23 February 2023
သို့
H.E. Maryam Abdullah Al Attiyah၊ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ ဥက္ကဌ၊ ကာတာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဌ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်
ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ
အကြောင်းအရာ။ ။ စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို GANHRI ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း။
၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် လူတွေ့ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားမှုအပေါ် မိမိတို့ လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (“အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) တို့က အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချသည်။ MNHRC သည် ကျရှုံးနေသော စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ မြန်မာစစ်အုပ်စုကို ကိုယ်စားပြုသော အဖွဲ့အစည်းသာဖြစ်သကဲ့သို့ မြန်မာပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်နေသော ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင်လည်း အလိုတူအလိုပါ ဖြစ်နေသဖြင့် MNHRC အား ဖိတ်ကြားထားမှုကို ရုပ်သိမ်းရန် မိမိတို့မှ လေးနက်စွာ တိုက်တွန်းတောင်းဆိုသည်။
ကျရှုံးနေသော တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းသည့် ကာလနှင့် MNHRC ကို စတင်ဖွဲ့စည်း တည်ထောင်စဥ်ကပင် ၎င်းသည် ပါရီအခြေခံမူများနှင့်အညီ လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရမည့် NHRI တစ်ခု၏တာဝန်များကို အကြိမ်ကြိမ် လျစ်လျူရှု၍ ပျက်ကွက်နေခဲ့သည်ကို မြန်မာပြည်သူများက အကြိမ်ကြိမ် မျက်မြင်တွေ့ရှိခဲ့ပြီး ဖြစ်သည်။ MNHRC သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသော ရာဇဝတ်မှုများအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများမှ လွတ်ကင်းစေရန် အတွက်လည်း စစ်အုပ်စုကို အမြဲတစေ ကာကွယ်ပေးနေသည်။ NHRI များအတွက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော GANHRI အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာအရ MNHRC ကို ဖိတ်ကြားခြင်း၊ လက်ခံဆောင်ရွက်ပေးခြင်းနှင့် အဖွဲ့ဝင်အခွင့်အရေးများ ပေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်နေခြင်းသည် လူ့အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ပါရီအခြေခံမူများ၏ ရည်ရွယ်ချက်များကို လိုက်နာကျင့်သုံးရမည့် ၎င်းတို့၏ ကျင့်ဝတ်များနှင့် လျော်ညီခြင်းမရှိဘဲ လုံးဝဆန့်ကျင်လျက်ရှိသည်။ GANHRI သည် စစ်အုပ်စု ထိန်းချုပ်ထားသော MNHRC နှင့် ဆက်လက်ထိတွေ့ ဆက်ဆံနေခြင်းအားဖြင့် ၎င်း၏ ကျင့်ဝတ်သိက္ခာ၊ ယုံကြည်လေးစားခံရမှုနှင့် ဂုဏ်သိက္ခာတို့ကို ထိခိုက်ပျက်စီးစေနိုင်မည်ဖြစ်ပြီး မြန်မာစစ်အုပ်စုက ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကူညီပံ့ပိုးပေးရာရောက်မည့် အန္တရာယ်သို့လည်း ကျရောက်နိုင်မည် ဖြစ်သည်။
မတရားအာဏာသိမ်းရန် ကြိုးပမ်းသည့် နှစ်နှစ်ကျော်ကာလတွင် မြန်မာစစ်အုပ်စုသည် မြန်မာပြည်သူ တစ်ရပ်လုံးအပေါ် စစ်မျက်နှာဆက်လက်ဖွင့်ထားပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်မည့် အနေအထား လုံးဝမတွေ့ရပေ။ မြန်မာစစ်အုပ်စုသည် ရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ အရပ်သားပြည်သူများကို ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း စသည့်ရက်စက်ကြမ်းကြုတ်မှုများကို ယခင်က မကြုံဖူးသည့်အတိုင်းအတာအထိ လုပ်ဆောင်နေ သကဲ့သို့ နိုင်ငံရေးခေါင်းဆောင်များနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ဖမ်းဆီးနှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထိရရှိသော အချက်အလက်များအရ (အနည်းဆုံး ကလေးသူငယ် ၂၈၉ ဦးအပါအဝင်) အနည်းဆုံးသော လူ ၃,၀၀၀ ဦးသည် စစ်အုပ်စု၏ အညှာအတာမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ လူပေါင်း ၁၉,၈၀၀ ကျော် မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၅,၉၀၀ ကျော်မှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ကာ လူ ၁၄၄ ဦးခန့်မှာ သေဒဏ်ချမှတ်ခြင်း ခံထားရသည်။ ပြီးခဲ့သောနှစ်တွင် စစ်အုပ်စုသည် လွှတ်တော်အမတ်ဟောင်းတစ်ဦး အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးဦးကို ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ကွပ်မျက်ခဲ့ခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အမျက်သင့်စေခဲ့သည်။ စစ်အုပ်စုသည် ကလေးသူငယ်များ အပါအဝင် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အားဆန့်ကျင်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေပြီး ဝတ်ပြုရာနေရာများ၊ ကျောင်းများ၊ ဆေးရုံများကို ပစ်မှတ်ထားလျက် အကြမ်းဖက်မှုများကို နိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေလျက် ရှိသည်။ ယင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းကို တစ်နိုင်ငံလုံး အတိုင်းအတာသို့ ပျံ့နှံ့သွားစေပြီး လျှော့ပေါ့တွက်ချက်လျှင်ပင် ခန့်မှန်းခြေ လူ ၁.၂ သန်း မှာ ပြည်တွင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၂၀၂၃ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ ခန့်မှန်းခြေ ၁၇.၆ သန်းအထိ ရှိလာမည် ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း မြန်မာစစ်အုပ်စုက ဆိုးရွားလှသည့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်နေသည့်တိုင် MNHRC သည် မြန်မာပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ယင်းအစား စစ်အုပ်စုကို ကိုယ်စားပြုပြီး ဒေသတွင်း NHRI အစည်းအဝေးများနှင့် ညီလာခံများ၌ ပါဝင်တက်ရောက်ခြင်းအားဖြင့် စစ်အုပ်စုကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် တရားဝင်မှု ရနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ပေးနေပြီး တရားမဝင် စစ်အုပ်စု၏ အကျိုးစီးပွားအတွက် ၎င်းတို့၏ ဝါဒဖြန့်ချိစစ်ဆင်ရေးအတွက် လိုက်လံသတင်းဖြန့်ဝေပေး နေသည်။ ထို့အပြင် MNHRC သည် မတရားအာဏာလုယူရန် ကြိုးပမ်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူသားချင်းစာနာစိတ်ရှိသူအဖြစ် ဖော်ပြခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တရားမဝင် အာဏာသိမ်းရေးကြိုးပမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းသောဆန္ဒပြပွဲများတွင်း ပါဝင်ခြင်းကြောင့် ဥပဒေနှင့် မလျော်ညီဘဲ ရာဇဝတ်ပြစ်မှုများဖြင့် တရားစွဲဆို အကျဉ်းကျခံနေရသော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်အချို့ အပါအဝင် အကျဉ်းသားများ လွှတ်ပေးခဲ့သည့်အပေါ် ချီးကျူးထောပနာပြုခဲ့သည်။ ထိုကဲ့သို့သော MNHRC ၏ လုပ်ရပ်များသည် မင်းအောင်လှိုင်နှင့် စစ်အုပ်စုတို့မှ ကျူးလွန်ထားသော ဆိုးရွားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကာကွယ်ပေးနေခြင်း ဖြစ်သည်။ MNHRC သည် စစ်အုပ်စုခေါင်းဆောင်ကို ချီးကျူးထောပနာပြုမည့်အစား မတရားအာဏာလုယူရေး ကြိုးပမ်းမှုကို ပြစ်တင်ရှုတ်ချပြီး အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM)ကို အားပေးထောက်ခံခြင်း၊ GANHRI နှင့် ပါရီအခြေခံမူများတွင် ဖော်ပြထားသော NHRI တစ်ခု၏ တာဝန်ဝတ္တရားများနှင့်အညီ နိုင်ငံအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးများကို ဝေဖန်ထောက်ပြရမည် ဖြစ်သည်။
GANHRI သည် စစ်အုပ်စုကထိန်းချုပ်ထားသည့် MNHRC ကို ဖိတ်ခေါ်မည့်အစား လက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အောက်တွင် ဖော်ဆောင်နေသည့် လွတ်လပ်သော NHRI အသစ်တစ်ခု ဖွဲ့စည်းတည် ထောင်ရေးကို ပြောင်းလဲထောက်ခံပံ့ပိုးပေးရမည် ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အခြေခံ၍ ဖွဲ့စည်းထားသော NUG အစိုးရသည် ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပြီး မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်သည်။ မြန်မာစစ်အုပ်စုမှ နိုင်ငံ၏အာဏာကို မတရားလုယူရန် ကြိုးပမ်းနေခြင်းဖြစ်သဖြင့် MNHRC အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အုပ်စု၏ အကျိုးစီးပွားအတွက် အလုပ်အကျွေးပြုသော မည်သည့်အဖွဲ့အစည်းနှင့်မျှ ထိတွေ့ဆက်ဆံခြင်း မပြုရန်၊ နှင့် GANHRI အနေဖြင့် MNHRC အား ဖိတ်ကြားမှုကို ရုပ်သိမ်းရန် မိမိတို့မှ တောင်းဆိုသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အာရှပစိဖိတ်ဖိုရမ် (APF) နှင့် GANHRI ထံသို့ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် MNHRC သည် (GANHRI သဘောတူစာချုပ်၊ အပိုဒ် ၂၄.၂ အရ) ပါရီအခြေခံမူများကို “တစ်စိတ်တစ်ပိုင်း လိုက်နာသည်” ဆိုသည့်အဆင့်ထက်ပင် နိမ့်ကျနေသည့်အတွက် အပိုဒ် ၂၇ အရ MNHRC ၏ “B” အဆင့် သတ်မှတ်ချက်ကို ရုပ်သိမ်းရန်နှင့် MNHRC ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် GANHRI ဗျူရိုအား တောင်းဆိုခဲ့သည့် အချက်များကို မိမိတို့အလုပ်အဖွဲ့က ယခုထပ်မံတောင်းဆိုလိုက်သည်။ ထို့အပြင် GANHRI အနေဖြင့် စစ်အုပ်စု၏ မတရားအာဏာလုယူရေး ကြိုးပမ်းမှု မတိုင်မီကပင် ပါရီအခြေခံမူများကို ဆိုးရွားစွာ ဖောက်ဖျက်လာနေသော MNHRC ကို အလုပ်ဖြစ်သည့် NHRI တစ်ခုအဖြစ် သတ်မှတ်၍ မရပေ။ GANHRI သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ လှုပ်ရှားမှုကို အားပေးထောက်ခံပြီး အားလုံးအတွက် လူ့အခွင့်အရေးကို အပြည့်အဝ ဖြည့်ဆည်းပေးရန်အတွက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းမှုများနှင့် လိုအင်ဆန္ဒများကို အားပေးထောက်ခံရမည် ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ANNI အကြောင်း
အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (ANNI) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာန (NHRI) များနှင့် ဆက်စပ်သည့်ကိစ္စများအရေးကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်၌ ANNI တွင် နိုင်ငံ သို့မဟုတ် နယ်မြေဒေသ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ခု ပါဝင်သည်။ ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ် မြှင့်တင်နိုင်ရန်အတွက် ထို NHRI များ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုခိုင်မာအားကောင်းလာစေရေးကို အလေးထားလုပ်ဆောင်နေကြသူများ ဖြစ်သကဲ့သို့ ထို NHRI များမှ ပါရီအခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHR-SCA ၏ အထွေထွေလေ့လာဆန်းစစ်ချက် အပါအဝင် နိုင်ငံတကာစံနှုန်းများကို ပို၍ကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ ANNI ကွန်ရက်ကို ၎င်းတည်ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးထားသည်။ Website: http://l.forum-asia.org/ANNI
အလုပ်အဖွဲ့အကြောင်း
လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (“အလုပ်အဖွဲ့”) က တရားမဝင်မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန အသစ်တစ်ခုဖြင့် အစားထိုး တည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခု ဖြစ်ပါသည်။ အလုပ်အဖွဲ့ကို ယခင်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ ဟုလည်းသိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိပါသည်။ အလုပ်အဖွဲ့သည် ၎င်း၏ တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင်စစ်အုပ်စု၏ အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်များဖြစ်သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သော ကော်မရှင် ဖြစ်လာစေရန်အတွက် တစိုက်မတ်မတ် လုပ်ဆောင် လာခဲ့သည်။ Email: [email protected]၊ Facebook: https://www.facebook.com/WGonNHRIBurma
Download PDF in English I Burmese
Read in English
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.