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ရသည်။ စပိုက်ဒါက မြို့ပြပြောက်ကျားသပိတ်များအကြောင်း သတင်းမီဒီယာများထံ ရောက်ရှိစေရေး တာဝန်ယူ ဓာတ်ပုံရိုက်ပေးသည်။
“တချို့ပွဲတွေမှာ မီဒီယာတွေ (သတင်းသမားတွေ) အဖမ်းခံရတာတွေ ရှိတယ်။ ပွဲတစ်ပွဲလုပ်ဖို့ ကင်မရာမန်းလည်း လိုတဲ့အတွက် အချင်းချင်းတွေက သူ့ကို အကူအညီတောင်းကြတယ် ပုံလေးရိုက်ပေးဖို့။ အဲဒီကနေ စရိုက်ဖြစ်တယ်” ဟု စပိုက်ဒါ၏ ချစ်သူ နှင်းဆိုသော မိန်းကလေးက ပြောသည်။
စပိုက်ဒါက သူ့ကိုယ်ပိုင် iPhone ကို ရောင်းချကာ ဈေးပေါသော တရုတ်ဖုန်း ပြောင်းကိုင်သည်။ ဖုန်းရောင်းရသော ငွေ၊ မိခင်ထံမှ ရသည့် မုန့်ဖိုးပေါင်းပြီး တန်းဖိုးနည်းကင်မရာတစ်လုံး ဝယ်ယူကာ ဆန္ဒပြပွဲများတွင် ဓာတ်ပုံလိုက်ရိုက်သည်။
ပြီးခဲ့သည့်နှစ် မတ်လအတွင်းက ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသည့် စပိုက်ဒါ၏ ငယ်သူငယ်ချင်း ၇ ဦး အဖမ်းခံရသည်။ အာဏာသိမ်းစစ်တပ်က ပြောက်ကျားဆန္ဒပြပွဲများကို ကားဖြင့် တိုက်ကာ ဖြိုခွင်းသည့်အပြင် ဆန္ဒပြပွဲတွင် ပါဝင်လေ့ရှိသည့် လူငယ်များကိုလည်း နေအိမ်အထိ လိုက်လံရှာဖွေကာ ဖမ်းဆီးလေ့ရှိသည်။ တစ်ရက်တွင် စပိုက်ဒါ၏ နေအိမ်သို့ စစ်သားများ ရောက်လာပြီး ဦးလေးဖြစ်သူကို ဖမ်းဆီးသွားရာ စပိုက်ဒါတစ်ယောက် သူကျင်လည်ရာ ရန်ကုန်မြို့ကြီးကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ရသည်။
“သူ အဖမ်းမခံနိုင်ဘူးတဲ့။ အဖမ်းခံရရင် ဘာမှ ဆက်မလုပ်နိုင်တော့ဘူး။ အခြားနည်းနဲ့ တော်လှန်မယ်ဆိုပြီး စစ်ကိုင်းဘက် ရောက်တယ်။ သူရောက်ပြီး တစ်လအကြာမှာ ညီမကို ခေါ်တယ်” ဟု စပိုက်ဒါ၏ ချစ်သူ နှင်းက ဆိုသည်။
နာမည်ကျော်တော်လှန်ရေးနယ်မြေ စစ်ကိုင်းတိုင်းသို့ ရောက်လာပြီးနောက် သူတို့ချစ်သူနှစ်ဦး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ Black Wolf အဖွဲ့တွင် ဝင်ရောက် တာဝန်ထမ်းကြသည်။ “သူက ရှေ့တန်းတွေ လိုက်တယ်။ မြေပြင်သတင်းတွေ မှတ်တမ်းတင်တယ်” ဟု နှင်းက ဆိုသည်။
ခုခံတော်လှန်မှုပြင်းထန်သည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက မီးကုန်ယမ်းကုန် ဖိနှိပ်သည်။ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသည်မှာ ၁ နှစ်ကျော်နေပြီ ဖြစ်သည်။ ထောင်နှင့်ချီသော ဒေသခံများ နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် အိုးအိမ်တိုက်တာ အဆောက်အအုံများသာမက ပန်းကန်ခွက်ယောက်မှစ၍ အိမ်ထောင်မှုပစ္စည်း အလုံးစုံ ဖျက်ဆီးခံရသည်။ လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးသည်။ စပိုက်ဒါက ထိုအဖြစ်အပျက်များကို ဓာတ်ပုံရိုက်ယူကာ Nway Oo Photography စာမျက်နှာတွင် ဖော်ပြသည်။
“သူဖြစ်ချင်တာလေး ရှိတယ်၊ တော်လှန်ရေးပြီးရင် သူရိုက်ခဲ့တဲ့ပုံတွေပေါ့၊ ပြခန်းဖွင့်ချင်တယ် ခဏခဏ ပြောတယ်။ အဲဒီကနေ စစ်ရှောင်တွေကို ပြန်ကြည့်ချင်တယ် (ကူညီချင်တယ်)၊ ရန်ပုံငွေရှာပေးမယ် ပြောတယ်” ဟု စပိုက်ဒါ့ချစ်သူ မိန်းကလေးက ဆိုသည်။
သို့သော် စစ်မြေပြင်ရောက် မှတ်တမ်းဓာတ်ပုံရိုက်ကူးသူ တော်လှန်လူငယ်လေး၏ ထိုဆန္ဒမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က အဆုံးသတ်သွားပြီဖြစ်သည်။ ဘုန်းဘွဲ့ရွာအနီး တိုက်ပွဲဖြစ်သည့်နေ့က ဓာတ်ပုံလိုက်ရိုက်ချင်သဖြင့် အဖွဲ့ခေါင်းဆောင်ကို နားပူနားဆာလုပ်ကာ ရှေ့တန်းထွက်မည့် ကားပေါ်သို့ အပြေးအလွှား လိုက်သွားခဲ့သည်။
“သူကလည်း အရမ်းလိုက်ချင်တာနဲ့၊ ဗိုလ်ကြီး သားလိုက်သွားဦးမယ်ဆိုပြီး အရမ်းပြောပြီးတော့ လိုက်သွားတာ။ အဲ့နေ့က နောက်ဆုံးနေ့ပဲ” ဟု နှင်းက ဆို့နင့်သံဖြင့် ပြောသည်။
တော်လှန်ရေးနယ်မြေရောက် ကင်မရာသမား အမြွှာညီအစ်ကို
စစ်တပ်က အာဏာသိမ်းပြီး သုံးလအကြာတွင် အသက် ၂၇ နှစ်အရွယ် ဓာတ်ပုံသတင်းထောက် ကိုမျိုးထက်လှသော်က ရန်ကုန်ကို စွန့်ခွာကာ ကရင်ပြည်နယ်ဘက်သို့ ထွက်လာသည်။ စစ်တပ်က ကျည်အစစ်သုံးကာ ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွင်းနေရာ မြို့ပေါ်တွင် လွတ်လပ်စွာ သတင်းရယူရန် မဖြစ်နိုင်တော့ပေ။
လက်နက်ကိုင်လမ်းစဉ်နောက် လိုက်ကြမည့် အခြားလူငယ်များနှင့်အတူ ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနယ်မြေသို့ ရောက်ရှိခဲ့သည်။ ကိုမျိုးထက်လှသော်သည် ပဲခူးသားဖြစ်သည်။။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ပါဝင်လှုပ်ရှားခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို လက်မခံနိုင်သောကြောင့် ကျောင်းသားလူငယ်များက မန္တလေးမြို့မှ ရန်ကုန်အထိ ခရီးရှည် လမ်းလျှောက်ဆန္ဒပြကာ ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုကြသည်။ ပဲခူးတိုင်း လက်ပံတန်းမြို့အရောက်တွင် သပိတ်စစ်ကြောင်း ပိတ်ဆို့ဖြိုခွင်းခံရပြီး ကျောင်းသားများလည်း ဖမ်းဆီးအရေးယူခံရသည်။ ကိုမျိုးထက်လှသော်လည်း အဖမ်းခံရပြီး ထောင်တစ်နှစ် ချခံရသည်။
ထောင်မှ ပြန်လွတ်ချိန်တွင် ဓာတ်ပုံရိုက်ရသည်ကို ဝါသနာကြီးသည့် ကိုမျိုးထက်လှသော်က သတင်းဌာနတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်သည်။ ဓာတ်ပုံသတင်းထောက်အဖြစ် လေးနှစ်ကြာ လုပ်ကိုင်ဖြစ်ခဲ့သည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းလိုက်ချိန်တွင် အလုပ်ထွက်ပြီး အလွတ်တန်းဓာတ်ပုံသတင်းထောက်အဖြစ် ရန်ကုန်နှင့် ပဲခူးမြို့မှ ဆန္ဒပြပွဲများကို လိုက်လံမှတ်တမ်းတင်သည်။ စစ်တပ်က ဆန္ဒပြလူအုပ်ကို ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းသည့်ဖြစ်စဉ်ကို ကိုမျိုးထက်လှသော် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။
“ကျွန်တော့်ရှေ့မှာ အမျိုးသမီးတစ်ယောက် မျက်ရည်ယိုဗုံး အငွေ့ရှူမိပြီး ပစ်လဲသွားတော့ ဒိုင်းကာလူငယ်တွေနဲ့ ကျွန်တော်လည်း ပြေးဆွဲရင်း ကျည်အစစ်နဲ့ လှမ်းပစ်တာ ကြုံခဲ့ရဖူးတယ်။ ဘေးနားက နံရံတွေမှာ ဖွာထွက်သွားတယ်” ဟု ကိုမျိုးထက်လှသော်က ပြောသည်။
လက်ရှိအချိန်တွင် ကိုမျိုးထက်လှသော်မှာ အညာတစ်ခွင် ပြဲပြဲစင် လှည့်လည်သွားလာကာ ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် လိုက်ပါရင်း ဓာတ်ပုံနှင့် ဗီဒီယိုများ မှတ်တမ်းတင်လျက်ရှိသည်။ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် မရေမတွက်နိုင်သော နေအိမ်များ၊ မီးလောင်ပြင်များကို လိုက်လံမှတ်တမ်းတင်သည်။
စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်နေသော စစ်ကိုင်းတိုင်းအတွင်း ပုလဲ၊ ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကန့်ဘလူ၊ ကသာ၊ ထီးချိုင့်၊ ကျွန်းလှမြို့နယ်များအပြင် နယ်မြေချင်း ထိစပ်နေသော မကွေးတိုင်းမှ မြိုင်နှင့် ပခုက္ကူမြို့နယ်များသို့လည်း သွားရောက်ခဲ့သည်။ စစ်ကိုင်းနှင့် မကွေးဒေသတွင် ခြောက်လကျော် ဓာတ်ပုံလိုက်ရိုက်ပြီးနောက် ၂၀၂၂ နိုဝင်ဘာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့လည်း သွားရောက်ခဲ့သည်။
တစ်ရွာမှတစ်ရွာ တစ်နယ်မှတစ်နယ် ဖြတ်သန်းသွားလာရင်း မောင်းပြန်ရိုင်ဖယ်နှင့် လက်လုပ်သေနတ်ကိုင်ဆောင်ထားသည့် လူငယ်လူရွယ်များမှတစ်ဆင့် တော်လှန်ရေး၏ အရိပ်အယောင်ကို သူမြင်ရသည်။ ခံစားရသည်။ စစ်တပ်ယာဉ်တန်းများကို တိုက်ခိုက်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲထားရာ လမ်းပေါ်မှ ချိုင့်ခွက်များက တော်လှန်ရေးကို သက်သေခံနေသည်။ ရွာလုံးကျွတ် မီးရှို့ခံရသဖြင့် ပြာပုံဘဝရောက်နေပြီဖြစ်သော မီးလောင်ပြင်များက တော်လှန်ရေးကို ပြဆိုနေသည်။
ကိုမျိုးထက်လှသော်နှင့် အမြွှာညီအစ်ကိုဖြစ်သည့် ကိုမျိုးဆက်လှသော်သည်လည်း စစ်မြေပြင်မှ တော်လှန်ဓာတ်ပုံသမားတစ်ဦးဖြစ်သည်။ စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် Myanmar Now သတင်းဌာန၌ လုပ်ကိုင်နေသူ ကိုမျိုးဆက်လှသော်မှာ နောက်ပိုင်းတွင် အလုပ်မှ ထွက်ပြီး တော်လှန်ရေးနယ်မြေတစ်ခုတွင် ဓာတ်ပုံလိုက်ရိုက်သည်။ သူ့ဓာတ်ပုံများတွင် စစ်ပွဲအကြောင်းလည်း ပါသည်။ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအကြောင်း၊ တောထဲတောင်ထဲမှ ကလေးငယ်များအကြောင်းလည်း ပါသည်။
ကိုမျိုးဆက်လှသော်သည်လည်း ဗကသအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ကာ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အစိုးရလက်ထက် ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့ဖူးသည်။ ကင်မရာတစ်လုံးဝယ်ကာ အပျော်တမ်းဓာတ်ပုံရိုက်နေသူ ကိုမျိုးဆက်လှသော်တစ်ယောက် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လိုက်လံမှတ်တမ်းတင်ရသည်မှာ မမောနိုင်မပန်းနိုင်ပင်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးတွင် ဆန္ဒပြသူများ အကြမ်းဖက်ဖြိုခွင်းခံရစဉ် ကိုမျိုးဆက်လှသော် ရှိနေခဲ့သည်။ ထိုနေ့က အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့သည်။ စစ်သားများက သေနတ်ဖြင့် လိုက်ပစ်ချိန်တွင် ညီညီအောင်ထက်နိုင်ဆိုသော လူငယ်လေး ဗိုက်ပွင့်ကာ လဲကျသွားပုံကို ကိုမျိုးဆက်လှသော်က အမိအရ မှတ်တမ်းတင်ထားလိုက်နိုင်သည်။ ဆန္ဒပြကျောင်းသားလူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီဆိုသော သတင်းက နိုင်ငံတကာအထိပင် တုန်လှုပ်စေခဲ့သည်။
ဓာတ်ပုံအားဖြင့် မှတ်တမ်းတင်ခဲ့သူ ကိုမျိုးဆက်လှသော်အတွက်လည်း အလားတူပင်။
“ဒါကြီးကို ကိုယ်တိုင်မြင်လိုက်ရပြီး လူငယ်လေးတစ်ယောက်တော့ ကိုယ့်ရှေ့တင် ကျသွားတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ အတော်ခံစားရတယ်” ဟု သူက ပြောသည်။
မတ်လအရောက်တွင် ကိုမျိုးဆက်လှသော်လည်း ရန်ကုန်မြို့ကို စွန့်ခွာခဲ့ရသည်။ တိုင်းရင်းသားနယ်မြေတစ်ခုသို့ ရောက်လာပြီးနောက် စစ်အာဏာရှင်ကျဆုံးရေး နွေဦးတောင်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန် ဆုံးဖြတ်လိုက်သည်။ လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးသူများက ပြည်ပထွက်ရန် ခေါ်သော်လည်း ကိုမျိုးဆက်လှသော် မလိုက်လိုတော့။ တောထဲတောင်ထဲ ဖြစ်သလိုနေထိုင်ကာ တော်လှန်ရေးကို ကိုယ်တိုင်ကိုယ်ကျ ကြုံဖူးချင်သည်။
သို့ဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာနယ်မြေအတွင်း လှည့်လည်သွားလာသည်။ ဓာတ်ပုံရိုက်သည်။ အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ဆန္ဒပြခဲ့သည့်အပြင် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့် ကရင်နီပြည်နယ်သို့ လပေါင်းများစွာ သွားရောက်နေထိုင်ရင်း ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခဲ့သည်။
ကရင်နီဒေသအတွင်း အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ကိုမျိုးဆက်လှသော် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများပါမကျန် ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့အပြင် စစ်ဘေးရှောင်ပြည်သူများနှင့် တောထဲတောင်ထဲရောက် ကလေးသူငယ်များ အကြောင်းအရာမျိုးစုံကို မှတ်တမ်းတင်ထားသည်။ လက်ရှိအချိန်တွင် ဖော်ပြရန် မသင့်သော ဓာတ်ပုံများကို သိမ်းဆည်းထားရသည်ဟု ကိုမျိုးဆက်လှသော်က ဆိုသည်။
“တစ်ချိန်ချိန်မှာ ခိုင်မာတဲ့သက်သေအနေနဲ့ နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ တရားမျှတမှုရှာတဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ် ထုတ်သုံးနိုင်အောင် အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားပါတယ်”
ကရင်နီဒေသအတွင်း စစ်ကောင်စီ၏ အဆိုးဆုံးလူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုမှာ လူပေါင်း ၄၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းပင်။ ၂၀၂၁ ခုနှစ်က ခရစ္စမတ်အကြိုနေ့ဖြစ်သော ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖရူဆိုမြို့နယ် မိုဆိုနှင့် ကွိုင်ကံရွာအကြားတွင် ဖြတ်သန်းသွားလာသူ ၄၀ ခန့်ကို စစ်တပ်က ဖမ်းဆီးကာ မော်တော်ယာဉ်များနှင့်အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။ လူမဆန်သော ထိုလုပ်ရပ်ကို စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁၀၈ တပ်ရင်းက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်ကို တော်လှန်နေတာ ပျော်စရာကြီး”
ကိုမျိုးထက်လှသော်တို့ အမြွှာညီအစ်ကိုနည်းတူ စစ်ကောင်စီကို ခုခံတော်လှန်နေသော ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဓာတ်ပုံမှတ်တမ်းရိုက်နေသူ အခြားသူတစ်ဦးမှာ ကိုကျော်စံ (အမည်လွှဲ) ဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များသာမက နယ်မြေချင်း ထိစပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလှုပ်ရှားရာ နယ်မြေအထိ လှည့်လည်သွားလာခဲ့သည်။
ကိုကျော်စံမှာ အာဏာမသိမ်းမီက သတင်းဌာနကြီးတစ်ခုတွင် ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ အာဏာသိမ်းပြီးနောက် အလုပ်ထွက်ကာ အလွတ်သတင်းထောက်အဖြစ် ရပ်တည်ရင်း တော်လှန်ရေးနယ်မြေများသို့ လှည့်လည်သွားလာကာ မှတ်တမ်းဓာတ်ပုံရိုက်နေခြင်းပင်။
“စစ်တပ်ဖမ်းမှာပဲ ကြောက်တာ။ ကျန်တဲ့လူတွေက ရှင်းလို့ရတယ်၊ စကားပြောလို့ရတယ်၊ တစ်ခုခုဆို။ စစ်တပ်က မရဘူး” ဟု လက်နက်ကိုင်တော်လှန်မှုများအကြား ဒေသတစ်ခုမှ တစ်ခုသို့ ဖြတ်သန်းသွားရင်း ကြုံတွေ့ရသည့် အခက်အခဲအကြောင်း ကိုကျော်စံက ဖွင့်ဟသည်။
မြို့ပေါ်မှလွဲ၍ တော်လှန်ရေးအင်အားစု စိုးမိုးထားသည့် ဒေသများတွင် စိတ်ချလက်ချ သွားလာနိုင်သည်ဟုလည်း သူက ဆိုသည်။ အညာဒေသ၌ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များကို ကြိုတင်ချိတ်ဆက်ပြီး သွားသည်။ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များကလည်း သူသွားလိုရာသို့ လိုက်ပါပို့ဆောင်ပေးတတ်သည်။
“လူတွေက ရဲရဲရင့်ရင့်ချနေကြတာ၊ စစ်တပ်ကို တော်လှန်နေတာ ပျော်စရာကြီး” ဟု ကိုကျော်စံက အညာဒေသမှ နွေဦးတော်လှန်ရေးအကြောင်း ဖောက်သည်ချသည်။
“ကျွန်တော်တို့ မြန်မာကားထဲမှာ သီဟတင်စိုးကြီးက ရွာလယ်ကောင်မှာ လူတွေ စုခေါ်လိုက်တယ်။ ဘယ်သူတွေ ရှေ့တန်းလိုက်ရဲလဲလို့ မေးတယ်။ လူတွေအားလုံး လက်ဝိုင်းထောင်ကြတယ်။ စစ်ကောင်စီကို ချဖို့ လူတွေအများကြီးက ဟေးဆိုပြီး အဲဒီမြင်ကွင်းကြီးကို တကယ်မြင်နေရတာ”
အညာဒေသတစ်ခွင်၌ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရန် အသက်ပြည့်ပြီးသော လူငယ်များ အလုအယက် စာရင်းပေးကြသည်ကို မြင်တွေ့ခဲ့ရသည်ဟုလည်း သူက ဆိုသည်။ နယ်လှည့် စစ်ကြောင်းထိုးနေသော စစ်တပ်ကို တိုက်ခိုက်ပြီး ပြန်လာသော ကာကွယ်ရေးအဖွဲ့ဝင် လူငယ်များကို ရွာလူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်ဟုလည်း ကိုကျော်စံက ပြောသည်။
“အိမ်ကိုပဲ မီးရှို့လို့ရမယ်၊ မြေကိုတော့…”
ဆန့်ကျင်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိပ်စက်နေသော စစ်ကောင်စီသည် လက်နက်ကိုင် ပုန်ကန်နေသော ဒေသများကို အပြင်းထန်ဆုံး ဖိနှိပ်ဖြိုခွင်းလျက်ရှိသည်။ အထူးသဖြင့် အညာဒေသ စစ်ကိုင်းတိုင်းကို အငြိုးတကြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
စစ်ကိုင်းတိုင်းဒေသခံများမှာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆိုးရွားဆုံး ကြုံတွေ့ခံစားနေရသည်။ ရွာများ ဝင်ရောက်စီးနင်းခံရသည်မှာလည်း အကြိမ်ကြိမ်ပင်။ ရွာသူရွာသားများ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို လုယက်ယူငင်ကြသည်။ မသယ်နိုင်သည့် ပစ္စည်းမှန်သမျှကို အဆောက်အအုံများနှင့်အတူ မီးရှို့ဖျက်ဆီးသည်။ မီးလောင်ပြင်တွင် လာရောက်နေထိုင်သူတို့၏ ယာယီတဲအိမ်များကိုပင် မီးရှို့နေကြသည်။
“ကျွန်တော် ဓာတ်ပုံတောင် မရိုက်နိုင်တော့တဲ့အချိန်တွေ ရှိတယ်။ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေ၊ မီးလောင်ပြင်တွေ၊ စစ်သားတွေ လူသတ်နေတာ၊ ရိုက်နှက်တာတွေ မြင်ခဲ့ရတယ်” ဟု စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်လှည့်ကာ မှတ်တမ်းဓာတ်ပုံရိုက်နေသူ ကိုမျိုးထက်လှသော်က ပြောသည်။
စစ်တပ်ဝင်မွှေပြီးနောက် မီးလောင်ပြင်ဖြစ်နေသော ရွာတစ်ရွာသို့ ရောက်သွားစဉ်က အဖြစ်မှာ ကိုမျိုးထက်လှသော် စိတ်ထဲစွဲထင်နေသည်။ ကိုယ့်မျက်စိရှေ့မှောက်၌ပင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် မိခင်တစ်ဦးကို တွေ့ခဲ့ရခြင်းပင်။ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်တွင် ကျန်နေခဲ့သည့် သားဖြစ်သူကို စစ်သားများက ဖမ်းဆီးကာ သေနတ်ဒင်ဖြင့် ရက်ရက်စက်စက် ထုနှက်ရိုက်သတ်နေပုံကို ချုံပုတ်အကွယ်မှ ကြောက်လန့်တကြား ချောင်းကြည့်နေခဲ့ရသူ မိခင်တစ်ယောက်အဖြစ်က အထူးပင် ရင်နာစရာကောင်းသည်။
“အိမ်တွေလည်း ဆုံးရှုံးသွားတယ်ဗျာ၊ သားလည်း ဆုံးရှုံးသွားတယ်။ ကျွန်တော့်ကို ကြည့်တဲ့အကြည့်က အားကိုးတဲ့အကြည့်ဗျာ။ ဘာဖြစ်လာမလဲဆိုတဲ့ မျှော်လင့်ချက်ပေါ့။ ကျွန်တော် ခံစားရတယ်။ ကိုယ်တိုင်လည်း ဘာမှ လုပ်မပေးနိုင်ဘူး” ဟု ကိုမျိုးထက်လှသော်က မချိတင်ကဲ ပြောသည်။
နှစ်နှင့်ချီ ဖိနှိပ်ဖြိုခွင်းခံရပြီး မရေမတွက်နိုင်သော အိုးအိမ်ပစ္စည်းများ ဆုံးရှုံးနေသော်လည်း စစ်ကိုင်းတိုင်းမှ ပြည်သူများ စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်သည်ဟု သူက မှတ်ချက်ပြုသည်။
“အိမ်ကိုပဲ မီးရှို့လို့ရမယ်၊ မြေကိုတော့ မီးရှို့လို့ မရဘူးဆိုတဲ့ သူတို့ပြောနေကျ စကားရှိတယ်” ဟု ကိုမျိုးထက်လှသော်က ပြောလိုက်သည်။
View the original