15 February 2023
သီတဂူဆရာတော်၏တပည့်ဖြစ်သော၊ နွေဦးတော်လှန်ရေးကို အမြင်မစောင်းသော ၄၄ နှစ်အရွယ် ရဟန်းမှာ စစ်ဘေးသင့်သူတို့ကို စောင့်ရှောက်စဉ် စစ်ကောင်စီတပ် လက်ချက်ဖြင့် ကြွေလွင့်သွားသည်။
အကြိမ်ကြိမ်မီးရှို့ခံရသည့် ဇာတိရွာလေးနှင့် အိုးပစ်အိမ်ပစ်ထွက်ပြေးနေရသော ရွာသူရွာသားများကို ကူညီဖေးမရန် မကြာခဏ အပြေးနှင်လာတတ်သည့် သီတဂူတက္ကသိုလ်ဘွဲ့ရ ဆရာတော် ဦးဂန္ဓသာရ၏ ယခုနှစ်ဆန်းပိုင်းက ရွာအပြန်ခရီးမှာ နောက်ဆုံးအကြိမ်ဖြစ်သွားသည်။
မန္တလေးတွင် သီတင်းသုံးနေရာမှ ယခုနှစ်ဆန်း ဇန်နဝါရီ ၆ ရက်က စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာကို ခတ္တပြန်ရောက်စဉ် ရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်က ဦးဂန္ဓသာရကို ရွာဘုန်းကြီးကျောင်း၏မြေအောက်ခန်းတွင် ပစ်သတ်ခဲ့သည်။ ဝါတော် ၂၂၊ သက်တော် ၄၄ နှစ်သာ ရှိသေးသည့် ဦးဂန္ဓသာရမှာ သီတဂူဆရာတော် တဖွဖွချီးကျူးနေသည့် စစ်သားများလက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည်။
“လူနှစ်ယောက်တော့ မိပြီမိပြီ ဆိုပြီးတော့ မြေအောက်ခန်းထဲကို ဆင်းပါတယ်။ ဆင်းပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ” ဟု ထိုနေ့က ပြေးလွှားပုန်းရှောင်ခဲ့သည့် ဒီပဲယင်းကွဲရွာသား ကိုဖက်တီးက ဆိုသည်။
“ရင်ဝမှာ သေနတ်ပစ်သွားပါတယ်။ ပါးစောင်ကနေ ပစ်တာက လည်ပင်းဘက်ကို ပေါက်ထွက်သွားတယ်”
အခင်းဖြစ်ပွားရာနေရာအနီးတွင် ကျည်ခွံလေးခု တွေ့ရပြီး ဆရာတော်ရုပ်ကလာပ်အနီး သွေးအိုင်ထဲတွင် “ရဲသော်မသေ၊ သေသော် ငရဲမလား” ဟူသော စာသားပါ စစ်တပ်တံဆိပ်တစ်ခုလည်း တွေ့ရကြောင်း ကိုဖက်တီးက ဆိုသည်။
ဦးဂန္ဓသာရနှင့်အတူ ဒကာမတစ်ဦးလည်း သတ်ဖြတ်ခံရသည်။ သီတဂူနာယက ဆရာတော်တစ်ပါးဖြစ်သည့် ဦးဂန္ဓသာရကို ဆည်းကပ်ကိုးကွယ်သူ အသက် ၃၂ နှစ်အရွယ် မခင်စုမွန်မှာ ဒီပဲယင်းကွဲရွာကို လိုက်လာရင်း စစ်တပ်ရန်ကြောင့် ဆရာတော်နှင့်အတူ ရွှေဂူကြီးဘုန်းကြီးကျောင်း မြေအောက်ခန်းအတွင်း ပုန်းခိုနေစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ဦးဂန္ဓသာရကို PDF များက သတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်တပ်လော်ဘီ စာမျက်နှာများက သတင်းဖြန့်ခဲ့သည်။
သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ Myanmar Now က ဦးဂန္ဓသာရ၏ အစ်ကိုဖြစ်သူ ဘုန်းကြီးတစ်ပါးနှင့် အခင်းဖြစ်ရာ ဒီပဲယင်းကွဲရွာမှ ဒကာရင်းများကို ဆက်သွယ်မေးမြန်းရာတွင် စစ်တပ်လော်ဘီတို့၏ ဝါဒဖြန့်သတင်းမှာ ဖြစ်စဉ်နှင့် တက်တက်စင်ကွဲလွဲနေသည်ကို တွေ့ရသည်။
ပျူစောထီးအများစုရှိရာ ရွာတစ်ခုဖြစ်သည့် ကြွယ်ပုံရွာတွင် စစ်သားတစ်ဦး ချောင်းမြောင်းပစ်ခတ်ခံရပြီးနောက် ထိုရွာတွင် တပ်စွဲထားသည့် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်နှင့် ပျူစောထီး အင်အား ၅၀ ခန့်က မိုင်ဝက်ခန့်အကွာရှိ ဒီပဲယင်းကွဲရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
ထိုနေ့က စစ်ကြောင်းနှင့် တိုးသည့် ဒီပဲယင်းကွဲရွာသား အသက် ၃၃ နှစ်အရွယ် ကိုမျိုးထွန်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် သီတဂူဆရာတော် အရှင်ဉာဏိဿရက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာနှင့် ပြည်စုံသည့်မင်းဟု လူသိရှင်ကြား ချီးကျူးထားသည်။ သီတဂူဆရာတော်မှာ မင်းအောင်လှိုင်ကို နှုတ်ဖြင့် ချီးမွမ်းရုံသာမကပေ။ စစ်ခေါင်းဆောင်၏ ဘာသာရေးအခမ်းအနားကိုလည်း အဆက်မပြတ် အားပေးချီးမြှောက်နေသူဖြစ်သည်။
အာဏာသိမ်းသည့် စစ်တပ်၏လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်ကာ လက်နက်ကိုင်ခုခံတော်လှန်နေသော စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် နေထိုင်သော သီတဂူဆရာတော်က ထိုသို့ အားပေးအားမြှောက်ပြုနေသော်လည်း သူ့ကျောင်းမှ ရဟန်းတစ်ပါးကို မင်းအောင်လှိုင်၏ စစ်သားများက လက်ရသတ်ဖြတ်ခဲ့သည်။
ဦးဂန္ဓသာရသည် စစ်ကိုင်းတိုင်းကို မြေလှန်မီးရှို့နေသည့် စစ်ကောင်စီတပ်ကြောင့် ခိုကိုးရာမဲ့ဖြစ်နေသည့် ရွာသူရွာသားတို့ကို စောင့်ရှောက်သလို နွေဦးတော်လှန်ရေးကို အမြင်မစောင်းသည့် စာပေကျမ်းဂန် ထူးချွန်ထက်မြက်သော ရဟန်းတစ်ပါးဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
၎င်းသည် စစ်ကိုင်းမြို့နယ်အနောက်ခြမ်း မူးမြစ်ကမ်းအနီး ဒီပဲယင်းကွဲရွာတွင် မွေးဖွားကြီးပြင်းခဲ့ပြီး မွေးချင်းမောင်နှမ ၇ ယောက်အနက် ဆဋ္ဌမမြောက်ဖြစ်သည်။
ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ ဝင်ရောက်ကာ မန္တလေးမြို့ ရွှေကျင်တိုက်မကြီးတွင် ပရိယတ္တိစာပေသင်ကြားခဲ့သည်။ အခြားတစ်ဖက်တွင် မြန်မာစာအထူးပြုဖြင့် ရတနာပုံအဝေးသင်တက္ကသိုလ်တွင် ဘွဲ့ရသည်အထိ ကျောင်းဆက်တက်ခဲ့သည်။
စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓဒဿန (Buddha Dasana) ဒီပလိုမာဘွဲ့နှင့် B.A Buddhist Studies ဘွဲ့ရရှိခဲ့သည်။ ထို့အပြင် ၎င်းသည် သီရီလင်္ကာနိုင်ငံမှ ကေလနိယတက္ကသိုလ် တက်ခွင့်ရရှိကာ ၂၀၁၆ တွင် M.A Buddhist Studies ဘွဲ့ထပ်မံရရှိခဲ့သည်။
အသားခပ်ညိုညို ဥပဓိရုပ်တည်ကြည်ပြီး စိတ်သဘောရိုးစင်းသည့် ဦးဂန္ဓသာရသည် ဒီပဲယင်းကွဲတွင် စာပေကျမ်းဂန် အထူးချွန်ဆုံးဖြစ်သလို ရပ်ရွာကလည်း အားကိုးကြောင်း ဒကာရင်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒီပဲယင်းကွဲရွာသား ကိုဖက်တီးက ဆိုသည်။
“ကျွန်တော်တို့ရွာအတွက်ကတော့ စွန်းစွန်းမြောက်မြောက်နဲ့ ထွန်းထွန်းပေါက်ပေါက်ဖြစ်မယ့် ဆရာတော်တစ်ပါးဆိုပြီး အသက် ၇၀ ကျော် ၈၀ ကျော် အဘိုးအဘွားတွေကလည်း ဒီဆရာတော်ကို တော်တော်လေးကို ယုံကြည်အားကိုးနေတဲ့အနေအထားပါ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က လူမဆန်စွာသတ်ဖြတ်ခဲ့ခြင်းအတွက် ယူကျုံးမရ မချိတင်ကဲဖြစ်ရသည်ဟု သူက ဆက်ပြောသည်။
သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ် ကျောင်းတက်စဉ်က အမှတ်အများဆုံးရရှိသူများထဲတွင် ဦးဂန္ဓသာရပါဝင်သဖြင့် သီတဂူဆရာတော် ဦးဉာဏိဿရက ဝတ္ထုငွေစွန့်ပြီး ချီးကျူးဖူးကြောင်း ဦးဂန္ဓသာရနှင့် တူတော်စပ်သူတစ်ဦးကလည်း ဆိုသည်။
“အမှတ်များဆုံးထဲမှာ ပါလို့ (သီတဂူဆရာတော်) သီရိလင်္ကာရောက်တဲ့အချိန်မှာ မုန့်ဖိုးပေးသေးတယ်လို့ ကျွန်တော့်ကိုတောင်မှ ပြောသေးတယ်။ သူက မဟာဘွဲ့တွေ ဘာတွေရပြီးတော့ ဆရာတော်ရဲ့ ဝေယျာဝစ္စတွေ မွေးနေ့တွေ ဘာတွေ လုပ်ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဦးဂန္ဓသာရသည် ၂၀၁၈ တွင် စစ်ကိုင်းတောင်ရိုး သီတဂူဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော် ဆယ်ပါးစာရင်းဝင်ဖြစ်ခဲ့ပြီး သီတဂူအာယုဒါနဆေးရုံတွင် ဘဏ္ဍာတော်ထိန်းအဖြစ် ဆောင်ရွက်ရသည်အထိ အရေးပါအရာရောက်ခဲ့သည်။ ထို့နောက် ဒေါက်တာဘွဲ့ဆက်လက်ယူရန် သီတဂူတက္ကသိုလ်မှ ထွက်ခဲ့သည်။
မန္တလေးမြို့ မဟာမင်းထင်စာသင်တိုက်တွင် သီတင်းသုံး၍ ကိုရင်သာမဏေများကို စာဝါများပို့ချသလို အခြားတစ်ဖက်တွင် ဆရာတော်ကြီးများ၏ ပို့ချချက်များကို ကိုးကား၍ စာပေဆက်လက်လေ့လာသလို ရှားပါးစာပေကျမ်းဂန်များ ပြန်လည်ပြုစုပြီး စာသင်တိုက်များကို ပြန်လှူဒါန်းခဲ့သည်။
စာသင်သားကိုရင်များကို ပံ့ပိုးတတ်သူဖြစ်ကာ မန္တလေးမြို့ရှိ စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများ၏ အသိမှတ်ပြုခံရသူဖြစ်ကြောင်း အစ်ကိုရင်းတော်စပ်သည့် ဒီပဲယင်းကွဲရွာ ရွှေဂူကြီးကျောင်းတိုက်ဆရာတော် ဦးဇဝနကလည်း Myanmar Now ကို မိန့်ကြားသည်။
ဆရာတော်သတ်ဖြတ်ခံရခြင်းသည် ရပ်ရွာအတွက်သာမက သာသနာအတွက်ပင် ဆုံးရှုံးမှုဖြစ်ကြောင်း ဦးဇဝနက ကောက်ချက်ချသည်။ ခိုကိုးရာမဲ့ရွာသားများအတွက် အားကိုးစရာမဲ့သွားသည်ဟု ဆိုသည်။
တောရိပ်၊ မြစ်ဆိပ်တို့ဖြင့် သာယာအေးချမ်းလှသည့် အိမ်ခြေ ၈၀၀ ကျော်ရှိသော ဒီပဲယင်းကွဲရွာသည် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှ အခြားရွာများနည်းတူ စစ်တပ်၏ စီးနင်းမီးရှို့ခြင်း ခံရသည်။
အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်မည်ဟူသော စကားကို ပါးစပ်က မချသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လက်အောက်ခံတပ်က ဘုန်းကြီးကျောင်းပါမချန် မြေလှန်နေခြင်းကို ဦးဂန္ဓသာရအနေဖြင့် ခံပြင်းခဲ့ပုံရသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ရွာများ နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးခံရစဉ် ဦးဂန္ဓသာရက ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်၌ တင်ခဲ့ဖူးသည်။
“ဘုရားစင်ပျောက်မှာစိုးလို့ အာဏာသိမ်းရပါတယ်ဆိုတဲ့ သာသနာ့ဒါယကာကြီးရေ သာဓု.. သာဓု.. သာဓု” ဟူသော စာသားနှင့်အတူ မီးလောင်ကျွမ်းထားသည့် ဗုဒ္ဓဆင်းတုတော်ပုံကို ဆရာတော်ဦးဂန္ဓသာရက ၂၀၂၂ နိုဝင်ဘာလအတွင်း သူ၏ Facebook တွင် ရေးတင်ခဲ့သည်။
စစ်ကိုင်းတောင်ရိုးနှင့် ဆက်နေသည့် စစ်ကိုင်းတိုင်းသည် လယ်တီဆရာတော်၊ ဝေဘူဆရာတော်စသော ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများ၏ မွေးဖွားရာဇာတိမြေဖြစ်သလို မျိုးဆက်သစ်သံဃာ အများဆုံးထွက်ရှိရာ ဘူမိနက်သန်နယ်မြေတစ်ခုဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်က စစ်ကိုင်းကို စစ်ဆင်ရေးဆင်နွှဲရာတွင် အထင်ကရဆရာတော်ကြီးများ၏ ကျေးရွာများကိုပင် အလွတ်မပေးပါ။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ်ရှိ ခက်ခဘူတာမှ လေးမိုင်အကွာရှိ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများဖြစ်သည့် ဘဒ္ဒန္တစန္ဒာဘိဝံသနှင့် ၁၄ ပါးမြောက် သာသနာပိုင် ဘဒ္ဒန္တအဂ္ဃိယ၏ ဇာတိ လင်းယဉ်ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့သည်။
ပျူစောထီးအားကောင်းပြီး စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ တပ်စွဲသည့် ကြွယ်ပုံနှင့် အနီးဆုံးတွင်ရှိသော ဇာတိရွာကို သွားသတိ၊ စားသတိ အမြဲရှိရန် ဦးဂန္ဓသာရက အစဉ်သတိပေးသည်။
“ရွာမြောက်ဘက် နွားစာပြောင်းရိတ်နေတာကို ပစ်ခတ်ခြောက်လှန့်နေတယ်။ အစောင့်တွေနဲ့ နွားစာပြောင်း ရိတ်နေရတဲ့ ဒို့ရွာအခြေအနေ။ သတိဝီရိယကြီးစွာနဲ့ နေထိုင်သွားလာကြဖို့ သတိပေးမေတ္တာရပ်ခံချင်တယ်” ဟု ဒီဇင်ဘာ ၁၂ တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်နှင့် ကြွယ်ပုံရွာပျူစောထီးတို့သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းသည့် ရွာနီးချုပ်စပ်ကျေးရွာများကို မကြာခဏဝင်မွှေလေ့ရှိပြီး ဒီပဲယင်းကွဲရွာကို လေးကြိမ်စီးနင်းမီးရှိုခဲ့သဖြင့် ဇရပ်၊ သာသနိကအဆောက်အအုံနှင့် အိမ်ခြေ ၁၂၀ ကျော် ပျက်စီးခဲ့ကြောင်း ဦးဂန္ဓသာရ၏ ဒကာရင်း ကိုဖက်တီးက ဆိုသည်။
ကျေးရွာတွင် ဘုန်းကြီးကျောင်း ၅ ကျောင်းရှိပြီး ကျောင်းထိုင်ဆရာတော်များနှင့် သံဃာတော်တို့သည် စစ်ကိုင်း၊ မန္တလေးသို့ ထွက်ပြေးကြရသည်။ တချို့က တောတောင်ထဲ ထွက်ပြေးရသည်။ ထောင်နှင့်ချီသော ရွာသားများမှာလည်း ရွာတွင် မနေရဲတော့ပေ။
ဦးဂန္ဓသာရသည် နေအိမ်မီးရှို့ခံရသူ၊ စစ်ဘေးသင့်သူများကို အစားအစာ၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများ အလှူခံကာ တတ်နိုင်သမျှ ပြန်လည်ကူညီပေးကြောင်း အစ်ကိုရင်းတော်စပ်သည့် ရွှေဂူကြီးကျောင်းတိုက်ဆရာတော် ဦးဇဝနက မိန့်ကြားသည်။
“တန်ဖိုးအနေနဲ့ ပြောရရင် မကုန်ဘူး။ ရွာအရေး ရပ်အရေးပေါ်မှာ အကုန်လုံး အထောက်အပံ့လုပ်တာကိုးဗျ။ သူမရှိတဲ့အခါကျတော့ ဒီအားကိုးမှုတွေ အကုန်ဆုံးရှုံးသွားတယ်ဆိုတာက တန်ဖိုးက ဖြတ်လို့တော့ မရဘူး” ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် ဇန်နဝါရီ ၅ တွင် ရွာကို ပြန်ရောက်လာပြီး နောက်တစ်ရက်တွင် အသတ်ခံလိုက်ရကြောင်း နိုင်ငံရေးမလုပ်သော်လည်း စစ်ဘေးသင့်သူများကို ကူညီစောင့်ရှောက်သဖြင့် အငြိုးထားခံရသလားဟု စဉ်းစားစရာရှိသည်ဟု ကိုဖက်တီးက ဆိုသည်။
ဒီပဲယင်းကွဲသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို ထောက်ခံသောရွာဖြစ်၍ ထိုရွာမှဆရာတော်ကို အလားတူထောက်ခံသည်ယူဆကာ သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း PDF စစ်ကိုင်းခရိုင်တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ဆိုသည်။
“ဆရာတော်က တော်လှန်ရေးအင်အားစုတွေပေါ်မှာ အမြင်မစောင်းဘူး။ တော်လှန်ရေးအင်အားစုတွေ အပေါ်မှာ ကူညီစောင့်ရှောက်တယ်။ စစ်ကောင်စီရဲ့ မီးရှို့သွားတဲ့ရွာတွေမှာ သူ့အနေနဲ့ တတ်နိုင်သလောက် ကူညီတယ်လို့ သူ့ဒကာတွေဆီက ကြားရတယ်” ဟု ၎င်းက ဆိုသည်။
ဆရာရင်းတပည့်ဖြစ်သော်လည်း သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရမှာ စစ်ကောင်စီနှင့် နီးစပ်ပြီး ဦးဂန္ဓသာရကမူ တော်လှန်ရေးအင်အားစုများဘက်မှ ရပ်တည်သည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“ဓမ္မနဲ့ အဓမ္မကို သိတဲ့ဟာပေါ့ဗျာ။ အသက်ကြီးတာနဲ့ မဆိုင်ဘူး။ ငယ်တာနဲ့ မဆိုင်ဘူး။ ဘွဲ့ဒီဂရီတွေ အများကြီးရတာနဲ့လည်း မဆိုင်ဘူး။ ဓမ္မ၊ အဓမ္မက မိမိရဲ့စိတ်ထဲကနေပြီးတော့ ကိန်းဝပ်လာတဲ့ အမှန်ကို သိမြင်ခြင်းဆိုတဲ့ စိတ်နဲ့ပဲ ဆိုင်တာပေါ့”
အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်လက်ချက်ဖြင့် လူထောင်ချီ သေဆုံးခဲ့ပြီး သန်းနှင့်ချီသော ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးကာ အတိဒုက္ခရောက်နေကြသော်လည်း ထင်ရှားကျော်ကြားပြီး ဩဇာရှိသူအချို့က မျက်စိမှိတ်ထားကြဆဲဖြစ်သည်။
သီတဂူဆရာတော်က စစ်ခေါင်းဆောင်ကို ဂုဏ်ပြုနေချိန်တွင် တပည့်ရဟန်းမှာ စစ်အုပ်စုလက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ အာဏာတည်မြဲရေးအတွက်ဆိုလျှင် စစ်အုပ်စုသည် ဘာသာတရား၊ တိုင်းရင်းသားနှင့် လူမျိုး အားလုံးကို ချနင်းရန် ဝန်မလေးကြောင်း သက်သေပြနေသည်ဟု ဗိုလ်ယက္ခက ဆိုသည်။
“စစ်အာဏာရှင် ဖက်စစ်အာဏာရှင်မှာ ဘာသာတရားဆိုတာ မရှိဘူး။ တိုင်းရင်းသားဆိုတာ မရှိဘူး။ လူမျိုးဆိုတာ မရှိဘူး။ သူတို့မှာ ရှိတာက သူတို့အာဏာ တည်မြဲရေးနဲ့ သူတို့မိသားစုအရေးပဲရှိတယ်။ ပြောရမယ်ဆိုရင် သူတို့အတ္တပဲရှိတယ်”
View the original
20 June 2025
Burmese Rohingya Organisation UK , Chin Human Rights Organization , Human Rights Foundation of Monland , Kachin Women’s Association Thailand , Karen Human Rights Group , Karen Peace Support Network , Karenni Civil Society Network , Karenni National Women’s Organization , Progressive Voice , RW Welfare Society
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.