အမေ့လျော့ခံ CDM များ တောင့်ခံနေဆဲ

15 February 2023

ဘလက်ဇင်း ( ကန္တာရဝတီတိုင်း(မ်) )

“ရုံးမတက်နဲ့ ရုန်းထွက်၊ ပြည်သူတွေက ကျွေးထားမှာပေါ့” ဆိုတဲ့ ကြွေးကြော်သံကို အဲ့အပေါ်မှာ ကိုယ်က စိတ်အားထက်သန်ခဲ့တယ်။ နောက်ပြီးတော့ ပြည်သူတွေက ငါတို့ကို မပစ်ထားလောက်ပါဘူးပေါ့။ ပြီးတော့ ငါတို့လည်း ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်မယ်ဆိုတဲ့ စိတ်နဲ့ပေါ့နော CDM လုပ်ခဲ့တာ။” လို့ ပြောလာတဲ့သူကတော့ အသက် ၃၀ အရွယ် ကျောင်းဆရာမ ဒေါ်ဆဲလင်း ဖြစ်ပါတယ်။

သူကတော့ ပညာရေးဝန်ထမ်းလုပ်သက် ၆ နှစ် ရှိတဲ့သူဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တာကြောင့် “စစ်အာဏာရှင်စနစ် အလိုမရှိ” ကြောင်း ကန့်ကွက်ရှုတ်ချတဲ့ လုပ်ရှားမှုတစ်ခုဖြစ်တဲ့ “လက်သုံးချောင်းထောင်ကမ်ပိန်း” မှာ အားကောင်းကောင်းနဲ့ ပါဝင်လာခဲ့သူတစ်ဦးပါ။

CDM ပြုလုပ်ပြီး အခုလို စစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးရှောင်စခန်းမှာ နေထိုင်ရလိမ့်မယ်လို့ သူမက မထင်မှတ်ထားခဲ့တာပါ။ သူမ ပိုင်ဆိုင်တဲ့လယ်၊ ခြံလေးထဲမှာ လုပ်ကိုင်စားသောက်ပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းမယ်လို့ တွေးထားခဲ့တာပါ။

သို့ပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းမှုကို ဖီဆန်ကြတဲ့ လူထုတွေကို စစ်တပ်က လက်နက်အသုံးပြု ပစ်ခတ်ရင်း သေဆုံးရသူတွေ ရှိလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လူထုတွေဟာလည်း ရရာလက်နက် စွဲကိုင်ပြီး စစ်တပ်ကို ပြန်လည်ခုခံလာခဲ့ကြတာပါ။

အဲ့ဒီဖြစ်စဉ်တွေကနေ ကရင်နီမှာလည်း စစ်ပွဲတွေ ဖြစ်လာခဲ့ရတာပါပဲ။ စစ်ပွဲတွေကြောင့် ကရင်နီလူထု နှစ်သိန်းဝန်းကျင်နဲ့အတူ ကျောင်းဆရာမ ဒေါ်ဆဲလင်းတို့အပါအဝင် မိသားစုဟာလည်း ဘေးလွတ်ရာလို့ ယူဆရတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြရပါတယ်။

လက်ရှိမှာတော့ ဒေါ်ဆဲလင်းတို့မိသားစုဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ ခိုလှုံနေကြပြီး စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရပါတယ်။
CDM စတင်ပါဝင်လာချိန်ကစ ယခုအချိန်ထိ ထောက်ပံ့ကြေး တကြိမ်မှမရဖူးသေးဘူးလို့ သူမက ဖွင့်ဟ ပြောပြလာပါတယ်။

မဲမသမာမှု ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းတာ ခုဆိုရင် ၂ နှစ်တိတိရှိနေပါပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့အထဲ ကရင်နီပြည်ဟာ အားကောင်းနေဆဲပါ။

ကရင်နီပြည်က ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးမှာ အစိုးရဝန်ထမ်း၊ အမှုထမ်း၊ အရာထမ်း၊ တက္ကသိုလ်ကျောင်းသားလူငယ်၊ အခြေခံပညာကျောင်းက ကျောင်းသားတွေ၊ တက်ကြွလုပ်ရှားလူငယ်အင်အားစု၊ အမျိုးသမီးအင်အားစု၊ ပြည်သူလူထုတွေက အင်အားတောင့်တင်းစွာနဲ့ ပါဝင်လာခဲ့တာပါ။

အဲ့ဒီထဲမှာ ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသက် ၃၀ ကျော်အရွယ် အငယ်တန်းစာရေး ဦးလုလူလည်း အပါအဝင်ပါ။ စစ်ရှောင်ကာလမှာ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသလို တစ်ဖက်မှာလည်း ပင်စင်ယူထားတဲ့ သက်ကြီးရွယ်အိုတွေအတွက် သုံးသောင်း၊ ငါးသောင်း စသဖြင့် တစ်နိုင်တစ်ပိုင် ထောက်ပံ့ကြေးရရှိအောင် အလှူခံပေးတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

သက်ဆိုင်ရာအစုအဖွဲ့၊ အလှူရှင်တွေက ပေးတဲ့ ထောက်ပံ့ကြေးတွေကို တစ်ခါမှ မရရှိသေးတဲ့ CDM ဝန်ထမ်းတွေလည်း ရှိနေတာကြောင့် ရရှိလာပါက အကျိုးတူခံစားခွင့်ရချင်တယ်လို့ ဦးလူလူက ပြောပါတယ်။

“ဝန်ထမ်းလုပ်ချင်းအတူတူ အဲ့လိုပုံစံ ဖြစ်သွားမှာပေါ့နော။ ဒါပေမယ့် အဲ့လိုတွယ်ကပ်တာတော့ မဟုတ်ပါဘူး။ အားလုံးကလည်း ကိုယ့်သဘောနဲ့ကိုယ် CDM လုပ်ကြတယ်ဆိုတာမှန်ပေမယ့် ခံစားခွင့်တွေရတဲ့အခါ ကျနော်တို့ကိုလည်း မျှဝေပေးခိုင်းစေချင်တယ်။”

တော်လှန်ရေးကာလ ၂ နှစ်အကြာထိ တောင့်ခံနေရတဲ့ CDM ဝန်ထမ်းအပြင် စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ အဖက်ဖက်ကနေ လိုအပ်ချက်ရှိနေပြီး စားသောက်ရေးအတွက်လည်း အလှူရှင်ကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်း ၂နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) မှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီထဲမှာ CDM လုပ်ချိန်ကစ မရရှိတဲ့ လုပ်အားခ လစာ နဲ့ ချီးမြှင့်ငွေတွေကို တော်လှန်ရေးအလွန်မှာ ပေးအပ်သွားမယ်ဆိုတာလည်း ပါရှိပါတယ်။

ဒါကြောင့် အမှန်တကယ် လခငွေကို ပြန်ပေးမယ်ဆိုရင်လည်း အပြည့်အဝမဟုတ်ရင်တောင် CDM သမားတွေကို အသိအမှတ်ပြုဖို့ အထောက်အပံ့ရရှိဖို့က တော်လှန်ရေး မျှော်လင့်ချက်ပဲလို့ ဒေါ်ဆဲလင်းက ပြောပါတယ်။

တော်လှန်ရေးကာလမှာ CDM ဝန်ထမ်းတွေ ပါဝင်မှုက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၊ စစ်ရှောင်အရေး၊ ကြားကာလ ကိုယ်ထူကိုယ်ထ ပညာရေး၊ ထောက်ပို့ အစရှိတဲ့ ကဏ္ဍအသီးသီးမှာ ရှိနေဆဲဖြစ်တဲ့အတွက်ကြောင့် မမေ့လျော့ဖို့ သူမက တောင်းဆိုထားပါတယ်။

“ကျမတို့ CDM တွေကို မပစ်ထားဖို့ပေါ့နော လျစ်လျူမရှုထားပါနဲ့လို့ ပြောချင်ပါတယ်။ ဒီအရေးတော်ပုံအောင်သွားခဲ့မယ်ဆိုလို့ရှိရင်လည်း ပြန်လည်ထူထောင်ရေးကာလမှာ ကျမတို့ကိုပြန်ပြီး စဉ်းစားပေးဖို့ပေါ့နော။”


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia