မြန်မာပြည်မှာ ပြည်သူတွေ ဒုက္ခခံစားနေရသေးသရွေ့ ကျမ မနားနိုင်ပါဘူး။ ကျမတို့နိုင်ငံမှာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေကို ကျမတို့ ရရှိခံစားနိုင်မှသာ ကျမပျော်နိုင်မှာပါ
ကျမနာမည် နော်ဆာမူ လို့ခေါ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းကာလတွေမှာ ကျမမိဘတွေက မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် သူတို့ရွာကနေ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ကျမကို ထိုင်းနိုင်ငံမှာ မွေးခဲ့ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ ကျမကြီးပြင်းခဲ့သလို အဲဒီမှာပဲ ကျောင်းပညာ သင်ကြားခဲ့ပါတယ်။
ကျမ ၁၉ နှစ်အရွယ် ၂၀၀၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ “Internews Journalism School” ဆိုတဲ့ အစီအစဥ်တစ်ခုကို တက်ရောက်ဖြစ်ခဲ့ရာကနေ ဂျာနယ်လစ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျာနယ်လစ်ပညာ သင်ယူတတ်မြောက်ပြီးစီးတော့ [ထိုင်း-မြန်မာနယ်စပ်တလျှောက်] ဒုက္ခသည်စခန်းတွေနဲ့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖြန့်ကျက်ကွန်ရက်တစ်ခုဖြစ်တဲ့ Karen Student Network Group (KSNG) အပါအဝင် ကရင်အဖွဲ့အစည်း အများအပြားမှာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီမှာ ကျမဟာ မီဒီယာဌာနပိုင်းကို စီမံပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတွင်းက ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ လူထုကြီးအတွက် ပုံမှန်သတင်းနဲ့ နောက်ဆုံးရအခြေအနေတွေ တင်ဆက်ခဲ့ပါတယ်။ ရေဒီယိုနဲ့ သတင်းထုတ်လုပ်မှုများစွာကို စီမံဖို့အတွက် ကျမက တာဝန်အထူးပေးခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံခြားဂျာနယ်လစ်တွေနဲ့ တခြား မီဒီယာအဖွဲ့အစည်းတွေကို ဒုက္ခသည်စခန်းတွေနဲ့ စစ်ဘေးရှောင်ဒေသတွေမှာ အန္တရာယ်ကျရောက်မှုဒဏ် ပိုခံရနိုင်တဲ့ ကရင်ပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့ ကြားကနေ ဖြည့်ဆည်းပံ့ပိုး ညှိနှိုင်းချိတ်ဆက်ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ ကျမဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) ရဲ့ မီဒီယာညှိနှိုင်းရေးမှူးအဖြစ် အလုပ်လုပ်နေပါတယ်။ မီဒီယာညှိနှိုင်းရေးမှူးတစ်ယောက်အနေနဲ့ ကျမလုပ်ဆောင်ရတဲ့ အခန်းကဏ္ဍတွေထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဂ္ဂဇင်းတွေထုတ်တာ၊ မီဒီယာဆိုင်ရာသင်တန်းတွေပေးတာ၊ ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအစည်းအဝေးတွေ တက်ရောက်တာ၊ နဲ့ နိုင်ငံခြားဂျာနယ်လစ်တွေနဲ့ မီဒီယာအဖွဲ့တွေကို စစ်ဘေးရှောင်တွေနေထိုင်နေတဲ့ အန္တရာယ်ကျရောက်မှုဒဏ် ပိုခံရနိုင်တဲ့ နေရာတွေကို လက်လှမ်းမီနိုင်ဖို့ ကြားကဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးတာတွေ ပါဝင်ပါတယ်။
ကျမရဲ့ အလုပ်သက်တမ်းတစ်လျှောက်မှာ ကရင်လူငယ်တွေကို မီဒီယာအကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖန်တီးရာမှာ မီဒီယာဟာ ထိရောက်တဲ့တန်ဆာပလာတစ်ခု ဘယ်လိုအသုံးပြုနိုင်လဲဆိုတာနဲ့ ပတ်သက်တဲ့ သင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပေးခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ ဗဟုသုတတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေမှာ အသုံးချနိုင်ဖို့ရာအတွက် ကျမဟာ အမျိုးသမီးသတင်းထောက်တစ်ယောက်အနေနဲ့ မီဒီယာသင်တန်းတွေမှာ အမျိုးသမီးတွေ တက်ကြွစွာ ပါဝင်မှုရှိစေရေးကိုလည်း အသေအချာလုပ်ဆောင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ဖြည့်ဆည်းမှုရရှိထားတဲ့ အမျိုးသမီးတွေဟာ စစ်ဘောင်နဲ့အင်အား တိုးချဲ့မှု၊ မြေနဲ့ အရင်းအမြစ် အဓမ္မသိမ်းပိုက်ခံရမှုတွေကြောင့် ဖြစ်လာတဲ့ စိုးရိမ်မှုတွေနဲ့ တရားမမျှတတဲ့ ရလဒ်တွေအကြောင်းကို ပိုပြီးထင်ထင်ရှားရှား ထုတ်ဖော်ပြောဆိုနိုင်တာကြောင့် ဒီလိုကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို မြှင့်တင်တာဟာ လူမှုအသိုင်းအဝိုင်းတွေအတွက် တရားမျှတမှု၊ ညီမျှမှုနဲ့ ငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်ပေးဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ ကျမဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ မီဒီယာကိုအသုံးချပြီး ကိုယ်စွမ်းကိုယ်စတွေလည်း မြှင့်တင်လာနိုင်ခဲ့ပါတယ်။ ကျမရဲ့ အန္တိမပန်းတိုင်ကတော့ ကျမနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတည်ဆောက်ရေးမှာ ဆက်လက်ပါဝင်ရေး ဖြစ်ပါတယ်။ မီဒီယာနဲ့ပတ်သက်တဲ့ ကျမရဲ့အလုပ်တွေကနေတစ်ဆင့် ကျမရဲ့ အသိုင်းအဝိုင်းကို ဆက်လက်ကူညီနိုင်နေသေးတဲ့အတွက် ဝမ်းသာပါတယ်။ အသံထုတ်ဖော်ခွင့် မရသူတွေရဲ့ အသံအဖြစ် ပေါင်းကူးဖို့ ကျမ အကောင်းဆုံးကြိုးစားနေပါတယ်။
ကျမကို ဒီအလုပ်တွေ စလုပ်ဖြစ်စေခဲ့တာကတော့ နှစ်ပေါင်း ၇၀ ကျော်ကြာလာခဲ့ပြီဖြစ်တဲ့ ကရင်ပြည်သူတွေရဲ့ ရုန်းကန်မှုပဲ ဖြစ်ပါတယ်။ ကျမရဲ့ပြည်သူတွေ ဒုက္ခခံစားနေရတာကို ကျမ မမြင်ချင်တော့ပါဘူး။ သူတို့ရဲ့ ရင်ဆိုင်အံတုမှုတွေကို ကျမမြင်နိုင်သလို သူတို့ရဲ့ ခွန်အားကြောင့်လည်း ကျမရဲ့ လူမျိုးအသိုင်းအဝိုင်းနဲ့ မြန်မာပြည်က လူမျိုးစုအသိုင်းအဝိုင်းအားလုံးရဲ့ လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့ ကျမအတွက် စိတ်ခွန်အားဖြစ်စေပါတယ်။
တိုက်ပွဲသတင်းတွေကို ကျမ နေ့တိုင်းကြားနေရတယ်။ လှုပ်ခတ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခခံစားနေရတာတွေကို သိရတဲ့အတွက်လည်း အသဲတွေ ကွဲကြေရပါတယ်။ မြန်မာပြည်မှာ ပြည်သူတွေ ဒုက္ခခံစားနေရသေးသရွေ့ ကျမ မနားနိုင်ပါဘူး။ ကျမတို့နိုင်ငံမှာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေကို ကျမတို့ ရရှိခံစားနိုင်မှသာ ကျမပျော်နိုင်မှာပါ။
ကျမအပေါ် စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေဖြစ်စေတဲ့ သူအချို့ရှိပါတယ်။ ပဒိုမန်းရှာဟာ ကျမကို အလုပ်တွေ မမောမပန်းဆက်လုပ်ဖြစ်စေဖို့ ကြီးမားတဲ့ စိတ်ခွန်အားနဲ့ လှုံ့ဆော်မှု ပေးနိုင်သူ ဖြစ်ပါတယ်။ ကျမ အမေကတော့ သန်မာမှုနဲ့ ကိုယ်ချင်းစာတရားတို့အတွက် ကျမရဲ့ စံနမူနာဖြစ်သလိုနဲ့ အံ့သြလောက်စရာ သာဓကပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
– နော်ဆာမူ၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN)