21 December 2022
ဖမ်းဆီးခံရသော အသက် ၄၀ အရွယ် ခင်မောင်ချင်း (ခ) ချင်းချင်း။ (ဓာတ်ပုံ-ပေးပို့)
NLD ပါတီဝင်တစ်ဦး ဖမ်းဆီးမခံရမီ သူ့ကို ထောင်ချောက်ဆင်ဖမ်းရန် တိုက်တွန်းကြောင်း စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများတွင် ဦးစွာ ရေးသားခဲ့ကြသည်။
By မြတ်သွယ်
ဒီဇင်ဘာ ၁၉ တွင် စစ်ကောင်စီက မန္တလေးမြို့မှ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) တစ်ဦးကို ထောင်ချောက်ဆင်၍ ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။
မြေပဲဆီရောင်းချသူ အသက် ၄၀ အရွယ် ချင်းချင်း ခေါ် ခင်မောင်ချင်းကို ဈေးဝယ်သူဟန်ဆောင်ကာ ချိန်းဆိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“(ဖမ်းဆီးခံရတဲ့) နေရာအတိအကျတော့ မသိရသေးဘူး။ မြေပဲဆီ ဝယ်သလို ဟန်ဆောင်ပြီး ဖမ်းသွားတာလို့ ကြားတယ်။ စစ်လော်ဘီတွေလည်း အဲဒီလိုထုတ်ပြန်တယ်။ ၁၉ ရက်နေ့ ညနေပိုင်းကစပြီး သူနဲ့ အဆက်အသွယ်မရတော့တာ” ဟု ထိုအမျိုးသားက ပြောသည်။
၂၀၁၂ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ဝင်ရောက်ခဲ့သူ ချင်းချင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုများ ရပ်တန့်လိုက်ကြောင်း၊ “ချင်းချင်း”အမည်ဖြင့် မြေပဲဆီရောင်းဝယ်ရေး လုပ်ကိုင်ကာ အသက် ၉၀ အရွယ် မိခင်နှင့်အတူ နေထိုင်သူဖြစ်ကြောင်း အထက်ပါမိတ်ဆွေအမျိုးသားက ပြောသည်။
“သူက သာမန်ပါတီဝင်တစ်ဦးပါ။ LGBT ဆိုပေမဲ့ ပါတီမှာလည်း အားလုံးက ဝိုင်းပြီးချစ်ကြခင်ကြတယ်။ ပြီးတော့ အသက် ၉၀ အမေအိုကို လုပ်ကျွေးနေတာ။ အာဏာသိမ်းပြီးကတည်းက ဘာနိုင်ငံရေးလှုပ်ရှားမှုမှ မရှိတော့ဘူး” ဟု သူက ပြောသည်။
စစ်တပ်လော်ဘီချန်နယ်များတွင် ထုတ်ပြန်ထားသော ခင်မောင်ချင်း (ခ) ချင်းချင်းဓာတ်ပုံအားတွေ့ရစဉ်။
“ပြီးတော့ သူက သူ့ရွာကနေ ဆုံဆီကို ယူရောင်းပြီး မိဘကို လုပ်ကျွေးနေတာဆိုတော့ စိတ်မကောင်းဘူးဗျာ။ သူက အရမ်းကြောက်တတ်တာ။ အခုလိုဖြစ်တာ သနားမိတယ်။ သူ့အမေအိုအတွက်လည်း စိတ်ပူမိတယ်” ဟု ထိုမိတ်ဆွေက ဆက်ပြောသည်။
မိတ်ဆွေများက ချင်းချင်း စစ်ကြောနှိပ်စက်ခံနေရဆဲဖြစ်သည်ဟု ယူဆနေကြပြီး ၎င်း၏ အသက်အန္တရာယ် ထိခိုက်မည်ကိုလည်း စိုးရိမ်နေကြသည်။
ချင်းချင်း နှိပ်စက်ခံထားရပြီးနောက် ရိုက်ကူးထားသည်ဟု ယူဆရသည့် ဓာတ်ပုံကို အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့်လှုံ့ဆော်နေကြသော တယ်လီဂရမ် စာမျက်နှာများတွင် ယမန်နေ့ (ဒီဇင်ဘာ၂၀) က ဖော်ပြထားကြသည်။
ချင်းချင်း၏ဖေ့ဘုတ်စာမျက်နှာတွင် မျှဝေထားသော သတင်းများ၊ ဒေါ်အောင်ဆန်းစုကြည်ကို “အမေ”ဟု ခေါ်ဝေါ်သုံးနှုန်း ရေးသားချက်များ၊ မန္တလေးမြေငလျင်နှင့် ပတ်သက်၍ စစ်ကောင်စီကို ဝေဖန်ရေးသားထားသည်များ၊ မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် မွေးနေ့ဆုတောင်း စသည်တို့ကို ဖော်ပြကာ ချင်းချင်းသည် အကြမ်းဖက်အားပေးတစ်ဦးဖြစ်သည်ဟု စစ်ကောင်စီဘက်တော်သား အမည်ခံထားသူတို့က စွပ်စွဲနေကြသည်။
ဆီဝယ်သူ ဟန်ဆောင်ကာ ချင်းချင်းကို သွားရောက် ဖမ်းဆီးသင့်ကြောင်း တိုက်တွန်းရေးသားထားသည်များကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရသည်။
အမည်မျိုးစုံဖြင့် ထိုသို့ လှုံ့ဆော်နေသူများသည် နေရာတစ်ခုတည်းမှ စနစ်တကျ ဝါဒဖြန့်နေခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူတို့က ယူဆနေသည်။
မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးမြို့သည် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်၏ အာဏာသိမ်းသည့် လုပ်ရပ်ကို အစောဆုံး လမ်းပေါ်တက်၍ ဆန္ဒပြခဲ့သည့်မြို့ဖြစ်သည်။
ဆန္ဒပြလျှင် ရဟန်း၊ သံဃာများပင်မချန် သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် နိုင်ငံအနှံ့ ဆန့်ကျင်၊ ခုခံနေကြရာတွင်လည်း မန္တလေးမြို့သည် ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။
ဆန့်ကျင်သူများကို နှိမ်နှင်းနေသည့် စစ်ကောင်စီက မန္တလေးတွင် အကြီးအကျယ် ဖမ်းဆီးခဲ့ရာ ဩဂုတ်မှ နိုဝင်ဘာလအတွင်းမှာပင် မြို့ခံ၊ ဆရာဝန်နှင့် တော်လှန်ရေးသမား ၈၀ ထက်မနည်းကို ဖမ်းဆီးထားသည်ဟု သိရသည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.