သတင်းထောက် စိုးရာဇာထွန်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်ချ

17 December 2022

သတင်းထောက် စိုးရာဇာထွန်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်ချ

ရန်ကုန်မြို့မှ သတင်းထောက် ကိုစိုးရာဇာထွန်း   

စစ်ကောင်စီတရားရုံးက စီရင်ချက်ကို အထူးတလည်ဖတ်ပြခြင်းမရှိဘဲ ပုဒ်မတူသူများကိုစုစည်း၍ ထောင်ဒဏ်များချမှတ်ခဲ့သည်ဟု ဆိုသည်။

By အောင်နိုင်

ထောင်မှလွတ်မြောက်လာပြီး ၇ လအကြာ ထပ်မံဖမ်းဆီးခံရသည့် ရန်ကုန်မြို့မှ  သတင်းထောက် ကိုစိုးရာဇာထွန်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၆)တွင် အင်းစိန်ထောင် အထူးတရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက်ပုဒ်မဖြင့်အမှုဖွင့်ခံရခြင်းဖြစ်ပြီး ယမန်နေ့ အမိန့်ချရာတွင် စစ်ကောင်စီတရားရုံးက စီရင်ချက်ဖတ်ပြခြင်းမရှိကြောင်း၊ ပုဒ်မတူသူများကို စုပေါင်း၍ အမိန့်ချခဲ့ကြောင်း  မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကိုပြောသည်။

“အထူးတလည်ဖတ်ပြတာတွေ ဘာမှမရှိဘူး။ လုပ်ချင်တိုင်းလုပ်သွားတာပေါ့နော်။ ပြီးလို့ရှိရင် ပုဒ်မတူရာ တူရာကိုစုပြီး ဒီလူက ဘယ်နှစ်နှစ်၊ ဒီအမှုက ဘယ်နှစ်နှစ်ဆိုပြီး ဖြစ်တတ်ကလက်ဆန်းချသွားတာပေါ့။ လက်လွတ်စပယ် လုပ်သွားတဲ့ပုံစံပေါ့” ဟု ၎င်းက ဆိုသည်။

အင်းစိန်ထောင်တွင်ရှိနေသည့် ကိုစိုးရာဇာထွန်းသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ လွတ်လပ်စွာသတင်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကို ထောင်ဒဏ်ချမှတ်မှုကြောင့်  မိသားစုက ထိခိုက်ခံစားရကြောင်း ထိုနီးစပ်သူက ဆိုသည်။ ကိုစိုးရာဇာထွန်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက စစ်အာဏာသိမ်းမှုဆန္ဒပြပွဲများကို သတင်းယူနေစဉ် ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူအောင်လှုပ်တော်မှုပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ထိုနောက် ဇွန် ၃၀ ရက်နေ့က ချွင်းချက်နှင့်လွှတ်ပေးသည့် အကျဉ်းသားအများအပြားထဲတွင် ပါဝင်သော်လည်း  ၂၀၂၁ မတ်လတွင် ပဲခူးတိုင်း၊ သယာဝတီခရိုင် သုံးဆယ်မြို့တွင် ထပ်မံအဖမ်းခံရသည်။

စစ်ကောင်စီတပ်သားတို့က ကိုစိုးရာဇာထွန်းကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးရှိ ဘုရားလေးစစ်ကြောရေးစခန်းတွင် ၄ ရက်၊ လှည်ကူးမြို့မရဲစခန်းတွင် ၂၈ ရက် ထိန်းသိမ်းပြီးနောက် အင်းစိန်ထောင်ပို့ကာ အမှုဖွင့်ခဲ့ကြောင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခံရကြောင်း မိသားစုနှင့်နီးစပ်သူက ဆိုသည်။

စစ်အာဏာသိမ်းချိန်မှစ၍ သတင်းထောက်လေးဦသတ်ဖြတ်ခံခဲ့ရသလို ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရကာ ထိုထဲမှ ၄၈ ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။


Original Post: Myanmar Now

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia