21 December 2022
မြန်မာစစ်တပ်ဟာ ဒီဇင်ဘာ ၁၅ ရက် လေတပ် ၇၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံကနေ ဝယ်ယူထားတဲ့ ခေတ်မီ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်အသစ်တွေကို ထုတ်ပြခဲ့ပါတယ်။
အဲဒီအထဲမှာ ရုရှားထုတ် ဖျက်အားပြင်း SU-30 SME ဂျက်တိုက်လေယာဉ်တွေနဲ့ တရုတ်ထုတ် FTC 2000 G လိုမျိုး ဘက်စုံသုံး အပေါ့စား တိုက်လေယာဉ်တွေ ပါဝင်ပြီး အတော်များများက စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ဝယ်ယူထားတာပါ။
စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချ ထားပြီး ကိုယ့်ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို တစ်ကမ္ဘာလုံးက ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “မြန်မာနိုင်ငံထံ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး” (Prevent the flow of arms to Myanmar) ဆုံးဖြတ်ချက်ကို ချထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ စစ်တပ်ကို လက်နက်တွေ ရောင်းချနေတယ်လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၄၀ ပါ အစီရင်ခံစာတစ်စောင်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်သွင်းခဲ့ပါတယ်။ မြန်မာစစ်တပ်ထံ လက်နက်တင်သွင်းနေတာကို ပိတ်ပင်ဖို့ ကမ္ဘာကြီးက နောက်ကျနေ မယ်ဆိုရင် ကလေးတွေ အပါအဝင် အပြစ်မဲ့အရပ်သားတွေ ပိုပြီးသေဆုံးရလိမ့်မယ်လို့လည်း တွမ်အင်ဒရူးစ်က သတိပေးထားပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ဆို့ရေးဟာ အခုချိန်ထိ လက်တွေ့ဖြစ်မလာ သေးပါဘူး။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ တစ်နိုင်ငံချင်းစီအလိုက် အကျိုးစီးပွားတွေရှိနေတာမို့ မြန်မာစစ်တပ်အပေါ် တစ်ညီတစ်ညွတ်တည်း လက်နက်ပိတ်ဆို့ဖို့ဆိုတာဟာ လက်တွေ့ ဖြစ်မလာနိုင်ဘူးလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
“တရုတ်တို့ ရုရှားတို့က မရောင်းရင်လည်း အနောက်နိုင်ငံတွေက ရောင်းမှာပဲ။ အနောက်နိုင်ငံတွေက မရောင်းရင်လည်း တရုတ်တို့၊ ရုရှားတို့၊ အစ္စရေးတို့လို နိုင်ငံမျိုးတွေက ရောင်းမှာပဲ။ ဒါကြောင့်မိုလို့ ဒီ Sanction မလုပ်ပါနဲ့ဆိုတာ တစ်ခုတော့ရှိတာပေါ့ တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ သူတွေအတွက်တော့ စိတ်ဓာတ်အင်အားတစ်ခု ဖြစ်ပေမယ့် တကယ့်တကယ် အကျိုးသက်ရောက်မှုတော့ သိပ်ရှိမယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကိစ္စဖြစ်ဖြစ် တစ်ကမ္ဘာလုံးက တူညီတဲ့သဘောထား မရှိနိုင်လို့လေ”
မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ချနိုင်ရင် တောင် လက်နက်မှောင်ခိုဈေးကွက်ကြီးရှိနေပြီး စစ်တပ်မှာ အဲဒါကို လက်လှမ်းမီတဲ့ အဆက်အသွယ်နဲ့ ငွေကြေးတွေရှိနေတယ်လို့လည်း ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
တွမ်အင်ဒရူးစ်ရဲ့ အစီရင်ခံစာမှာတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှား၊ အခြားကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘယ်လာရုစ်၊ ယူကရိန်း၊ အစ္စရေး၊ ဆားဘီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ အာဏာ သိမ်းပြီးတဲ့ နောက်မှာတောင် မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာ တင်သွင်းပြီးနောက်မှာတောင် ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာတဲ့အတွက် မြန်မာစစ်ကောင်စီကို လက်နက်ပိတ်ဆို့ရေး ဘယ်လိုလုပ်နိုင်မလဲဆိုတာ သိနိုင်ဖို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကို RFA က အီးမေလ်ကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
စစ်တပ်အရာရှိဟောင်းတွေ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ ဘာအတွက် လက်နက်ပိတ်ဆို့မှာလဲလို့ ပြန်လည်မေးခွန်းထုတ်ပါတယ်။
“ကျနော်တို့နိုင်ငံနဲ့ပတ်သက်ပြီး အရှင်းဆုံးပြောရရင် ကျနော်တို့နိုင်ငံကို ဘာအတွက် လက်နက်ပိတ်ဆို့မယ်၊ ဘာအကြောင်းပြချက်နဲ့ လက်နက်ပိတ်ဆို့မှာလဲ ဆိုတာက နံပါတ် (၁) မေးခွန်းပဲ။ အဲဒီမေးခွန်းကို အဖြေရှိမှ အဲဒီကိစ္စက ဖြစ်ကောင်းဖြစ်နိုင်မယ်၊ ဒါတောင် မသေချာသေးဘူး။ အဲဒါကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲနဲ့ ဘာကြောင့်ပိတ်မှာလဲဆိုတဲ့ဥစ္စာက သူတို့ကိုယ်တိုင်က အဖြေရှာရမှာပါ။ ကျနော်တို့ ဖြေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ဖြစ်ဖို့ကိစ္စသည် အတော်ကြီး ခဲယဉ်းပါတယ်”
တကယ်လို့ လက်နက်ပိတ်ဆို့မှုတွေ ဖြစ်လာရင်တောင် မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ ခေတ်မှီလက်နက်တွေ ကိုယ်တိုင်ထုတ်လုပ်နိုင်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရေးမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေး မူဝါဒနဲ့ လုပ်ဆောင်နေပြီး၊ အခြားနိုင်ငံတွေကို ဆက်ဆံရာမှာ စက်လက်နက်ပစ္စည်း တစ်ခုတည်းအတွက် အဓိကထားတာမျိုး မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်နိုင်ဖို့အထိ ဆောင်ရွက်နေ တာလို့ RFA ကို အရင်က ဖြေဆိုခဲ့ဖူးပါတယ်။
အမေရိကန်၊ ပြင်သစ်နဲ့ ရုရှား အပါအဝင် လုံခြုံရေးကောင်စီ အင်အားကြီး နိုင်ငံအားလုံးက လက်နက်ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံတွေချည်း ဖြစ်နေတာကြောင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ဖို့ဆိုတာ ခက်ခဲတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“တကယ်တော့ဗျာ လက်နက်ရောင်းချမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီထဲမှာ ပါဝင်နေတဲ့ အင်အားကြီးနိုင်ငံအားလုံးက လုပ်နေကြတာ။ အမေရိကန်လည်းပါတယ် အမေရိကန်က ပထမ နောက်ပြီးတော့ တရုတ်ပေါ့၊ ရုရှားပေါ့ သူတို့က အဓိကရောင်းတာ ကျန်တဲ့နိုင်ငံတွေလည်း ရောင်းတာပါပဲ။ အင်္ဂလန်ရော၊ ပြင်သစ်လည်း ရောင်းတာပါပဲ။ အဲဒီကိစ္စက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်လာဖို့ အတော်ခက်တယ်”
မြန်မာစစ်တပ်ကို ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီကနေ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချပြီး လက်နက်ပိတ်ဆို့ဖို့ မဖြစ်နိုင်တဲ့အတွက် NUG ကို လက်နက် ထောက်ပံ့ပြီး စစ်အာဏာရှင် ပြုတ်ကျရေး လုပ်ဆောင်တာကသာ ပိုထိရောက်လိမ့်မယ်လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) အာရှဌာနခွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး နောက်ရက်ကစလို့ အခုချိန်ထိ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့ သူတို့အဖွဲ့ ကြိုးစားနေပေမယ့် မအောင်မြင်သေးဘူးလို့ RFA ကို အီးမေလ်က တစ်ဆင့် ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာ အစိုးရအသီးသီးကနေ ဒီကိစ္စကို လက်တွေ့အကောင်အထည်ဖော်လာဖို့အတွက် ဆက်လက်ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
ကနေဒါ အစိုးရကတာ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း ထောက်ပံ့ပေးသူ တွေနဲ့ စစ်လက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီအတွက် လေယာဉ်ဆီ အဓိက ဝယ်ယူထောက်ပံ့ပေးနေတဲ့ Asia Sun Group နဲ့ မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက် ပွဲစားတွေဖြစ်တဲ့ Dynasty International ကုမ္ပဏီနဲ့ International Gateways Group တို့လည်း ပါဝင်လာပါတယ်။
ဗြိတိန်အစိုးရကလည်း ၂၀၂၁ ခုနှစ် ဇွန်လထဲမှာပဲ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း တင်ပို့နေတဲ့ ရုရှားကုမ္ပဏီ သုံးခုနဲ့ မြန်မာကုမ္ပဏီ သုံးခုကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။
မြန်မာလက်နက်ပွဲစားကုမ္ပဏီတွေဖြစ်တဲ့ Synpex Shwe၊ Myanmar New Era Trading နဲ့ Sky Aviator တို့ကို ဗြိတိန်က အရေးယူ ပိတ်ဆို့ခဲ့တာပါ။ ဒီကုမ္ပဏီတွေနဲ့ ဆက်စပ်တဲ့ ရုရှား Ural Avia, Sins Avia Trading House နဲ့ JSC Gorizont ကုမ္ပဏီတွေကိုလည်း ဗြိတိန်က စီးပွားရေးအရ အရေးယူပိတ်ဆို့ခဲ့ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ရေးကိစ္စ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ တစ်ညီတစ်ညွတ်တည်း မလုပ်နိုင်ဘူးဆိုရင်တောင် အမေရိကန်၊ အီးယူနဲ့ အခြား နိုင်ငံတွေက တစ်နိုင်ငံချင်းစီအလိုက် လုပ်ဆောင်သွားတာက ပိုထိရောက်တယ်လို့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
“ဒီစစ်အုပ်စုကို လက်နက်နဲ့ လက်နက်ပစ္စည်းတွေကိုပါ ရောင်းဝယ်ပေးပို့နေတဲ့ ကုမ္ပဏီတွေကို ဆိုလို့ရှိရင်လည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့ ရပ်တန်းက ရပ်နိုင်ဖို့ဆိုပြီးတော့မှ ကြိုးစားနေကြတာ ရှိပါတယ်။ ဆိုတော့ ကျမထင်တာက ဒါတွေက ဖြစ်လာလိမ့်မယ်။ ယူကေကလည်း ဒါမျိုးလုပ်လာမယ်။ ကနေဒါကလည်း စလုပ်တယ်။ နောက်ကနေပြီးတော့မှ အဲဒီမှာ အမေရိက ရှိမယ်၊ အီးယူရှိမယ် စသဖြင့်ပေါ့နော် တခြားနိုင်ငံတွေရှိမယ် ဥရောပသမဂ္ဂရဲ့ နိုင်ငံတွေရှိမယ်။ တစ်နိုင်ငံချင်းအရ ဒါမျိုးတွေလည်းအများကြီး ပိုပြီးတော့မှ ဝိုင်းပြီးတော့မှ ပူးပေါင်းပါဝင်လာနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိတယ်ပေါ့နော်”
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလမှာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၈၁ ဦး သေဆုံးပြီး ၁၄၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ထပ် အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လမှာတော့ အရပ်သား ၁၀၅ ဦး သေဆုံးပြီး ၂၆၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကို ကြည့်ရင် သေဆုံးဒဏ်ရာရ အရေအတွက်ဟာ သြဂုတ်၊ စက်တင်ဘာထက် အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လမှာ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဌာနခွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း မြန်မာနိုင်ငံကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စစ်လက်နက်ပိတ်ဆို့ဖို့ မဖြစ်နိုင်ဘူးဆိုရင်တောင် မြန်မာနိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လုံခြုံရေးကောင်စီကနေ အရေးယူ ဆောင်ရွက်မှုတချို့ကိုတော့ မြင်တွေ့ရမှာပါလို့ RFA ကို ပြောပါတယ်။
နောက်ထပ် လိုအပ်နေတာကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို အရှက်ရစေမယ့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေကို ကမ္ဘာ့ပြည်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်လို့ Phil Robertson က တိုက်တွန်းထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.