စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ချောင်း စွန့်လွှတ်ခဲ့ရသည့် ၁၉ နှစ်အရွယ် ကိုပီတာဦးက တော်လှန်ရေးတွင် တတ်နိုင်သည့်နေရာမှ ဆက်လက်ပါဝင်ရန် ဆုံးဖြတ်ထားသည်။
By အောင်နိုင်
(*စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံနှင့် ရုပ်သံများပါဝင်သည်)
စစ်ကောင်စီကို မြန်မာနိုင်ငံအနှံ့တွင် ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်လျက်ရှိရာ ကိုပီတာဦး၏ ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်သည်လည်း လက်နက်ကိုင်တော်လှန်မှု အားကောင်းသည့် ဒေသတစ်ခု ဖြစ်လာသည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဒီးမောဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာအနီး ယခုနှစ် မေ ၂၆ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ကိုပီတာဦးလည်း တက်ကြွစွာ ပါဝင်တိုက်ခိုက်ခဲ့သည်။
သို့သော် တိုက်ပွဲဖြစ်ပွားချိန် သိပ်ပင်မကြာသေး “ဝုန်း” ဆိုသည့် ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အသက် ၁၉ နှစ်အရွယ် ကိုပီတာဦး၏ ခန္ဓာကိုယ်သည် မိုးပေါ် မြောက်တက်သွားကာ မြေကြီးပေါ်သို့ ဝမ်းလျားမှောက်လျက် ပြန်ကျလာသည်။
သူ့မျက်စိရှေ့ရှိ ချုံပုတ်တစ်ခုမှာ အမြစ်ကျွတ်ထွက်ကာ မြေသားများ ဖွာလန်ကြဲနေသည်။ ရန်သူဘက်က ပစ်ခတ်လိုက်သည့် ၇၉ မမ လောင်ချာ သို့မဟုတ် အခြားလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည်ဟု ကနဦးတွင် ထင်လိုက်သည်။
စက္ကန့်ပိုင်းမျှ အခြေအနေကို အကဲခတ်ပြီး ဝမ်းလျားမှောက်အနေထားဖြင့် နောက်ပြန်လှည့်ကြည့်ချိန်တွင် သူ့ခြေထောက်နှစ်ချောင်းလုံး ပြတ်ထွက်သွားသည်ကို မြင်တွေ့ရသည်။ ခြေသလုံးကြွက်သားမှာ သွေးသံရဲရဲဖြင့် စုတ်ပြတ်ကြေမွသွားသလို အရိုးနှစ်ချောင်းမှာလည်း ငေါထွက်နေသည်။ ဘယ်ဘက်ခြေဖဝါးလည်း ပြတ်ထွက်ကာ တင်ပါးပေါ် လာကပ်နေသည်။
“ကျွန်တော့်အရိုး ထွက်နေတဲ့အချိန်မှာ မိုင်းနင်းမိပြီဆိုပြီး သိလိုက်ပြီ။ သိလိုက်တဲ့အချိန်မှာ ကျွန်တော် ဘာမှ မပြောဘူး။ ဘာမှ မလုပ်တတ်ဘူး။ ဒီအတိုင်းပဲ နေလိုက်တယ်။ ကျွန်တော့်ကို ကြိုးလာချည်ပေး၊ ကြိုးလာချည်ပေးဆိုပြီးတော့မှ အော်လိုက်တဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းက ပြေးလာတယ်” ဟု ကိုပီတာဦးက ဆိုသည်။
“သူ့ရဲ့ ပဝါတဘက်ကို ဖြုတ်ပြီးတော့မှ ကျွန်တော့်ပေါင်ကို ချည်ပေးတယ်လေ။ ချည်ပေးတဲ့အချိန်မှာ နေရတာ နည်းနည်းပိုသက်သာတယ်ပေါ့”
အသက် ၁၉ နှစ်ပြည့်မွေးနေ့အပြီး နှစ်ပတ်အကြာ စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်နှင့် ဒီးမော့ဆိုအခြေစိုက် အမှတ် ၁၀၂ စစ်ကောင်စီ တပ်ရင်းပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ချိန်တွင် မြေမြှုပ်မိုင်းထိမှန်ကာ ကိုပီတာဦး ခြေနှစ်ဖက် စွန့်လွှတ်လိုက်ရတော့သည်။
ကရင်နီတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုပီတာဦးသည် မွေးချင်း ၇ ယောက်အနက် အကြီးဆုံးဖြစ်ပြီး စစ်တပ်အာဏာမသိမ်းမီက ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာ အထက်တန်းကျောင်းတွင် အခြေခံပညာ ဆယ်တန်းတက်နေသူ ဖြစ်သည်။
ထိုစဉ်က သူ့ရည်မှန်းချက်သည် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် အလုပ်သွားလုပ်ရန်ဖြစ်ပြီး ဆယ်တန်းဖြေပြီး တက္ကသိုလ်ဆက်တက်ရန်လည်း ဆန္ဒရှိခဲ့သည်။ ၂၀၂၀ တွင် ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းပိတ်ခဲ့သဖြင့် ၁၀ တန်းစာမေးပွဲကို သူဖြေဆိုခွင့်မရခဲ့ပေ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းလိုက်ချိန်တွင် နိုင်ငံအနှံ့မှ လူငယ်များ ဆန္ဒပြသပိတ်များ ပေါ်ပေါက်လာခဲ့သည်။ စစ်အာဏာသိမ်းမှုကို မြို့ကြီးများသာမက နယ်မြို့များအပါအဝင် တိုင်းရင်းသားနယ်မြေများအထိ စစ်ကောင်စီကိုဆန့်ကျင်သည့် လူငယ်အများအပြား လမ်းမပေါ်ထွက် ဆန့်ကျင်သည်အထိ ဆန္ဒပြပွဲများ ကျယ်ပြန့်လာခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသပိတ်များတွင် ဒေါငံခါးရွာ အထက်တန်းကျောင်းသား ကိုပီတာဦးလည်း အပါအဝင်ဖြစ်သည်။ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ အားကောင်းလာချိန် ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းလာချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို ကိုပီတာဦး ရွေးချယ်ခဲ့တော့သည်။
စစ်တပ်အာဏာမသိမ်းခင်က ရည်မှန်းချက် ကြီးကြီးမားမားမရှိခဲ့သည့် ကိုပီတာဦးသည် စစ်တပ်အာဏာသိမ်းပြီးချိန်တွင် စစ်အာဏာရှင်ပြုတ်ကျရေး ကြီးမားသည့် ရည်မှန်းချက်ကို ချခဲ့ပြီး လက်နက်ကိုင်ခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်ချိန်မှစ၍ အာဏာသိမ်းစစ်တပ်ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် တော်လှန်သူတို့သည် ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရသလို တန်ဖိုးကြီးမားသည့် အသက်ကိုပင်ပေးဆပ်နေကြရသည်။
ကိုယ်အင်္ဂါစွန့်ရသူများထဲတွင် ဝါသနာပါရာ စူးစမ်းလေ့လာကာ ပညာသင်ရမည့်အရွယ်ဖြစ်သည့် ကိုပီတာဦးလည်း ပါဝင်သွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအလီလီ နွှဲခဲ့ပြီး မိုင်းထိ၍ ခြေနှစ်ဖက်ပြတ်တိုင် သူ၏ ဆုံးရှုံးမှုကို ဝမ်းမနည်းခဲ့ကြောင်း ကိုပီတာဦးက ပြောသည်။
“ခြေထောက်ပြတ်ပြီးလားပေါ့။ ရပါတယ်။ ကမ္ဘာပေါ်မှာ ခြေထောက်ပြတ်တဲ့လူတွေ အများကြီးရှိတာပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းတယ်ပေါ့။ ထိန်းပြီးတော့ ဘာမှဝမ်းမနည်းခဲ့ဘူးပေါ့။ ငိုလည်းမငိုဘူး။ ရယ်လည်းမရယ်ဘူး” ဟု ကိုပီတာဦးက မိုင်းထိချိန်က ခံစားချက်ကို ပြန်ပြောပြသည်။
အနာကျက်သွားချိန်တွင် အနာဂတ်နှင့် တော်လှန်ရေးအတွက် ဘာဆက်လုပ်ရမည်ကို တွေးနေသလို သွေးသံရဲရဲဖြင့် ခြေထောက်နှစ်ချောင်းကို ဗီဒီယိုမှတ်တမ်းတင်ပေးရန် သူက တောင်းဆိုခဲ့သေးသည်။ ရစရာမရှိအောင် စုတ်ပြတ်နေသည့် ဒဏ်ရာကို မကြည့်ရန် သူငယ်ချင်းရဲဘော်များက ကိုပီတာဦးကို ဖျောင်းဖျသည်။
“မကြည့်နဲ့ဆိုပြီးတော့ ကျွန်တော့်ရင်ကို ဖက်ထားတယ်။ ဒါပေမဲ့ ကျွန်တော် ခိုးကြည့်တယ်။ ဒီဘက်မှာဆို အရိုးတွေ့ရတယ်။ အသားတွေတွဲလောင်းနဲ့ သွေးတွေပဲ တွေ့ရတယ်။ ဘယ်ဘက်က ခြေထောက်ကို ကျွန်တော်တွေ့ရတယ်။ ညာဘက်လိုပဲ” ဟု သူက ဆိုသည်။
မိုင်းကွဲသည့်နေရာသည် ကားရပ်ထားသော နေရာနှင့် နာရီဝက်ခန့် လမ်းလျှောက်ရပြီး ဆေးခန်းကို အမြန်ဆုံးပို့နိုင်ရန် သူငယ်ချင်းများက ကျောပိုး၍ သယ်ကြသည်။ ထိုအချိန်ထိ သတိရှိနေကြောင်း သူက ဆိုသည်။
ကားပေါ်သို့ ရောက်ချိန်တွင် အတွေးတစ်ခု ခေါင်းထဲဝင်လာပြီး ခြေနှစ်ဖက်မရှိသည့် အခြေအနေမှာ မိဘများ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်၍ သူ့ကို ပစ်သတ်ရန် သူငယ်ချင်းရဲဘော်များကို တောင်းဆိုခဲ့ကြောင်း ကိုပီတာဦးက ဆိုသည်။
“ကားပေါ်ရောက်မှ ဒုတိယအချက် ကျွန်တော် စဉ်းစားမိလိုက်တယ်။ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပြောလိုက်တယ်။ ငါ့ကို ပစ်သတ်လိုက်ပါ။ ကျွန်တော့်သူငယ်ချင်းကို ပြောတဲ့အခါကျတော့ မျက်ရည်ဝဲပြီးတော့ သူ ကျွန်တော့်ကို မသတ်ဘူး” ဟု ၎င်းက ဆို့နစ်စွာ ပြောသည်။
လမ်းတစ်လျှောက်တွင် သူငယ်ချင်းများက မျက်လုံးမမှိတ်ရန် တဖွဖွသတိပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ ခြေထောက်နှစ်ဖက်မရှိတော့သည်တိုင် စွမ်းဆောင်နိုင်သည့် အရာများစွာရှိကြောင်းလည်း သူငယ်ချင်းများက အားပေးသည်ဟု သူက ပြန်လည်ပြောပြသည်။
နာရီအတော်ကြာ ကားမောင်းခဲ့ပြီးနောက် ညနေပိုင်းတွင် စခန်းရှိ ဆေးခန်းသို့ ပြန်လည်ရောက်ရှိသည်။ ဆေးအဖွဲ့က စစ်ဆေးပြီးနောက် အသက်အန္တရာယ်ထိခိုက်မှုမရှိသော်လည်း ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ပစ်ရမည်ဟု ရှင်းပြကြောင်း ၎င်းက ဆိုသည်။ ဘယ်ဘက်ခြောက်ထောက်မှာ ယမ်းလှိုက်စားနေသဖြင့် ပေါင်အရင်းမှ ဖြတ်ပစ်လိုက်ရပြီး ညာဘက်မှာ ဒူးဆစ်အောက်နားတွင် ဖြတ်တောက်ခဲ့ရသည်။
ခြောက်လနီးပါး ကြာပြီးနောက် ခွဲစိတ်ထားသည့် ခြေထောက်နှစ်ဖက်သည် နာကျင်မှုရှိသေးသော်လည်း အနာကျက်စပြုလာပြီဖြစ်သည်။ မပြီးဆုံးသေးသည့် တော်လှန်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် အခွင့်အရေးမပေးသော်လည်း ထောက်ပို့အဖြစ် ဆက်လက်ပါဝင်သွားမည်ဟု ကိုပီတာဦးက ဆိုသည်။
ကွန်ပျူတာလည်း သင်နေပြီး တပ်ဖွဲ့အတွက် စာစီစာရိုက်နှင့် ထုတ်ပြန်ကြေညာချက်များရေးပေးရန် စဉ်းစားထားပြီး ဒါသည် သူ၏ တော်လှန်ရေးဖြစ်သည်ဟု ကိုပီတာဦး ယုံကြည်သည်။ “လုပ်နိုင်သလောက်လေးပေါ့။ ထောက်ပို့တို့ ဒီစာစီစာရိုက်တို့။ အစည်းဝေးဖိတ်စာတို့ အဲဒီအချိန်မှာ လိုအပ်တယ်လေ” ဟု ပြောသည်။
ကိုပီတာဦးသည် ပျော်ပျော်နေတတ်သူဖြစ်ပြီး အလုပ်ကို ခင်တွယ်ကာ အခြားရဲဘော်များကိုလည်း ဖော်ရွေစွာ ဆက်ဆံတက်သူဖြစ်ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွင် ကိုယ်လက်အင်္ဂါစွန့်လွတ်လိုက်ရသူ လေးဦးရှိပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် အခြားတော်လှန်ရေးအင်အားစုတိုင်းတွင်လည်း အလားတူ စွန့်လွှတ်ရသူများစွာရှိနေသည်။
စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများ တင်းကြမ်းအောင် ထောင်ထားလေ့ရှိသဖြင့် မိုင်းအန္တရာယ်ကို အထူးသဖြင့်ပြုလှုပ်ရှားသင့်ကြောင်းလည်း တိုက်ပွဲဝင် ရဲဘော်များကို ကိုပီတာဦးက သတိပေးသည်။
ဆန့်ကျင်သူတိုင်းကို အကြီးကျယ်ဖိနှိပ်နေသည့် စစ်ကောင်စီသည် ကျေးရွာများကို မီးရှိုဖျက်ဆီးပြီး တော်လှန်ရေးအင်အားစုတိုင်းကို လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ အကြီးအကျယ် ဆက်လက်ထိုးစစ်ဆင်နေသည်။
မြို့နယ် ၇ ခုဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်အတွင်း လူဦးရေနှစ်သိန်းခွဲကျော် နေထိုင်ကြပြီး လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်တို့တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။
တစ်ခါတစ်ရံတွင် စိတ်ဓာတ်ကျစရာများရှိသော်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကို ပြန်ပြောင်းအောက်မေ့လိုက်ပါက စိတ်ဓာတ်ပြန်တက်ကြွလာသည်ဟု ကိုပီတာဦးက ဆိုသည်။
တောင်ကုန်း၊ တောင်တန်း ပေါများပြီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ကယားပြည်နယ်တွင် တိုက်ပွဲများကြောင့် ကိုပီတာဦး၏ မိဘများအပါအဝင် ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရသည်။
တန်ဖိုးကြီးကြီးပေးဆပ်နေရသော်လည်း အရေးတော်ပုံမှာ မလွဲဧကန် အောင်မည်ဟု ယုံကြည်ကြောင်း၊ အာဏာရှင် အမြန်ဆုံးပြုတ်ကျရန် မျှော်လင့်ကြောင်း ကိုပီတာဦးက ဆိုလိုက်သည်။
“ကျွန်တော် ရသလောက်လုပ်သွားမယ်။ ဘာတောင်းဆို ညာတောင်းဆို ဘာမှမရှိဘူး။ အဓိကက အရေးတော်ပုံ မြန်မြန်အောင်ဖို့ပဲ။ အရေးတော်ပုံ မြန်မြန်အောင်သွားရင်တော့ ကိုယ်လုပ်ချင်တာ လွတ်လပ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရမယ်”
Original Post: Myanmar Now