19 December 2022
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကုန်းသာရွာမှနေအိမ် အချို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချရာမှာ ဗြိတိန်ကုမ္ပဏီတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ခြင်း မရှိအောင် ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK နဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၁၆ ဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံ စာရေးတောင်းဆိုခဲ့ပါတယ်။
အဲဒီစာမှာ နိုင်ငံခြားလောင်စာဆီကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို လေယဉ်ဆီ တိုက်ရိုက်တင်ပို့ရောင်းချတာ ဒါမှမဟုတ် ကြားဝင်အကျိုးဆောင်ပေးတာတွေကြောင့် မြန်မာစစ်တပ်က လေယာဉ်ဆီ အလုံအလောက်ရရှိပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံခြားဆိပ်ကမ်းတွေက တင်ပို့တဲ့ လေယာဉ်ဆီရောင်းချမှု ကွင်းဆက်တွေကလည်း မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီတွေ မရောက်နိုင်မှသာ ပြည်တွင်းဗုံးကြဲတိုက်ခိုက်မှုတွေ လျော့နည်းသွားလိမ့်မယ်လို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“ဒီလေယာဉ်ဆီတွေ စစ်တပ်ဆီကို မရောက်လာဖို့ အရေးကြီးတယ်။ ဒီလေယာဉ်ဆီတွေ မရောက်လာဘူးဆိုရင် သူ့အနေနဲ့ ပြည်သူလူထုတွေကို အရပ်သားတွေကို ဗုံးကြဲ သတ်ဖြတ်တာတွေ နှောင့်နှေးသွားနိုင်တယ်။ ရပ်တန့်သွားနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ပေါ့နော်၊ လေယာဉ်ဆီတွေ စစ်တပ်လက်ထဲကို မရောက်လာဘူး၊ ဈေးကြီးကြီး ပေးရမယ်ဆိုရင် နောက်ပိုင်း သူ့ရဲ့ ဗုံးကြဲနေတဲ့ဟာတွေ လျော့နည်းလာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကို RFA က ပြီးခဲ့တဲ့ သီတင်းတစ်ပတ်လုံး အီးမေလ်ကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အခုချိန်ထိ အကြောင်းမပြန်သေးပါဘူး။
အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်ရဲ့ စာမှာတော့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့ရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေကိုပါ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ဖို့နဲ့ လေယာဉ်ဆီ တင်ပို့နေတဲ့ သင်္ဘောတွေ၊ ဆိပ်ကမ်းတွေ၊ အခြေခံအဆောက်အဦတွေအတွက် အာမခံပေးတဲ့ ကုမ္ပဏီတွေကို စိစစ်အတည်ပြုဖို့လည်း တောင်းဆိုထားပါတယ်။
အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်မှာပါဝင်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့ ပြောခွင့်ရသူ မိုက်ကလည်း စစ်ကောင်စီဟာ ပြည်တွင်းမှာ ကိုယ်တိုင်လေယာဉ်ဆီ မထုတ်နိုင်တာကြောင့် ပြည်ပကနေ လေယာဉ်ဆီ တင်ပို့မှုကို ပိတ်လိုက်တာက လက်တွေ့ထိရောက်တဲ့နည်းလမ်း ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့က လေယာဉ်ဆီတို့ဘာတို့ ကိုယ်တိုင်ထုတ်လုပ်နိုင်တာကလည်း မရှိဘူးလေ။ နိုင်ငံခြားကပဲ အားလုံးတင်သွင်းရတာ ဖြစ်တဲ့အတွက်ကြောင့် လေယာဉ်ဆီ အဝင်ပေါ့နော် မြန်မာနိုင်ကို အဝင်ကို နိုင်ငံကြီးတွေက ပိတ်ဆို့ပေးလိုက်ရင်၊ တားဆီး ပေးလိုက်ရင်တော့ တကယ်ထိရောက်တဲ့ အခြေအနေဖြစ်မှာပါ။ နေ့စဉ်နဲ့အမျှ လေယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်၊ ပြည်သူတွေက နေ့စဉ်ကြောက်ရွံ့နေရတာလေ။ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်သွင်းနေတဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့လိုက်ရင်တော့ ဒါကသေချာပေါက် ရပ်တန့်သွားမယ်။ တကယ်လည်း ထိရောက်မယ်လို့ ယုံကြည်ပါတယ်”
ဒီနည်းလမ်းဟာ အနောက်နိုင်ငံတွေအတွက် အလွယ်တကူ လုပ်နိုင်သလို လုပ်ဆောင်သင့် တဲ့ နည်းလမ်းလည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
လေယာဉ်ဆီတင်ပို့မှုကို တားမြစ်လိုက်တဲ့အခါ စီးပွားဖြစ် ပျံသန်းနေတဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေအပေါ် ထိခိုက်မှုရှိနိုင်ပေမယ့် လေကြာင်းတိုက်ခိုက်မှုတွေကို လျှော့ချနိုင်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အကျိုးရလဒ်က ပိုများလိမ့်မယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က ရှုမြင်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်မှာ ပြည်ပကဝယ်ယူတဲ့ လေယာဉ်ဆီတွေကို ပြည်တွင်းခရီးစဉ်တွေမှာထက် လေကြောင်းတိုက်ခိုက်တာတွေ အတွက်သာ အဓိက အသုံးပြုနေတာလို့ ထောက်ပြဝေဖန်ပါတယ်။
“စစ်ကောင်စီခေတ်မှာတော့ ပြည်သူတွေအတွက် သွားရောက်ရမယ့် အထူးသဖြင့် လေယာဉ်ဆီပေါ့နော်၊ ခရီးသည်တင်လေယာဉ်တွေက အဲဒီလောက်ထိ အသုံးမဝင်ဘူး၊ ဥပမာပြောရင် ရန်ကုန်လေဆိပ်တောင်မှ အရင်ကလို လွယ်လယ်ကူကူ ဝင်လို့မရတဲ့ အခြေအနေပေါ့နော်။ သာမန်ခရီးသည်တစ်ယောက်က ခရီးသွားမယ်ဆိုရင်တောင် သတိကြီးစွာထားပြီးတော့ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရတယ်။ ငွေအပိုတွေလည်း သုံးရတယ်ဆိုတာ ကြားသိရပါတယ်။ အဲဒီတော့ တကယ်တမ်း လေယာဉ်ဆီအများစုကို သုံးနေတာက ရန်သူရဲ့ လေယာဉ်တွေမှာပဲ ဖြစ်ပြီးတော့ အဲဒီလေယာဉ်တွေကပဲ တိုင်းရင်းသားဒေသတွေ ပြည်သူတွေရဲ့ အပေါ်မှာ အားလုံးကိုလာပြီးတော့ ဗုံးကြဲ ဖျက်ဆီးနေတာဖြစ်တယ်။ ဒါကြောင့် လေယာဉ်ဆီပိတ်ဆို့ဖို့က တကယ့်ကို အရေးတကြီးလိုအပ်တယ်လို့ ယုံကြည်ပါတယ်”
NUG အနေနဲ့လည်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကို စဖွဲ့ကတည်းက စစ်ကောင်စီအပေါ် လေယာဉ်ဆီပိတ်ဆို့ရေးကို နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာစစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ RFA ကို အရင်က ဖြေဆိုခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံထံ လေယာဉ်ဆီတင်ပို့မှုကို ပိတ်ပင်ရာမှာ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လို မဟာမိတ်နိုင်ငံတွေ ပူးပေါင်းလာအောင် ဗြိတိန်အစိုးရက တိုက်တွန်းလုပ်ဆောင်ပေးဖို့လည်း အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်ရဲ့စာမှာ တောင်းဆို ထားပါတယ်။
ကနေဒါ အစိုးရကတာ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်း ထောက်ပံ့ပေးသူ တွေနဲ့ စစ်လက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီအတွက် လေယာဉ်ဆီ အဓိက ဝယ်ယူထောက်ပံ့ပေးနေတဲ့ Asia Sun Group နဲ့ မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက်ပွဲစားတွေဖြစ်တဲ့ Dynasty International ကုမ္ပဏီနဲ့ International Gateways Group တို့လည်း ပါဝင်ပါတယ်။
Justice for Myanmar အဖွဲ့ရဲ့ ပြောခွင့်ရသူ မရတနာမောင်ကတော့ အနောက်နိုင်ငံတွေနဲ့ အတူ အာရှတိုက်က ဂျပန်နဲ့ တောင်ကိုရီယား အစိုးရတို့ကလည်း ကနေဒါရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုလိုမျိုး မြန်မာစစ်ကောင်စီအပေါ် အမြန်ဆုံး လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆို တယ်လို့ RFA ကို အီးမေးလ်ကတစ်ဆင့် ဖြေဆိုပါတယ်။ မြန်မာ့ ရေနံနဲ့ စွမ်းအင်ဝန်ကြီးဌာန (MPE) ကိုလည်း ချက်ချင်းအရေးယူပိတ်ဆို့နိုင်အောင် ဆက်လုပ်ဖို့ လိုအပ်တယ်လို့ မရတနာမောင်က ပြောပါတယ်။
ဘုရားသုံးဆူမြို့၊ မက္ကသာရွာ KNU စခန်းအနီးရှိ မိုင်းတွင်းတစ်ခုအား စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ (Photo: Citizen Journalist)
ရုရှားနဲ့ တရုတ်ကြောင့် စစ်ကောင်စီကို လုံခြုံရေးကောင်စီကနေ အရေးယူဒဏ်ခတ်တာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါလို အင်အားကြီးနိုင်ငံတွေဟာ တစ်နိုင်ငံချင်းစီအလိုက် စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်တာကလည်း ပိုပြီးထိရောက်မှု ရှိတယ်လို့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
“လေယာဉ်ဆီပို့တယ်ဆိုတာက တခြားပါဝင်ပတ်သက်တဲ့ စီးပွားရေးကုမ္ပဏီတွေ အများကြီး ရှိနေသေးတယ်။ သူတို့ကိုပါ UK အစိုးရက အရေးယူပြီးတော့မှ ဖြတ်တောက်ဖို့ပေါ့နော်။ သာမန်အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အခုလို ဆိုးဆိုးဝါးဝါးကြီး စစ်ရာဇ၀တ်မှုနဲ့ အရမ်းကို ဆိုးဆိုးဝါးဝါး လူမဆန်အောင် ကျူးလွန်နေတဲ့ ကိစ္စတွေကို ရပ်တန်းက ရပ်ဖို့အတွက်က နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ရဲ့ တာဝန်ရှိမှုအရလည်း သူတို့က လုပ်ရတော့မှာ ဖြစ်တယ်လေ။ အဲဒီအပေါ်မှာ စစ်အုပ်စုကို အရေးယူမယ့် ကိစ္စရပ်တွေနဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် တရုတ်နဲ့ ရုရှားက အမြဲတမ်း ကြားကနေပိတ်ပင်နေတဲ့ အခါကျတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အနေနဲ့ မလုပ်နိုင်ဘူးဆိုရင်တောင် တစ်နိုင်ငံချင်း ဆုံးဖြတ်ချက်တွေနဲ့ ဒီလိုပဲ အပြန်အလှန် ပူးပေါင်းပြီးတော့မှ သူတို့ တက်ညီလက်ညီ လုပ်သွားကြတောမယ့်ဟာမျိုး ဖြစ်သွားမယ်ပေါ့နော်”
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI (Amnesty International) ကလည်း မြန်မာ စစ်တပ်ထံ လေယာဉ်ဆီတွေ မရောက်ဖို့ နိုင်ငံတကာက အရေးတကြီး ပိတ်ဆို့တားဆီးဖို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ “မရဏကုန်စည် – မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အားပေးတဲ့ လောင်စာဆီပံ့ပိုးမှု ကွင်းဆက်တွေကို ဖော်ထုတ်ခြင်း” လို့ အမည်ပေးထားတဲ့ အစီအရင်ခံစာတစ်စောင်ကို ထုတ်ပြန်ပြီး တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Burma Campaign UK အဖွဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ဗြိတိန်အစိုးရဟာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေအတွက် ဦးဆောင်ကြိုးပမ်းနေပါတယ်၊ လေယာဉ်ဆီပိတ်ဆို့ရေးအတွက် ဗြိတိန်အစိုးရကို ကျနော်တို့ နှိုးဆော်နိုင်ရင် တခြားနိုင်ငံတွေ ပူးပေါင်းပါဝင်လာဖို့ကို ဗြိတိန်အစိုးရက ကြိုးပမ်းလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ဖို့က ခက်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ပိတ်ဆို့မှာမဟုတ်လို့ပါပဲ၊ ဒါပေမဲ့ လေယာဉ်ဆီစျေးကွက်မှာ အနောက်နိုင်ငံကုမ္ပဏီတွေ အများအပြား ရှိနေတာကြောင့် သူတို့ရဲ့ စျေးကွက်ကို အထိုက်အလျောက် ဟန့်တားနိုင်ပြီး ဝယ်ယူဖို့ ခက်ခဲအောင်နဲ့ စျေးကြီးအောင်တော့ ကျနော်တို့ လုပ်နိုင်ပါတယ်လို့ RFA ကို အီးမေးလ်က တစ်ဆင့် ပြောဆိုထားပါတယ်။
ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက အခုလို တိုက်တွန်းနေချိန်မှာပဲ စစ်ကောင်စီ တပ်ဟာ ဒီဇင်ဘာ ၇ ရက်ကစလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာနယ်မြေ နမ့်ဆန်မြို့နယ် ကုန်းသာရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ လေးဦး သေဆုံးပြီး ကုန်းသာရွာ တစ်ရွာလုံးနီးပါး ထိခိုက် ပျက်စီးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တည်ထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၆၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ ကို စစ်ရဟတ်ယာဉ် နှစ်စင်းနဲ့ တစ်နာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ခုနစ်ဦး အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.