ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးအပါအဝင် မြန်မာ့အရေး အဆိုမူကြမ်းကို ကုလလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ် အတည်ပြု

22 December 2022

ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရေးအပါအဝင် မြန်မာ့အရေး အဆိုမူကြမ်းကို ကုလလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ် အတည်ပြု

ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံမဲပေး

ဗြိတိန်က အဆိုပြုထားတဲ့မြန်မာ့အရေး အဆိုမူကြမ်းကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

ဒီမူကြမ်းမှာ အကြမ်းဖက်မှုတွေအားလုံး ချက်ချင်းအဆုံးသတ်ရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့လည်းတိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံတဝန်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ အရပ်သားတွေအပေါ် နဲ့အရပ်ဖက်ဆိုင်ရာအခြေခံအဆောက်အဦတွေ တိုက်ခိုက်ခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီရဲ့ အစီအစဥ်ထဲမှာ ၂၀၀၆ ခုနှစ်တည်းက ပါဝင်ခဲ့တာဖြစ်ပြီး မြန်မာမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာယိုယွင်းလာခဲ့တဲ့နောက် အဲဒီအပေါ်မှာ ကောင်စီက အာရုံစိုက်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ရတဲ့အခြေအနေဖြစ်လာတဲ့အခါ မြန်မာနိုင်ငံအရေး ကုလလုံခြုံရေးကောင်စီမှာ အာရုံစိုက်မှုခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် အကြမ်းဖက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အုံကြွမှုတွေတိုးမြင့်စေခဲ့တဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုဖြစ်စဥ်က မြန်မာ့အရေးအပေါ်ကောင်စီရဲ့ အရေးယူမှုခြေလှမ်းတွေအတွက် အထောက်အကူကြီးကြီးမားမား ဖြစ်လာစေခဲ့ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ဖို့ကြုံခဲ့ဖူးပေမဲ့ တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ပယ်ချခဲ့မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

၂၀၁၈ ခုနှစ်မှာ ရိုဟင်ဂျာအရေး ပေါ်ပေါက်ခဲ့တဲ့နောက် ဗြိတိန်အစိုးရက ဦးဆောင်ပြီး နောက်တစ်ကြိမ် ကြိုးပမ်းအားထုတ်ခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားက ဒီမူကြမ်းမှာ ပါဝင်ဆွေးနွေးတာမလုပ်ခဲ့သလို မဲခွဲဆုံးဖြတ်မှုမလုပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

အခုတော့မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်အတည်ပြုလိုက်နိုင်ပြီဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၇၄ နှစ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနဲ့ ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းက ဘယ်လို အကြမ်းဖက်မှုမျိုးကို မဆို ဆုံးသတ်ဖို့နဲ့ တင်းမာမှုတွေကို လျော့ချဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဥ်းသားအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး သက်ဆိုင်တဲ့သူတွေ အနေနဲ့ အပြုသဘော ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ ၂၀၂၁ ဧပြီလက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်ထည်ဖော်မှုနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဒါမှမဟုတ် သူ့ရဲ့ အထူးကိုယ်စားလှယ်က အချုပ်သဘောရှင်းပြဖို့လည်း ဒီမူကြမ်းမှာ တောင်းဆိုထားပါတယ်။

ညှိနှိုင်းဆွေးနွေးတာတွေ မပြုမီ အာဆီယံသဘောတူညီချက်ကို ရယူသင့်တယ်ဆိုတဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ အမြင်ကြောင့် ဒီမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုက နှောင့်နှေးနေတာ ဖြစ်ပါတယ်။

နှစ်ရှည်လများစောင့်မျှော်ခဲ့ရတဲ့ မြန်မာ့အရေး ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေ မပါဝင်တဲ့အတွက် အလွန်အမင်း စိတ်ပျက်ရကြောင်း The Progressive Voice (ရှေ့ပြေးအသံ)အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်တွေနဲ့ စစ်ပွဲတွေအတွက်၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကိုကျူးလွန်နေပြီး အရေးယူခံရခြင်းကနေ လွတ်မြောက်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေ ရပ်တန်ဖို့ ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေရှိရမယ်လို့လည်းဆိုပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့တဲ့မြန်မာ့အရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က ကြားနေခဲ့ပြီး ကျန်အဖွဲ့ဝင်နိုင်ငံတွေအားလုံးက ထောက်ခံမဲပေးခဲ့ကြပါတယ်။

“ဗြိတိန်အစိုးရဟာ တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ပိုပြီးခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မလုပ်နိုင်ခဲ့တဲ့အပေါ် ကျွန်မတို့အလွန်စိတ်ပျက်မိပါတယ်။ မြန်မာစစ်တပ်ကို လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပံ့ပိုးပေးနေတဲ့ ၊ မြန်မာစစ်တပ်ကို ခိုင်မာတဲ့အရေးယူမှုတွေ မလုပ်နိုင်အောင် ကာကွယ်တားဆီးပေးနတဲ့ တရုတ်နဲ့ရုရှားတို့ကိုခွင့်ပြုနေတာက အာဏာသိမ်းစစ်ကောင်စီကို ပိုပြီးခိုင်မာအားကောင်းစေပြီး လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားမှုကိုလျော့ကျစေပါတယ်”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။


View the original in BBC Burmese website and Facebook

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia