ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၃)

ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၃)

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ

ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၃)

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်

 

၁။ ယနေ့ [၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်] ဒေသစံတော်ချိန် ညနေ ၄း၃၀ နာရီခန့်တွင် အကြမ်းဖက်ခြင်းကို လိုလားသော အာဏာသိမ်းစစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်း အား တိုက်လေယာဥ်များအသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ရသည်။ ကြဲချသော ဗုံးများအနက်တစ်လုံးသည် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။ စစ်ကောင်စီ၏ ဤလုပ်ရပ်အား မိမိတို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအနေဖြင့် ပြင်းထန်စွာ ရှုံ့ချသည်။

၂။ ဤကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော် အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေ မရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက် လည်းဖြစ်သည်။ တစ်ဖက်တွင် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု စစ်ကောင်စီ၏ထုတ်ဖော် ပြောဆိုချက်သည် အလိမ်အညာသက်သက်သာဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံနေခြင်းပင်ဖြစ်သည်။

၃။ ယခုကဲ့သို့ ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအပါအဝင် ချင်းပြည်အတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင် မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေး အရလည်း ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာသွားစေမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဤကဲ့သို့ ပြုမူခြင်းအားဖြင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ပေသည်။ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်သည်။

၄။ ချင်းပြည်သူလူထုတစ်ရပ်လုံးအားတိုက်တွန်းလိုသည်မှာ ယခုအချိန်သည် မိမိတို့ချင်းလူမျိုးတို့၏သမိုင်း၌ အလွန်အရေးကြီးသည့်အချိန်ကာလဖြစ်ရာ မိမိတို့ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအင်အားစုအသီးသီး အနေဖြင့် စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည် အထိ ရရာနည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန်အလေးအနက် တိုက်တွန်း နိုးဆော် အပ်ပါသည်။

 

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ


Download PDF

View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia