တော်လှန်ရေးထဲက အနုပညာဖန်တီးသူ

01 February 2023

မီမြာ (ကန္တာရဝတီတိုင်း(မ်))

ဝါဿနာပါရာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို စတင်အကောင်အထည်ဖော်နေကြတဲ့အချိန်မှာပဲ အညွှန့်တလူလူ တက်နေတဲ့ အနာဂတ်အိမ်မက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ လူငယ်တွေအထဲ အသက် (၂၁)နှစ်အရွယ် ဂျွန်မီယာလည်း အပါအဝင်ပါ။ ဂျွန်မီယာကတော့ ဒီးမော့ဆိုမြို့နယ် ငူးပလော့ကျေးရွာ ဇာတိဖြစ်ပါတယ်။

သူကတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၉ခုနှစ်မှာ မန္တလေးက အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ဒါရိုက်တာအထူးပြုမေဂျာနဲ့ တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

တက်ချင်တဲ့ ကျောင်းကို တက်ခွင့်ရပြီး ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို စတင်အကောင်အထည်ဖော်နေရမယ့် အချိန်ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ရည်မှန်းချက်တွေပျက်စီးခဲ့ရပါတယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူငယ် အများစုဟာ လက်နက်ကိုင်တော်လှန်ရေး ဘက်ကို ကူးပြောင်းသွားကြပြီး အဲဒီအထဲမှာ ဂျွန်မီယာကလည်း ပါဝင်ပါတယ်။

လက်ရှိမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ မိုင်းဌာနမှာ တာဝန်ထမ်းဆောင်နေတာပါ။ တော်လှန်ရေးရဲဘော်ဖြစ်တဲ့ အလျောက် စစ်ရေးတာဝန်တွေကို ထမ်းဆောင်နေရတာရှိသလို သူဝါသနာပါရာ အနုပညာ ဖန်တီးတဲ့ အလုပ်တွေကိုလည်း တဖက်တလမ်းက ဇွဲမလျော့ ပဲ လုပ်ဆောင်နေသူဖြစ်ပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်အတွင်း မှာ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး တော်လှန်ရေး သီချင်းနဲ့ ဗီဒီယို တွေကို ရိုက်ကူးပေးခဲ့တာ အပုဒ်ရေ ၈၀ ကျော် ရှိခဲ့ပါပြီ။

သူရိုက်ကူးခဲ့တဲ့ ဗီဒီယိုတွေကတော့ လက်ရှိကာလနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးသီချင်းတွေ၊ စစ်ရှောင်အတွက်ခွန်အားဖြစ်စေမယ့် သီချင်းတွေ၊ ရဲဘော်တွေအတွက်ခွန်အားဖြစ်စေမယ့် သီချင်းတွေဖြစ်တယ်လို့ ပြောပါတယ်။

“ အဓိကတော့ ကျနော်တို့ဒီရိုက်ထားတဲ့ Video တွေဆိုရင် Click 4 Freedom မှာပေါ့နော။ အဓိကကျနော်တို့အဲ့မှာ ပို့ပေးတယ်။ အဲ့ကနေမှတဆင့် များများ Clickလို့ရှိရင်ဆိုရင် ဝင်ငွေတွေရတာပေါ့နော။ ဒီ Youtube Channel Click 4 Freedom Channel ကနေတင်တာများပါတယ်။ တချို့ဟာကြတော့ စစ်ရှောင်တို့ဘာတို့ ကျနော်ရိုက်တဲ့ဟာကကျတော့ နိုင်ငံခြားတွေကို ပို့ပေးတယ်။ အဲ့ကနေတဆင့် သူတို့အဲ့သီချင်းလေးကို ဖွင့်ပြီးမှဆုတောင်းပေးတာတို့ အလှူငွေကောက်တာတို့ လုပ်ဖြစ်တာများတာပေါ့နော။ “ လို့ ရဲဘော် ဂျွန်မီယာကနေပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို တော်လှန်ရေးမှာ အသုံးဝင်အောင် ဘယ်လို အသုံးပြုနေလဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြထားတာဖြစ်ပါတယ်။

သူကတော့ တော်လှန်ရေးသီချင်းတွေကို MTVရိုက်ကူးပေးတာ အပြင် တော်လှန်ရဲဘော်တွေရဲ့ လက်ထပ်ပွဲအတွက် pre wedding ပုံ ရိုက်ပေးတာ ၊ စစ်ရှောင်တွေမှာဆို ကလေးငယ်တွေ အတွက် အက ဖျော်ဖြေပေးတာ စတဲ့ တတ်ကျွမ်းမှုတချို့ကို တော်လှန်ရေးမှာ အသုံးချနေတာပါ။ လူငယ်ပီပီ ဝါဿနာပါရာကို ကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်အောင် ပုံဖော် ဆောင်ရွက်နေသူပါ။

ပန်းချီဆွဲတာလည်း ဝါသနာပါတဲ့အတွက် စစ်ရှောင်ကလေးတွေကို သင်ကြားပေးတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

“ အခုဆို ကလေးတွေတွက်ဆို ကျနော်က ပန်းချီတွေ ဘာတွေဆိုတော့ နည်းနည်းပါးပါး တတ်ထားတယ်ဆိုတော့ ကလေးတွေကို ပြိုင်ပွဲတွေလုပ်ပေးတယ်။ သူတို့ကို ပန်းချီအခြေခံလေးတွေ သင်ပေးတာပေါ့နော။ ပြီးရင် ရဲဘော်အချင်းချင်း သူတို့ကင်မာရာဝယ်တာတို့ ဘာတို့က ကျနော်ကဖြင့် Setting တွေချိန်ပေးတာတို့ရှိတယ်။ ရိုက်တာတို့ ဓာတ်ပုံ editing တွေဘာတွေ video editing တွေဘာတွေနည်းနည်းပါးပါးသင်ပေးတာတို့ဘာတို့ ရှိတာပေါ့နော။”

ဒီလိုအနုပညာဖန်တီးတဲ့ အလုပ်လုပ်ဖို့ သူ့မှာ ပိုင်ဆိုင်တာဆိုလို့ ကိုယ်ပိုင် ကင်မရာလေးတစ်လုံးပဲရှိပါတယ်။ ရိုက်ကူးရေးလုပ်တဲ့ အချိန်တွေဆိုရင် ပစ္စည်းမစုံတာ၊ ထောက်ပံမှုတွေမရှိတာတွေက သူ့ အတွက် စိန်ခေါ်မှုတွေဖြစ်ပါတယ်။

အနုပညာဖန်တီးရတာကို နှစ်သက်တဲ့ သူ့အနေနဲ့ အနုပညာကျောင်းကို ပြီးအောင်မတက်လိုက်ရပဲ ပထမနှစ်ဝက်ကိုသာ တက်နိုင်ခဲ့တာဖြစ်ပါတယ်။ CDM ကျောင်းသား ဖြစ်တဲ့ သူ့အဖို့ ကျောင်းဆက်မတက်ရတဲ့အတွက် အားငယ်ရပေမယ့် တော်လှန်ရေးမှာ ကိုယ့်ရဲ့ ဝါဿနာ နဲ့ တော်လှန်ရေးမှာ ပါဝင်ခွင့်ရတဲ့အတွက် ကိုယ့်ကိုယ် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကျောင်းတက်ဖော် သူငယ်ချင်းတချို့ကတော့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ ဆက်လက်တက်ရောက်နေကြတာရှိပါတယ်။

ကျောင်းဆက်တက်နေတဲ့ သူတွေ တချို့ဆိုရင် MRTV-4 ဇာတ်လမ်းတွဲရိုက်ကူးတာတွေ၊ အငြိမ့် သဘင်တွေ ယှဉ်ပြိုင်တာတွေ ရွှေတံဆိပ်ဆုရတာတွေရှိပေမယ့် တော်လှန်ကျောင်းသားတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ သူက အခုလိုပြောပါတယ်။

“ ဒီလိုမျိုးမတရားမှုတွေဖြစ်နေတဲ့ချိန်မှာပေါ့နော ဒီကျောင်းသားတွေအဖမ်းခံရတယ်။ မတရားနှိပ်စက်ခံရတယ်။ ထောင်ထဲတွေပို့တယ်။ ကျောင်းသားတွေ အသတ်ခံရတယ်။ အဲ့ဒါကို မျက်နှာမှမထောက်ဘူး။ သူတို့ဒီလိုပြိုင်ပွဲတွေ သွားလုပ်နိုင်တယ် ဆိုတာတော့ ကျနော်တို့အနေနဲ့တဖက်ကနေ ကြည့်ရင်တော့ တော်လှန်ရေးကျောင်းသားတစ်ယောက်အနေနဲ့ ကြည့်ရမယ်ဆိုတာတော့ တော်တော်လေးစိတ်မကောင်းဖြစ်တာပေါ့နော။ ”

ဒါ့အပြင် သူဟာ တတ်ထားတဲ့ ပညာနဲ့ တော်လှန်ရေးကာလအတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းရာတွေကို မှတ်တမ်းယူပြီး နိုင်ငံတကာကို ချပြချင်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်အခု အဓိကတော့ တော်လှန်ရေးကာလမှာဆိုရင် မှတ်တမ်းလေးတွေ တချို့စုထားတယ်။ ပြီးလို့ရှိရင် ကျနော် documantary လေးတွေလုပ်ဖို့ရှိတယ်။ နိုင်ငံတကာကိုလည်း ချပြချင်တာပေါ့နော။ အဓိကတော့ ကျနော်တို့ဒီသမိုင်းသူများတွေကိုပြပေးချင်တယ်။ သမိုင်းမှန်တွေ ပြီးရဲဘော်တွေရဲ့ အခက်ခဲတွေ စစ်ရှောင်တွေဘယ်လိုစစ်ရှောင်ရလည်း တိုက်ပွဲတွေမှာဘယ်လိုကြုံတွေ့နေရတဲ့အခက်ခဲတွေ အဲ့ဟာတွေကို နိုင်ငံတကာကို ချပြချင်တယ်ပေါ့နော။ ” လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးမှာ ပိုင်ဆိုင်မှု ပေးဆပ်နေကြတဲ့ လူငယ်လေးတွေ အပြင် အသက်စတေးသွားခဲ့ရတဲ့ သူတွေလည်း ယနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ သူတွေမှာဆိုရင် လူငယ်တွေ အများစုဖြစ်ပါတယ်။ ဂျွန်မီယာတို့လို လူငယ်တွေ အများစုဟာ တော်လှန်ရေးမှာ ပေးဆပ်နေကြဆဲဖြစ်ပြီး တော်လှန်ရေးပြီးဆုံးမယ့်တစ်နေ့ အာဏာရှင်ပြုတ်ကျမယ့် တစ်နေ့ကို ရောက်ဖို့ ရရာနည်းလမ်းနဲ့ တတ်တဲ့ ပညာနဲ့ တွန်းလှန်နေကြဆဲပဲဖြစ်ပါတယ်။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia