ဖိနှိပ်မှုပြင်းထန်သည့် နာမည်ကျော် အင်းစိန်ထောင်တွင် ၆ လကြာ နေခဲ့ရသော ပန်းချီဆရာသည် စစ်ခေါင်းဆောင် သတ်သေတော့မည့်ပုံကို ရန်ကုန်မြို့လမ်းများပေါ်တွင် ဆွဲခဲ့သူဖြစ်သည်။
အဖြူရောင်ဆံပင်ရှည်များကို စည်းထားသည့်၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများလည်း ဖြူဆွတ်နေသည့် ၅၁ နှစ်အရွယ်ရှိ ပိန်ပိန်ပါးပါး ပန်းချီဆရာ ကိုဖိုးက ထိုကားချပ်များကို ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ၆ လကြာ နေထိုင်ရစဉ် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ဘောပင်ကိုင်ဆောင်ခွင့် တားမြစ်ထားသည့် အကျဉ်းထောင်တွင်းမှ မြင်ကွင်းများကို ရရာစက္ကူဖြင့် မှတ်တမ်းတင်ခဲ့ပြီး ထိုအထဲမှ အကျဉ်းသားတစ်ဦးချင်း၏ ပုံတူ၊ အကျဉ်းသားတို့ သန့်ရှင်းရေးလုပ်နေရပုံနှင့် ထောင်တွင်းမြင်ကွင်းများ စသည့် ကားချပ် ၇၀ နီးပါးကို ထောင်မှ ပြန်လွတ်လာသည့်နေ့က ထောင်အာဏာပိုင်များရှေ့တွင်ပင် လျှို့ဝှက် သယ်ထုတ်လာသူဖြစ်သည်။
ရန်ကုန်မြို့ အင်းစိန်ထောင် မြင်ကွင်းကို ရေးဆွဲနေသည့် ပန်းချီဆရာ ကိုဖိုး။ ဓာတ်ပုံ – Ko Arkar
ကားချပ်များ၏ ဇာတ်လမ်းအစ
စစ်အာဏာသိမ်းပြီး တစ်လအကြာ ပူပြင်းလှသည့် မတ်လ၏ ရန်ကုန်နေပူပူအောက် လမ်းမကြီးပေါ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့နားထင်ကို သူကိုယ်တိုင် ပစ္စတိုသေနတ်ဖြင့် ချိန်နေသည့်ပုံ ရှိခဲ့ဖူးသည်။
နာရီအတန်ကြာ ရေးဆွဲခဲ့ရသည့် ထိုပုံများသည် ရန်ကုန်မြို့လယ် ဆန္ဒပြလူအုပ်ကြီးများအကြားနှင့် အွန်လိုင်း လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့ခဲ့သလို ထိုပုံများ၏ ဖန်တီးရှင် ကိုဖိုးလည်း ဆန္ဒပြသူများကြား မထင်မရှားပုံစံဖြင့် ရှိနေခဲ့သည်။
ယခုအခါ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီဖြစ်သည့် ကိုဖိုးက လမ်းမများပေါ်တွင် ထိုသို့ ရေးဆွဲနိုင်ခဲ့သည့်အတွက် ဂုဏ်ယူနေဟန်ရှိနေသည်။
သူ့ဇာတိမှာ အာဏာသိမ်းစစ်ကောင်စီ အသည်းအသန် ထိုးစစ်ဆင်ကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေသည့် မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာမှ ဖြစ်သည်။
၁၉၈၈ တွင် သင်္ဘောဖြင့် မိခင်ဖြစ်သူ၏ ဇာတိရွာသို့ ပြန်ခဲ့ရာမှ ပန်းချီဆွဲခြင်းကို စိတ်ဝင်စားလာသည်။ ရေဆေးပန်းချီများကို စတင်ရေးဆွဲခဲ့ပြီး ၁၉၉၆ တွင် ပန်းချီပြခန်းလေးတစ်ခု ရန်ကုန်တွင် စတင်ဖွင့်လှစ်ခဲ့သည်၊ ထို့နောက် မဂ္ဂဇင်းနှင့် သတင်းဂျာနယ်စာစောင်အချို့တွင် သရုပ်ဖော်ပုံများလည်း ရေးဆွဲခဲ့သေးသည်။
၂၀၁၃ တွင် ပန်းချီဆွဲခြင်းကို ရပ်နားလိုက်ပြီး ဇနီးဖြစ်သူက ကုမ္ပဏီတစ်ခုတွင် အထွေထွေမန်နေဂျာရာထူးဖြင့် အလုပ်လုပ်ကိုင်သည်၊ ကိုဖိုးမှာ သားဖြစ်သူကို နေအိမ်တွင် ပြုစုစောင့်ရှောက်ရင်း အချိန်များ ကုန်လွန်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၈ နှစ်အကြာတွင် အာဏာသိမ်းမှုကြောင့် စုတ်တံပြန်ကိုင်လာခဲ့ရသည်။
ဆယ်ကျော်သက်အရွယ် သားဖြစ်သူက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လမ်းပေါ်မှ ဆန္ဒပြပြည်သူများထံ နေ့စဉ်နှင့်အမျှ သွားရောက်ပူးပေါင်းလေ့ရှိရာ အာဏာသိမ်းမှု လက်မခံနိုင်သည့် သူကလည်း သားနှင့်အတူ လိုက်ဖြစ်သွားသည်။
“သားက ဆန္ဒပြတဲ့ထဲ လိုက်ပြီလေ၊ အသက်က ၁၄ နှစ်ရှိပြီဆိုတော့။ ကိုယ့်သားကို စိတ်မချလို့ လိုက်ရတာရော၊ ကိုယ်တိုင်ကလည်း ဒါကြီးကို လက်မခံဘူးလေ၊ အဓိပ္ပာယ်မှ မရှိတာ။ ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ရမယ်ဆိုပြီး လုပ်တယ်” ဟု ကိုဖိုးက ဆိုသည်။
ထို့နောက် စစ်ခေါင်းဆောင် သတ်သေတော့မည့်ပုံများ လူမြင်ကွင်းတွင် ဖန်တီးရန်လည်း စိတ်ကူးမိခဲ့သလို လိုအပ်သည့် ကုန်ကြမ်းပစ္စည်းဝယ်ရန်လည်း ကူညီသူ ရှိလာသည်။
“သူငယ်ချင်းတစ်ယောက်က ပိုက်ဆံထုတ်ပေးတယ်။ ကိုယ်က ပန်းချီရေးတယ်။ အဲဒါ သုံးနေရာလောက်မှာ လုပ်ဖြစ်ခဲ့တယ်။ တစ်ခါရေးရင် လေးနာရီ၊ ငါးနာရီလောက် ကြာတယ်” ဟု ကိုဖိုးက ဆိုသည်။
မဟုတ်မခံစိတ်ရှိသည့် ကိုဖိုးက သူနေထိုင်ရာ လမ်းထဲရှိ ရာအိမ်မှူးဆိုသူနှင့်လည်း သဟဇာတမဖြစ်ပေ။ ထိုအခြေအနေက သူ့ကို ထောင်ထဲရောက်အောင် တွန်းပို့ခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး လမ်းပေါ်ထွက် ဆန္ဒပြစဉ် ရန်ကုန်တွင် သူတို့လည်း နေ့ဘက် လမ်းပေါ်ထွက်ကြသည်၊ စစ်တပ်အမိန့်ကြောင့် နေအိမ်အပြင်မထွက်ရသည့် ည ၈ နာရီ ရောက်လျှင် အများနည်းတူ သံပုံးတီးကြသည့်နည်းဖြင့် အင်အားပြကာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ ကင်းလှည့်ရန်၊ ဆန့်ကျင်သူတချို့ကို ဝင်ရောက်ဖမ်းဆီးရန် စစ်တပ်မော်တော်ယာဉ်များက လမ်းပေါ်တွင် ရှိနေကြသည်။
၂၀၂၁ ဧပြီ ၇ ရက်နေ့ ည ကိုဖိုးတို့ မိသားစု သံပုံးတီးပြီး တစ်နာရီခန့် အကြာတွင် သူနေထိုင်ရာ လမ်းထဲ ဝင်လာသည့် အင်အား ၃၀ ကျော်ရှိ ရဲနှင့် စစ်သားများ သူ့အိမ်ရှေ့ ရောက်လာကြသည်။
လမ်းမပေါ် ပုံကြီးကြီး ရေးဆွဲခဲ့သော ပန်းချီဆရာက ထွက်ပြေးရန် စဉ်းစားမိသော်လည်း ဇနီးနှင့် အရွယ်မရောက်သေးသည့် သားဖြစ်သူ ကျန်ရစ်ခဲ့မည်စိုးသဖြင့် သူကိုယ်တိုင်ပင် တံခါးဖွင့်ပေးခဲ့သည်ဟု ဆိုသည်။
အိမ်တံခါးဖွင့်လိုက်သည်နှင့် ရဲနှင့် စစ်သားတို့၏ လက်သီးထိုးချက်များ၊ စစ်ဖိနပ်နှင့် ကန်ကျောက်ခြင်းများ၊ သေနတ်ဒင်ဖြင့် ထုနှက်ခြင်းများ ဆက်တိုက် ပေါ်ပေါက်လာသည်။ သားနှင့် ဇနီး တစ်ပြိုင်တည်း ဖမ်းဆီးခံလိုက်ရကြောင်း၊ လာဖမ်းသူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေခဲ့သည့် ဒီလှိုင်းစာစောင်အချို့၊ မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးထားသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ပန်းချီပိုစတာတစ်ချပ် စသည့် ပစ္စည်း ၂၂ ခုကို သက်သေအဖြစ် သိမ်းသွားကြောင်းတို့ကို နောက်မှ သူသိရသည်။
“ကိုယ့်ဆီ လာနေပြီဆိုတာ သိလိုက်တော့ လမ်းမပေါ်ဆွဲခဲ့တဲ့ ပန်းချီကြောင့် ထင်လိုက်တာ။ ဟာ ငါတော့ သေပြီလို့။ မင်းအောင်လှိုင် Gunshot လုပ်တဲ့ပုံက အကြီးကြီးလေ။ ငါတော့ သတ်ရင်လည်း ခံရမှာပဲလို့” ဟု သူက ဆိုသည်။
သူ့ကို နှိပ်စက်၊ ချုပ်နှောင်ပြီး စစ်ကားပေါ် တင်ထားစဉ် ရဲတစ်ယောက်က စကားလာပြောသည်၊ ရာအိမ်မှူးဆိုသူက တိုင်ကြားသဖြင့် မဖြစ်မနေ ဖမ်းရခြင်းဖြစ်သည်ကို သူသိသွားသော်လည်း ချက်ချင်းပင် သူစိတ်သက်သာရာ ရသွားပြီး ပျော်သွားသည်ဟု ကျေနပ်အားရစွာ ပြုံးရယ်ပြီး ပြောပြသည်။
၁၄ နှစ်အရွယ် သားဖြစ်သူမှာ ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက မြို့နယ်ရဲစခန်းမှူးကို ငွေကျပ် ၅ သိန်းပေးအပြီး နောက်တစ်နေ့တွင် ပြန်လွတ်သွားသည်။
၎င်းတို့ဇနီးမောင်နှံမှာ မြို့နယ်ရဲစခန်းတွင် နှစ်ည ချုပ်ခံရပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ရောက်သွားကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ခံခဲ့ကြရသည်။
အလုပ်များသော ပန်းချီဆရာ
ထောင်သို့ ရောက်သည့် နေ့တွင်ပင် ဝန်ထမ်းတစ်ဦးက သူ့ထံ ရောက်လာပြီး လိုင်စင်ဓာတ်ပုံ ၁ ပုံ၊ ခဲတံ၊ စာရွက်တို့ကို ပေးပြီး ပုံတူ ရေးဆွဲခိုင်းသည်။
“ထိုးကြိတ်ခေါ်လာတော့ မျက်မှန်က မပါဘူး။ မျက်မှန်မပါဘူး၊ ကျွန်တော်မမြင်ရဘူးဆိုတော့ ခင်ဗျား ပါဝါဘယ်လောက်ရှိလဲ မေးတယ်။ စာကြည့်မျက်မှန်၊ ပါဝါ ၂၀၀ လို့ ပြောလိုက်တော့ ခင်ဗျား မြင်သလောက်ရေးတဲ့။ ရေးရတယ်၊ ကိုယ်ဆွဲပေးတာ သူသဘောကျတယ် ထင်ပါတယ်” ဟု ကိုဖိုးက ဆိုသည်။
“ဒီကောင်ကပဲ နောက်လေးငါးရက်လောက်နေတော့ မျက်မှန်တစ်လက် လှမ်းပို့လိုက်တယ်။ ဒီကောင် အတော်ဆိုးတဲ့အကောင်ပဲ။ အကျဉ်းသားတွေအပေါ် ဆဲတယ်၊ ဆိုတယ်။ အတော်ဗိုလ်ကျတဲ့အကောင်”
သို့သော်လည်း ထိုဝန်ထမ်း၏ ဖခင်ဖြစ်ဟန်ရှိသူ၏ ပုံတူခဲပန်းချီ ဆွဲပေးထားသဖြင့် ပန်းချီဆရာမှာ ကောင်းမွန်စွာ ဆက်ဆံခံရသည်။ ရှောင်တခင်စစ်ဆေးရေးဝင်ချိန် ပန်းချီဆရာထံတွင် ဘောပင်၊ စာရွက်ကဲ့သို့သော ထောင်တွင်း ကန့်သတ်ပစ္စည်း တွေ့လျှင်ပင် မမြင်ချင်ယောင်ဆောင်ထားသည်ဟု ဆိုသည်။
“surprise check (ရှောင်တခင် ရှာဖွေ စစ်ဆေးရေး) လုပ်တဲ့နေ့ဆို သူပါလာတတ်တယ်။ အဲ့လိုလုပ်ပြီဆို အင်အားအများကြီးနဲ့ လာတာ။ အော်ဟစ်ဆူဆဲ။ တော်တော် မိုက်မိုက်ရိုင်းရိုင်းကောင်ပါ။ ဒါပေမဲ့ ကိုယ့်ဆီမှာ ဘောပင်တွေဘာတွေ တွေ့ရင်တော့ သူဘာမှမပြောဘူး” ဟု ကိုဖိုးက ဆိုသည်။
ပန်းချီဆရာက တရားစခန်းအဆောင်အမှတ် ၄ တွင် နေထိုင်ခဲ့ရသည်။ ထိုအဆောက်အအုံများသည် နှစ်ရှည်ထောင်ဒဏ်ကျခံရသူများအတွက် ဖြစ်သော်လည်း ၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းပြီးနောက် တစ်နေ့ထက်တစ်နေ့ များပြားလာသော အကျဉ်းသားဦးရေကြောင့် အချုပ်ဆောင် ဖြစ်လာသည်ဟု သူက ပြောသည်။
ပူပြင်းလှသည့် နွေရာသီဖြစ်သော်လည်း ထိုအကျဉ်းခန်းတွင် တစ်ဦးနှင့် တစ်ဦး အသားချင်း ထိကပ်သည့် အနေအထားမျိုးဖြင့် နေထိုင်ကြရသည်။
“အဆိုးဆုံး ငရဲကျတဲ့နေ့ပဲ။ ဧပြီလကြီးလေ၊ ပူကြွပ်နေတာပဲ။ ပါကေးအခင်းမှာ အောက်က ကြမ်းပိုးကကိုက်သေး။ ပါးကေးမရှိတဲ့ဘက်က သမံတလင်း။ ကိုယ်ကျတဲ့နေရာ အိပ်ရာ။ ဘေးတန်းပတ်လည်အိပ်ချင်ရင် ပိုက်ဆံပေးရတာ” ဟု ကိုဖိုးက ပြောသည်။
ဘောပင်ကိုင်နိုင်သူကို ရှာခဲ့သည်။ သူကြီးဟု ခေါ်သည့် အချုပ်ခန်း၏ တန်းစီး၊ ထိုသူ့အောက်တွင် စည်းကမ်းထိန်း၊ သူတို့အောက်တွင် စာရေး စသည့် ရာဇဝတ်မှုဖြင့် အချုပ်ကျနေသူ ၃ ဦးသာ တွေ့ရသည်။
“ဘောပင်နဲ့ စာရွက်က သူတို့ဆီမှာ ရှိတယ်။ ကိုယ်က သူတို့ကို ချဉ်းကပ်ရတာပေါ့။ သူတို့ပုံလေး ဆွဲပြတော့ သူတို့သဘောကျတယ်လေ။ အဲ့နည်းနဲ့ပဲ ဘောပင်နဲ့ စာရွက်ရအောင် အခွင့်အရေးယူခဲ့တာ” ဟု ကိုဖိုးက ဆိုသည်။
ဘောပင်ရရှိပြီးနောက်တွင် ထောင်တွင် လာရောက်ပို့ဆောင်သည့် အစားအသောက်ချပ်ဖာပုံးများကို ဖြဲယူ၍ ခဲခြစ်ပန်းချီများကို ကိုဖိုး တစ်ရက်မပျက် ရေးဆွဲခဲ့သည်။
“ရတဲ့စာရွက်မှာ ရေးတာပဲ။ စာရွက်ကောင်းကောင်းရရင်တော့ ပိုကောင်းပေမဲ့ စာရွက်မကောင်းလည်း အရုပ်ထင်ရင် ရေးတာပဲ။ နောက် အခြားအကျဉ်းသားတွေကလည်း မုန့်ထုပ်တွေထဲကပါတဲ့ စာရွက်တွေ လာပေးတယ်။ ပန်းချီဆရာ သူတို့ကိုလည်း ရေးပေးပါဆိုပြီး လာပေးကြတာ” ဟု သူက ပြောသည်။
ထိုမှတစ်ဆင့် သူ့အနီးအနားမှ အကျဉ်းသားများအားလုံး၏ ပုံတူများကို တစ်ယောက်တစ်ပုံ ရေးပေးရန် ကိုဖိုး ဆုံးဖြတ်ခဲ့သည်။
“ရေးပြီးတော့ ကိုယ့်ဖုန်းနံပါတ်ပါ ရေးပေးမယ်။ ပြီးရင် လွတ်လာခဲ့ရင် ကိုယ့်ဆီကို ဆက်သွယ်လို့ ရကြအောင်။ ဘာလို့လဲဆိုရင် လူတိုင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းကြတယ်။ သူတို့ပုံဆွဲရင် သူတို့အကြောင်းတွေပါ မေးရင်း ဆွဲတဲ့ပုံမှာ သူတို့အကြောင်း အကျဉ်းချုပ်ပါ ထည့်ရေးတယ်” ဟု သူက ဆိုသည်။
“ရယ်စရာကောင်းတဲ့ဇာတ်လမ်းတွေရော၊ အတော် ကိုးရိုးကားရားနိုင်တဲ့ ဇာတ်လမ်းတွေရော၊ စိတ်မကောင်းစရာဇာတ်လမ်းတွေရော စုံနေတာပဲဆိုတော့ ဒီအကြောင်းတွေ စာအုပ်ပြန်ထုတ်ဖို့ စဉ်းစားခဲ့တာ”
အဆောင် ၄ ၏ ခွေပေါက်ဖြစ်လာသူ
အကျဉ်းသားများကြား နာမည်ကျော်ကြားလာသူဆိုလျှင် ခွေပေါက်ဟု ခေါ်ဝေါ်ကြကြောင်း ကိုဖိုးက ဆိုသည်။ သီချင်းတစ်ခွေတည်းနှင့် ပေါက်သွားသည့် အဆိုတော်များကဲ့သို့ ခိုင်းနှိုင်းခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
“ပန်းချီဆရာ ခင်ဗျားတော့ ခွေပေါက်ဖြစ်ပြီ။ ခွေပေါက်ဖြစ်ရင် ခင်ဗျားကို ဘယ်သူမှ မထိကြတော့ဘူးလို့ အခြားနိုင်ကျဉ်းတွေက ပြောပြတယ်။ တကယ်လည်း မထိတော့ဘူး။ ထောင်ထဲမှာဆို သူဌေးတွေက ခွေပေါက်ပဲ။ သူတို့က (အများသုံးဖို့) အလှူငွေလည်း ထည့်တယ်။ အဲ့ကြားထဲ ကိုယ်က ခွေပေါက်ဖြစ်လာတာ” ဟု သူက ပြောသည်။
၎င်းတို့၏ ပုံတူများကို ရေးဆွဲရန် တန်းစီနေသော အကျဉ်းသားများမှာ တရားစခန်းအဆောင်အမှတ် ၁ မှ ၄ အထိ ရှိနေသည်။ ကိုဖိုးအနားတွင် အကျဉ်းသားများ ရုန်းရုန်းဖြစ်နေလျှင် သူကြီးတစ်ဖြစ်လဲ တန်းစီးဆိုသူနှင့် အဖွဲ့က အမြင်မကြည်လင်ကြတော့ပေ။
သို့သော် သူတို့၏ပုံတူများကိုလည်း သူတို့၏ တောင်းဆိုချက်အရ ကိုဖိုးက ရေးဆွဲပေးခဲ့ရပြီးဖြစ်သည်။
ပုံတူတချို့ကို ၂ ကြိမ်ဆွဲပြီး ကိုဖိုးက သူ့အတွက်တစ်ပုံ သိမ်းယူထားသည်။ အကျဉ်းသားများ အလုပ်လုပ်ကြရပုံနှင့် ထောင်တွင်းမြင်ကွင်းများကိုမူ တန်းစီးနှင့် သူ၏ငယ်သားများ မမြင်အောင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။
သူမှတ်တမ်းတင်ထားသည့်အထဲတွင် အကျဉ်းသားများ ကျားထိုးနေပုံ၊ မိလ္လာဆယ်နေကြပုံ၊ ပူးပူးကပ်ကပ် အိပ်စက်နေကြရပုံ၊ ရေကန်ရှည်တွင် ရေချိုးနေကြရပုံတို့ ပါဝင်သည်။
မိလ္လာမဆယ်လိုသူတို့က ထောင်ဝန်ထမ်းများကို လာဘ်ထိုးကြရသည်။ အင်းစိန်ထောင်တွင်း စိုက်ခင်းအတွက် ထိုမိလ္လာကန်မှ အညစ်အကြေးအရည်ကို အသုံးပြုကြသည်။
ကုန်ကြမ်းများ
ရရာစက္ကူများဖြင့် ရေးဆွဲရခြင်းဖြစ်သဖြင့် အချို့သော စက္ကူအပိုင်းအစများမှာ မညီမညာရှိနေကြသည်။ အချို့သော ပုံဆွဲစာရွက်များမှာ အကျဉ်းဦးစီးဌာနက တင်ဒါခေါ်ယူထားသည့် စာရွက်စာတမ်းများဖြစ်ပြီး လိမ်ညာထားသည့်အချက်အလက်များကို အထင်းသားတွေ့ရကြောင်း သူက ရယ်မောလျက် ပြန်ပြောပြသည်။
“တင်ဒါစာရွက်တွေလည်း ပါတယ် ပုံဆွဲတာ။ ဘယ်ကုမ္ပဏီက အကျဉ်းထောင်ရဲ့ ဘယ်နေရာအတွက် ဘာလုပ်တယ်ပေါ့။ လိမ်တာညာတာတွေလည်း တွေ့ရတာပဲ။ အကျဉ်းသားတွေကို ဆေးပေးပါတယ်၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးပါတယ်နဲ့ လုပ်ထားတာ။ တကယ်လည်းမလုပ်ဘဲနဲ့ လျှောက်ရေးထားကြတာလေ” ဟု သူက ဆိုသည်။
ပုံဆွဲရန် စာရွက်များရရှိရန် မူလက တန်းစီးနှင့် ရင်းနှီးအောင် ချဉ်းကပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အမှိုက်ပုံးနား သွားခွင့်ရှိသည့် အခြားအကျဉ်းသားများနှင့်ပါ ကိုဖိုး ရင်းနှီးမှုယူခဲ့သည်။ အကျဉ်းထောင် အမှိုက်ပုံးများထဲမှ အကျဉ်းဦးစီးဝန်ထမ်းများလွှင့်ပစ်ထားသည့် စာရွက်များမှာ ကိုဖိုးအတွက် ပန်းချီစာရွက်များဖြစ်လာသည်။
ပြောင်းရွှေ့မည့် ထောင်အရာရှိတစ်ဦးအတွက် တန်းစီးနှင့်အဖွဲ့က ဦးဆောင်ပြီး အလှူငွေကောက်ယူခြင်းကို သူက ကန့်ကွက်သည့်အတွက် တိုင်ကြားခံရသေးသည်။
“အဆောင်မှူးပြောင်းတာ ကန်တော့ကြေးဆိုပြီး ကောက်တယ်။ ခင်ဗျားတို့ ရူးနေလား၊ အဆောင်မှူးက ဘာကျေးဇူးရှိလို့ ကျုပ်တို့က ကန်တော့ရမှာလဲ၊ ခင်ဗျားတို့ တစ်ယောက်မှ မထည့်နဲ့လို့ ပြောလို့ မိန်းဂျေးလို့ခေါ်တဲ့ အကျဉ်းဦးစီးမှူးကို သွားတိုင်တာပဲ။ ပန်းချီဆရာက စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ပါတယ်ဆိုပြီး စွပ်စွဲချက် ခြောက်ချက်လောက်နဲ့ တိုင်တာ” ဟု ကိုဖိုးက ပြောသည်။
တန်းစီးနှင့်အဖွဲ့ တိုင်ကြားချက်ကြောင့် စွဲချက်ကို ထောင်ဦးစီးမှူးက လက်ခံခဲ့လျှင် သူ့ကို ရိုက်နှက် နှိပ်စက် ခြေချင်းခတ်ကာ အခန်းကျဉ်းတွင် တိုက်ပိတ်ပြစ်ဒဏ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ထိုအမှုမှာ ခံဝန်ချက် လက်မှတ်ထိုးပေးရခြင်းနှင့်သာ အဆုံးသတ်သွားသည်။
ကိုဗစ်ကပ်ဘေးကြောင့် လူသေဆုံးမှုများပြားသည့် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကိုဖိုး ကိုဗစ်ဖြစ်၍ နှစ်ပတ်ခန့် ပုံဆွဲရပ်ထားခဲ့ရသေးသည်။
ဗိုလ်ချုပ်ကြီးများက ကိုဗစ်အကြောင်းပြ၍ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားသဖြင့် အကျဉ်းသားများမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြသည်။ အိမ်က ပစ္စည်းပို့လျှင်မူ လက်ခံနိုင်သည်။
ထောင်ထဲတွင် ရက်ပေါင်း ၁၈၀ အတွင်း တရားစခန်းအဆောင် ၄ ခုတွင် ပြွတ်ခဲပြီး နေကြရသည့် အကျဉ်းသားများ၏ ပုံတူများနှင့် ထောင်မြင်ကွင်းများ စုစုပေါင်း ပုံ ၂၀၀ နီးပါးကို ရေးဆွဲခဲ့သည်။ ပုံတူများသည် ဝန်ထမ်းများအကူအညီဖြင့် မိသားစုများထံ ရောက်သွားကြသည်။
“အကျဉ်းသားတွေက သူတို့ပုံ ဆွဲပေးရင် သိပ်ပျော်ကြတယ်။ သူတို့မိသားစုတွေကို Viber လိုကနေ ပို့ကြတယ်။ ငါတို့ ဒီမှာ ဒီလိုရှိနေတယ်။ အထဲက ငါတို့ပုံပေါ့။ အပြင်ကို ဘယ်လိုပို့ကြလဲဆိုတော့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ပိုက်ဆံပေးပြီး ပို့ခိုင်းကြတယ်” ဟု ကိုဖိုးက ပြောပြသည်။
ဆုံခဲ့ရသည့် အကျဉ်းသားများ
အိမ်ထောင်ရေးဖောက်ပြန်နေသည့် ဇနီးသည်ကိုယ်တိုင်က ၅၀၅ ဖြင့် အမှုဆင်တိုင်ကြားသဖြင့် အင်းစိန်ထောင်ထဲရောက်လာသူကိုလည်း တွေ့ခဲ့ရသည်ဟု သူက ပြောပြသည်။
လယ်သမား၊ နိုင်ငံရေးသမား၊ ကျောင်းသား၊ ဈေးသည်၊ ဆန္ဒပြသူ အစရှိသည့် အမျိုးစုံသော အသက်အရွယ်စုံ နိုင်ငံရေးအကျဉ်းသားများနှင့် ကိုဖိုး ရင်းနှီးခဲ့ပြီး သူတို့၏ ပုံတူများကို ရေးခြယ်ပေးခဲ့သည်။
“ဆွဲချင်တဲ့သူတွေမှ တန်းစီနေတာ။ အဲဒီမှာ လူတစ်ယောက်က မှတ်မှတ်ရရပဲ။ ကျွန်တော်က သူ့ကို ရေးပေးချင်လို့ပြောတာ ကျွန်တော် မအားသေးဘူးတဲ့ဗျာ။ သူက စိုင်းစံတဲ့။ စစ်တပ် ဝါးလုံးသိမ်းဖမ်းတဲ့ထဲ လှိုင်သာယာကနေ ပါလာတာ။ ဈေးသည်ပဲ။ သူ့ကို ဘယ်သူမှလည်း ထောင်ဝင်စာပို့ပုံမရဘူး။ အဲဒါလည်း သူမမှုဘူး။ သူဘာလုပ်လဲဆို ထောင်ထဲမှာ သူများပိုတဲ့ပစ္စည်းတွေကို သူက လိုက်ရောင်းပေးတယ်။ ပစ္စည်းချင်း လဲတာပေါ့။ သူက ရောင်းပေးတာ။ အဲ့လူကို ပန်းချီရေးဖို့ တော်တော်တောင်းဆိုရတယ်။ နောက်ဆုံး ရေးခွင့်ရခဲ့တယ်။ မင်းကို ကော်ဖီမစ်သုံးထုပ် ပေးမယ်ဆိုမှ တကယ်လားတဲ့။ အဲ့တော့မှ ရေးခွင့်ရခဲ့တယ်။ တကယ့်အမှတ်တရပဲ” ဟု သူက ဆိုသည်။
ဇနီးသည်နှစ်ဦးထံ စာနှစ်စောင်ရေးပေးရန် အကူအညီတောင်းလာသည့် လှိုင်သာယာမှ လူမိုက်ကြီးတစ်ဦးအကြောင်းလည်း ကိုဖိုးက ပြောပြလာသည်။
“တစ်ရက် ဗလကြီးကြီးနဲ့ လူတစ်ယောက် အနားလာတယ်။ ဆရာတဲ့ ကျွန်တော် မရှက်တော့ပါဘူးဗျာ၊ ကျွန်တော်က စာမတတ်ဘူး၊ စာတစ်စောင်ရေးပေးတဲ့။ ကျွန်တော် မဌေးရီလို့ ရေးရမလား၊ မိန်းမရေလို့ ရေးရမလားတဲ့။ ဟာ ကျွန်တော်က ကိုယ့်မိန်းမကိုယ် မိန်းမရေပေါ့လို့ ဆိုတော့ အဲဒါဆို မိန်းမရေလို့ အစချီခိုင်းတယ်။ သူ့ကို ငွေနှစ်သိန်း နောက်ဆုံးအနေနဲ့ ပို့ခိုင်းတယ်။ နင့်ကျေးဇူးကို မမေ့ပါဘူး၊ ငါပြန်ဆပ်ပေးမယ်ဆိုပြီး ရေးခိုင်းတယ်” ဟု သူက ပြန်ပြောပြသည်။
“အဲဒါပြီးတော့ နောက်တစ်စောင်တဲ့။ နောက်တစ်စောင်ပြောဆိုတော့ မိန်းမရေပဲတဲ့ နောက်တစ်စောင်လဲ။ ဒါ နောက်တစ်ယောက်တဲ့။ ကလေးတွေအမေတဲ့။ ဒီတစ်စောင်ကျတော့ ဒီမိန်းမကို မိန်းမရေ ငါ့အတွက် အကုန်အကျမခံနဲ့တော့တဲ့။ ဒါပေမဲ့ ပိုက်ဆံဆယ်သိန်း မရရအောင် ရှာပေး၊ ငါ နင့်ဆီကို တစ်လ ၂ သိန်း ၃ သိန်း ပြန်ပို့ပေးမယ်တဲ့။ အဲ့လိုရေးခိုင်းတာ”
အကျဉ်းသားတစ်ဦးက ထိုငွေပမာဏ မိသားစုထံ တောင်းခံခြင်းမှာ တန်းစီးလုပ်လို၍ ဖြစ်သည်။ ထောင်အရာရှိများကို လာဘ်ထိုးနိုင်သဖြင့် တန်းစီးတစ်ဦးဖြစ်လာလျှင် အခြားအကျဉ်းသားများကို အနိုင်ကျင့် ငွေညှစ်သည့်နည်းလမ်းဖြင့် ပိုက်ဆံပြန်ရှာပြီး အပြင်သို့ ငွေပြန်ပို့နိုင်သည်အထိ ဝင်ငွေကောင်းသည်။
အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ဖမ်းပြီးလျှင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လေ့ရှိရာ ထိုအထဲတွင် မှားယွင်းဖမ်းဆီးလာမိသူများလည်း ရှိတတ်သည်ဟု ကိုဖိုးက ပြောသည်။
ဆန္ဒပြလူငယ် အယောက် ၄၀ ခန့်အထိ အဖမ်းခံရစေရန် စစ်တပ်ကို သတင်းပေးခဲ့သည့် တောင်ဒဂုံမှ ဒလန်အကြီးစားတစ်ဦးကို တွေ့ခဲ့ရသည်ဟု ကိုဖိုးက ဆိုသည်။
“ဒီကာလမှာ ဦးတဲ့ကောင် ဆော်ပဲ။ ဒလန်က ၅၀၅ နဲ့ ရောက်တာ။ ဒီတစ်ယောက်က ဖြတ်ခုတ်လုပ်စားလွန်းလို့ သူတို့ဒလန်အချင်းချင်းပဲ ၅၀၅ နဲ့ ဆင်ပြီး တိုင်ခံလိုက်ရတာ။ ဒီရောက်တော့ သူထောင်ထဲပို့ခဲ့တဲ့ ကလေးတွေနဲ့ တွေ့တယ်လေ။ အဲ့တော့ သူအဆောင်ပြောင်းခိုင်းတယ်။ မဟုတ်ရင် သူ အကျွေးခံရတော့မှာ” ဟု ကိုဖိုးက ပြောသည်။
ထောင်အထွက် ပန်းချီဆရာ၏ စွန့်စားခန်း
ဇနီးသည်နှင့် ထောင်တစ်ခုတည်းတွင် ရောက်နေသော်လည်း တွေ့ခွင့်မရပေ။ ၆ လ အကြာတွင် ကိုဖိုး ထောင်တွင်းတရားခွင်သို့ ရောက်သွားရာ အမှုတွဲဖြစ်သည့် ဇနီးသည်ကို ထိုနေရာတွင်ပင် တွေ့ရသည်။
တရားခွင်တွင် ရှေ့နေကိုလည်း တွေ့ဆုံ စကားပြောခွင့်ရခဲ့ရာ ရှေ့နေက သူ့ကို မကြာခင် လွတ်မြောက်မည်ဟု အသိပေးသည်။
ယောက္ခမဖြစ်သူ စစ်အရာရှိဟောင်းက သူတို့အတွက် အသနားခံစာ တင်ပေးသဖြင့် ပြန်လွှတ်ပေးခြင်း ဖြစ်သည်ကို နောက်မှ သိရသည်၊ လွတ်မြောက်ရန်အတွက်လည်း ငွေပေးရဟန်တူသည်ဟု ကိုဖိုးက ဆိုသည်။
ထင်မှတ်မထားဘဲ လွတ်တော့မည်ဟု သိရသဖြင့် ကိုဖိုးက အိမ်ပြန်ရန် လျှို့ဝှက် ပြင်ဆင်ရတော့သည်။
အသင့်ရှိနေသည့် စက္ကူချပ်ဖာပုံး၏ အဖုံးကြားထဲရှိ အလွန်သေးသော အပေါက်ကျဉ်းများထဲသို့ သူသိမ်းထားသည့် ကားချပ်များ လိပ်ပြီး ထည့်ရန် သူကြံဆသည်။ အလွန်လက်ဝင်ပြီး ခဲရာခဲဆစ်နိုင်လှသောနည်းလမ်းက အလုပ်ဖြစ် အထမြောက်သွားသည်။
ထောင်မှ အထွက်တွင် သူတို့လင်မယား ထောင်ဘူးဝထိ စစ်ဆေးရေးဂိတ် ၃ ခုကို သီးခြားစီ ဖြတ်သန်းစဉ် ထိုစက္ကူပုံးကို အသေးစိတ်စစ်ဆေးသော်လည်း မည်သည့်ထောင်အရာရှိ၊ ဝန်ထမ်းကမျှ သတိမထားမိကြပေ။
ထောင်အပြင်သို့ ရှောရှောရှူရှူ ရောက်လာခဲ့ရပြီဖြစ်သည်။
ကားချပ်များကို ပြင်ပကမ္ဘာသို့ စွန့်စွန့်စားစား ထုတ်ယူရပုံမှာ လျှို့ဝှက်ထားသင့်သည်ဆိုသော်လည်း သူ၏ လက်ရာများဖြတ်သန်းမှု၏ အရေးပါသောအဆင့် ဖြစ်သောကြောင့် သတင်းထောက်များ၊ ပြည်တွင်းပြည်ပမှ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူများကို သူက ပြောပြပြီးဖြစ်သည်။
ထောင်ဆိုသည်မှာ ငွေလမ်းဖောက်သူ များစွာရှိသောကြောင့် အချိန်ယူစီစဉ်ပြီး ငွေပေးနိုင်လျှင် မည်သည့်ပစ္စည်းကိုမဆို ထောင်အပြင်ထုတ်နိုင်မည်ဟု သူက ဆိုသည်။
ထောင်မှ လွတ်မြောက်လာအပြီး လအနည်းငယ်အကြာတွင် ပန်းချီဆရာသည် မိသားစုနှင့်အတူ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်လာခဲ့သည်။
“ပန်းချီကနေ အပြီးတောင် ထွက်လိုက်ပြီ ထင်တာ။ အာဏာသိမ်းတော့မှ ပြန်ဆွဲဖြစ်တာ။ ထောင်ထဲကရေးလာတာကို အကြောင်းပြုပြီး ဆက်ရေးဖြစ်ပါမယ်။ ကိုယ့်အသက်အရွယ်နဲ့က သူများဆီ အလုပ်သမားလုပ်ဖို့လည်း မဖြစ်နိုင်တော့ ပန်းချီတွေ ပြန်ဆက်ရေးမယ်။ ထောင်ထဲမှာ ဘယ်လိုနေထိုင်ရတယ်၊ စနစ်တွေနဲ့ ဘယ်လိုနှိပ်ကွပ်ထားတယ်ဆိုတာကို ကျွန်တော်ဆွဲခဲ့တဲ့ ပန်းချီတွေနဲ့ ပြချင်ပါတယ်” ဟု ကိုဖိုးက ဆိုလိုက်သည်။
View the original